သူ့ကို ယူရို သန်း ၁၀၀ ဈေးသတ်မှတ်ထားတဲ့ ရှက်တာဒိုးနက် အသင်းကို အကြီးအကျယ် စိတ်ပျက်နေတဲ့ မူဒရစ်ခ်

အာဆင်နယ် အသင်း ရဲ့ ပစ်မှတ် မူဒရစ်ခ် ကတော့ သူ့ရဲ့ တန်ကြေး ကို ယူရို သန်း ၁၀၀( ပေါင် ၈၇.၅ သန်း ) သတ်မှတ်ခဲ့တဲ့ ရှက်တာဒိုးနက် အသင်း ရဲ့ လုပ်ရပ်အပေါ် အံ့အားသင့်မိပြီး စိတ်ပျက်မိတယ်လို့ ထုတ်ဖော် ပြောကြား လာခဲ့ပါတယ် ။

ဒီရာသီ ချန်ပီယံလိဂ် အုပ်စု အဆင့်မှာ စွမ်းဆောင်ရည်ကောင်းတွေ ပြသ နိုင်ခဲ့တဲ့ မူဒရစ်ခ် ကို ဥရောပ အသင်းကြီးကြီး တော်တော်များများ က စိတ်ဝင်စားနေကြပြီး အဲ့ဒီ အသင်းတွေထဲမှာ အာဆင်နယ် ၊ မန်ချက်စတာ စီးတီး နဲ့ နယူးကာဆယ် အသင်းတို့လည်း ပါဝင်ပါတယ် ။

အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီကတည်းက မူဒရစ်ခ် ကို ခေါ်ယူဖို့ ချိတ်ဆက် ကြိုးပမ်း နေခဲ့တာ ဖြစ်ပါတယ် ။ ရှက်တာ ဒိုးနက် အသင်းဘက်ကတော့ မူဒရစ်ခ် ကို ခေါ်ချင်ရင် ငွေကြေး အမြောက်အများ နဲ့ ကမ်းလှမ်းမှပဲ ရလိမ့်မယ်လို့ The Athletic UK နဲ့ အင်တာဗျူးမှာ ပြောကြား ထားပါတယ် ။

” မူဒရစ်ခ် ကို ဝယ်ချင်တဲ့အသင်းအနေနဲ့ ပိုက်ဆံ အမြောက်အများ ပေးမှပဲ ရမယ်ဆိုတာ ပြောချင်ပါတယ် ။ အဲ့ဒီလိုမှ မဟုတ်ရင် ကျွန်တော်တို့ ဥက္ကဋ္ဌကြီးက မူဒရစ်ခ် ကို လုံးဝ ရောင်းမှာ မဟုတ်ပါဘူး ၊ ကလပ် အသင်းအားလုံး အနေနဲ့ ကလပ် ဥက္ကဋ္ဌ ၊ ရှက်တာဒိုးနက် နဲ့ မူဒရစ်ခ် အပေါ် လေးစားမှု ရှိဖို့ လိုအပ်ပါတယ် ။ ”

” မူဒရစ်ခ် က ကျွန်တော် မြင်ဖူးသမျှ ထဲမှာ အကောင်းဆုံး ကစားသမားပါပဲ ၊ ဒါကြောင့် သူ့ရဲ့တန်ကြေးကလည်း မြင့်မှာပါ ၊ ဈေးကွက် က သူ့ရဲ့တန်ကြေး ကို ဆုံးဖြတ်တာပါ ၊ ကျနော် ဆုံးဖြတ်တာ မဟုတ်ပါဘူး ။ အန်တိုနီ ၊ ဂရီးလစ်ရှ် တို့ဆို ယူရို သန်း ၁၀၀ ကျော် ပေးခေါ်ရတဲ့ ကစားသမားတွေလေ ၊ ကျွန်တော့် အမြင်တော့ မူဒရစ်ခ် က သူတို့ထက် အရည်အသွေး မနိမ့်တဲ့ ကစားသမားပါ ။ ”

” ပြီးခဲ့တဲ့ အပြောင်းအရွှေ့တွေကို ကြည့်ကြည့်ပါ၊ ဈေးကွက်မှာ သူ့ရဲ့နေရာတူ ကစားသမား ဖြစ်တဲ့ ဆန်ချို အတွက် ဘယ်လောက် ပေးခဲ့ရသလဲ ၊ တန်ကြေး ကို ကျွန်တော်တို့ ဆုံးဖြတ်တာ မဟုတ်ပါဘူး ၊ ဒီကစားသမား ဘယ်လောက်တန်သလဲဆိုတာ ဈေးကွက် ကပဲ ဆုံးဖြတ်တာပါ ၊ ကျွန်တော်တို့ အပေါ် လေးစားမှုလေးတော့ ရှိစေချင်ပါတယ် ။ ” လို့ ပြောကြား ခဲ့တာပါ ။

မူဒရစ်ခ် ကတော့ ရှက်တာဒိုးနက် အသင်းရဲ့ အားကစား ဒါရိုက်တာ ပြောကြားမှုကို ဖတ်လိုက်ရချိန်မှာ တုန်လှုပ် စိတ်ပျက်သွားမိ​ကြောင်း တုန့်ပြန် ပြောကြား လိုက်ပါတယ် ။ ” ကျွန်တော် သူ့အင်တာဗျူးကို ဖတ်ပြီးပါပြီ ၊ ဈေးနှုန်းကို သိလိုက်ရချိန်မှာ အံ့ဩသွားတာ မဟုတ်ပါဘူး ၊ လုံးဝကို shock ရသွားခဲ့တာပါ ။ ကျွန်တော်က ရှက်တာ နဲ့ ကာလရှည်စာချုပ် ကျန်နေသေးသူပါ ။ ”

” ပြီးခဲ့တဲ့ နွေရာသီမှာကတည်းက ထိပ်တန်း ဥရောပ အသင်းတွေရဲ့ ကမ်းလှမ်းမှုကို ကျနော် ရခဲ့ပါတယ် ၊ ဒါပေမယ့် ကလပ်ဘက်က မရောင်းဖို့ ဆုံးဖြတ်ခဲ့ပြီး ကျနော် ကိုယ်တိုင်လည်း သူတို့ရဲ့ဆုံးဖြတ်ချက်ကိုလက်ခံ ပေးခဲ့ပါတယ် ။ ခင်ဗျားတို့လည်း သိကြမှာပါ ၊ ကစားသမားတိုင်းရဲ့ အိပ်မက်က ထိပ်တန်းလိဂ် ထိပ်တန်း အသင်းမှာ ကစားရရေးပါ ၊ ကျနော်လည်း တူတူပါပဲ ။ ”

” ဒါပေမယ့် ယူကရိန်း ကလပ် အသင်း က ကစားသမားကို ဘယ်အသင်း က သန်း ၁၀၀ ပေးပြီးခေါ်ချင်မှာလဲဗျာ ။ အဲ့ဒီ ဈေးသာဆို ကျနော့်ရဲ့အိပ်မက် က ဖြစ်လာဖို့ ရှိတော့မှာ မဟုတ်ပါဘူး ၊ ဒါကြောင့် ဒါရိုက်တာ ရဲ့အင်တာဗျူးကို ဖတ်ပြီးပြီးချင်းပဲ ကျနော်စိတ်ပျက်မိကြောင်း ခုလို မဖုံးမကွယ် ထုတ်ပြောတာပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM