ရော်နယ်ဒို အင်တာဗျူးလုပ်ခဲ့တဲ့ တစ်ခုတည်းသော အကြောင်းရင်းကို ထုတ်ဖော်လိုက်တဲ့ ပက်ထရစ်အီဗရာ

အိုးထရပ်ဖို့ဒ် ဂန္တ၀င် ပက်ထရစ်အီဗရာက ပြီးခဲ့တဲ့ ရက်ပိုင်းက ခရစ်စတီယာနိုရော်နယ်ဒို အင်တာဗျူး လုပ်ခဲ့တဲ့ အကြောင်းရင်းကို သုံးသပ်သွားခဲ့ပြီး ပေါ်တူဂီ စတား အနေနဲ့ မန်ယူနိုက်တက်မှာ နာကျင်ပြီး ဒေါသထွက်နေတာကြောင့်လို့ ဆိုလိုက်ပါတယ်။ ကမ္ဘာ့ဘောလုံး သမိုင်းတစ်လျှောက် အကြီးကြယ်ဆုံး ကစားသမားတွေ ထဲက တစ်ဦး အဖြစ် သတ်မှတ်ခံထားရတဲ့ ရော်နယ်ဒိုဟာ TalkTV ရဲ့ host ဖြစ်သူ ပီယာမော်ဂန်စ်နဲ့ explosive interview ကို ပြုလုပ်ခဲ့ပြီးနောက် လူတော်တော်များများက ပေါ်တူဂီ တိုက်စစ်မှုးဟာ ကလပ် အတွက် နောက်ဆုံးပွဲကို ကစားပေးခဲ့ပြီးပြီလို့ ယူဆထားခဲ့ကြပါတယ်။

မိနစ် ၉၀ ကြာ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ရော်နယ်ဒိုက သူ့အနေနဲ့ မန်ယူနိုက်တက် အသင်းရဲ့ သစ္စာဖောက်မှုကို ခံခဲ့ရတယ်လို့ ဆိုလိုက်တဲ့ အပြင် နည်းပြ အဲရစ်တန်းဟတ် ကိုလည်း လေးစားမှု မရှိဘူးလို့ ၀န်ခံသွားခဲ့ပါတယ်။ ဒါ့အပြင် ပေါ်တူဂီ စတားဟာ ဆာအဲလက်စ်ဖာဂူဆန် အနားယူပြီးနောက်ပိုင်း တိုးတက်မှု မရှိ ဖြစ်နေတဲ့ မန်ယူနိုက်တက် နဲ့ အသင်းကို လုံလောက်တဲ့ ထောက်ပံ့မှုတွေ မလုပ်ထားတဲ့ ဂလေဇာမိသားစု ကိုလည်း ဝေဖန်ခဲ့ပါသေးတယ်။

ဒီထဲမှာ မန်နေဂျာဟောင်း ရက်ဖ်ရန်းနစ် နဲ့ သူ့ကို ဝေဖန်မှုတွေ လုပ်ခဲ့တဲ့ ကစားသမားဟောင်းတွေ ဖြစ်တဲ့ ရွန်းနီ ၊ ဂယ်ရီနဗီး တို့ကိုလည်း ထိုးနှက်မှု လုပ်သွားခဲ့ပါတယ်။ ဒီအင်တာဗျူးကြောင့် ရော်နယ်ဒိုဟာ ဒီရက်ပိုင်းမှာ ပြင်းထန်တဲ့ ဝေဖန်မှုတွေ ရရှိနေပြီး ရီယိုဖာဒီနန်က သူ့အနေနဲ့ ပေါ်တူဂီ တိုက်စစ်မှုးနဲ့ ပက်သက်ပြီး ကာကွယ်မှု မလုပ်နိုင်သလို ဘလွန်းဒီအော ငါးဆုရှင် အနေနဲ့ အိုးထရပ်ဖို့ဒ်ကို ပြန်လာစရာ အကြောင်း မရှိတော့ဘူးလို့ ဆိုခဲ့ပါတယ်။

လီဗာပူး ဂန္တ၀င် ကာရေဂါ ကလည်း ရော်နယ်ဒိုဟာ ကိုယ့်ကိုကိုယ် အလုပ်ထုတ်ခံရဖို့ လုပ်နေတယ်လို့ သုံးသပ်လိုက်ပြီး အီဗရာ ကတော့ သူ့အနေနဲ့ ရော်နယ်ဒိုနဲ့ ပက်သက်ပြီး စာနာမိတယ်လို့ ဆိုသွားခဲ့ကာ နာကျင်မှု နဲ့ ဒေါသထွက်မှုတွေကြောင့် ဒီလို အင်တာဗျူးကို လုပ်ခဲ့တာလို့ ပြောလိုက်ပါတယ်။

