တန်ကြေး အ​မြင့်ဆုံး အသင်း နှင့် ကစားသမား ထွက်ပေါ်လာ

CIES Football Observatory ရဲ့ဖော်ပြချက်အရ လက်ရှိ ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ တန်ကြေး အမြင့်မားဆုံး အသင်းဟာ အင်္ဂလန် လက်ရွေးစင် အသင်း ဖြစ်တယ်လို့ သိရပါတယ် ။

CIES က ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် အင်္ဂလန် အသင်း ကစားသမားအားလုံးရဲ့စုစုပေါင်း တန်ကြေးဟာ ပေါင် ၁.၃၁ ဘီလီယံ အထိ ရှိတယ်လို့ ခန့်မှန်း တွက်ချက်လိုက်ပြီး အင်္ဂလန် ရဲ့နောက်မှာ ဘရာဇီး(ပေါင် ၁.၂၇ ဘီလီယံ) ၊ ပြင်သစ်(ပေါင် ၁.၁၇ ဘီလီယံ) ၊ စပိန်(ပေါင် ၁.၀၅ ဘီလီယံ) တို့ ရှိနေကြပါတယ် ။

သူတို့ရဲ့ နောက်မှာတော့ ပေါ်တူဂီ(ပေါင် ၁.၀၁ ဘီလီယံ) ၊ ဂျာမနီ (ပေါင် ၈၉၃.၂ သန်း) ၊ နယ်သာလန်(ပေါင် ၆၆၂ သန်း) တို့ ရှိနေကြပြီး ဗိုလ်စွဲရန် ဒုတိယ ရေပန်းအစားဆုံး အသင်း ဖြစ်နေတဲ့ အာဂျင်တီးနား အသင်းရဲ့ စုစုပေါင်း တန်ကြေးကတေ့ာ ပေါင် ၅၁၆.၇ သန်း ရှိတယ်လို့ ခန့်မှန်း တွက်ချက် ထားပါတယ် ။

အင်္ဂလန် အသင်းရဲ့ တန်ကြေးဟာ အာဂျင်တီးနား အသင်းရဲ့ တန်ကြေး ထက် နှစ်ဆကျော် ပိုများနေသလို ၊ ဝေးလ်စ် အသင်းထက် ရှစ်ဆ ၊ ကော်စတာရီကာ အသင်းထက် ၆၅ ဆ ပိုများနေတာပါ ။ ပြိုင်ပွဲဝင် အသင်း ၃၂ သင်း ထဲမှာ တန်ကြေး အနည်းဆုံး အသင်းကတော့ ကော်စတာရီကာ အသင်းဖြစ်ပြီး ကစားသမား အားလုံး စုစုပေါင်းမှ ပေါင် ၂၀.၁၄ သန်းသာ တန်ကြေး ရှိပါတယ် ။

ကစားသမားထဲမှာ တန်ကြေး အမြင့်မားဆုံး ကစားသမားကတော့ အင်္ဂလန် အသင်း နဲ့ ဒေါ့မွန် ကွင်းလယ် ကြယ်ပွင့် ဘယ်လင်ဟမ် ဖြစ်ပြီး ပေါင် ၁၇၆.၉ သန်း အထိ ရှိနေပါတယ် ။