အီဗရာက “အခုချိန်ဟာ ရော်နယ်ဒို အတွက် တကယ့်ကို နိမ့်ကျနေတဲ့ အခိုက်အတန့် ဖြစ်ပါတယ်။ သူ့ရဲ့ attitude နဲ့ ပက်သက်ပြီး ဝေဖန်နေတဲ့လူတွေ အများအပြား ရှိနေပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ ကျွန်တော်တို့ဟာ လူသားတွေပဲ မဟုတ်လား။ အမှားတွေ လုပ်တက်ကြပါတယ်။ ကျွန်တော် ဘယ်သူ့ကိုမှ ကာကွယ်ဖို့ ကြိုးစားနေတာ မဟုတ်ပါဘူး။ ဒါပေမယ့် တစ်ခါတစ်ရံ ရင်ထဲမှာ နာကျင်တဲ့ အခါမှာတော့ အမှားတွေ လုပ်တက်ကြပါတယ်။” လို့ ဆိုလိုက်ပါတယ်။

ရော်နယ်ဒိုဟာ လက်ရှိ အချိန်မှာ ကာတာ ကမ္ဘာ့ဖလား အတွက် ပေါ်တူဂီ အသင်းနဲ့ အတူ ပြင်ဆင်လျက် ရှိနေပြီး အီဗရာက “ကျွန်တော် ကတော့ ခရစ်စတီယာနိုရော်နယ်ဒိုဟာ ဒီအခွင့်အရေးကို အသုံးချကာ သူဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး ကစားသမား ဆိုတာကို ပြသသွားလိမ့်မယ်လို့ ထင်ပါတယ်။ နောက်ဆုံး ပွဲစဉ်မှာ သူဟာ ကိုယ့်ပရိတ်သတ်တွေရဲ့ boo လုပ်တာကို ခံခဲ့ရပြီး ဒါဟာ သူ့ကို တကယ် နာကျင်စေမှာပါ။ သူဟာ နိုင်ငံနဲ့ အတူ အောင်မြင်မှု တစ်ချို့ ရထားခဲ့ပြီးပါပြီ။ ဒါပေမယ့် ဒီပြိုင်ပွဲ ကတော့ သူ့အတွက် personal ဖြစ်လိမ့်မယ် ဆိုတာ သေချာပါတယ်။

ရော်နယ်ဒို အနေနဲ့ အသင်းအကြောင်းကို အရင် တွေးဖို့ လိုပါတယ်။ သူတို့ဟာ တောင့်တင်းတဲ့ လူစာရင်း ရှိနေကာ ပေါ်တူဂီဟာ လူတွေကို အံ့အားသင့်အောင် လုပ်နိုင်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ ပေါ်တူဂီဟာ လက်ရှိမှာ ဒေါသထွက်နေတဲ့ ရော်နယ်ဒိုကို ပိုင်ဆိုင်ထားပါတယ်။ ရော်နယ်ဒိုဟာ လက်ရှိမှာ ဗိုလ်စွဲနိုင်ဖို့ ၊ ဂိုးတွေ သွင်းယူဖို့နဲ့ သူဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမား ဆိုတာကို သက်သေပြဖို့ ဒေါသထွက်နေပါတယ်။ ကျွန်တော် ကတော့ ဒါဟာ အသင်း အပေါ် သက်ရောက်မှု မရှိစေဖို့ မျှော်လင့်ပါတယ်။

ဒါဟာ သူ့ရဲ့ နောက်ဆုံး ကမ္ဘာ့ဖလား ဖြစ်ပါတယ်။ ဒီရာသီ ယူနိုက်တက်မှာ ဖြစ်ပျက်ခဲ့တဲ့ အရာတွေကြောင့် သူဟာ ဒီပြိုင်ပွဲကို စတင်ဖို့ မစောင့်နိုင်လောက်အောင် ဖြစ်နေမှာပါ။ သူ့ရဲ့ ခေါင်းထဲမှာ အကောင်းဆုံး လေ့ကျင့်ကာ အသင့် ဖြစ်နေဖို့ပဲ ရှိနေမှာပါ။” လို့ ဆိုလိုက်ပါတယ်။

SM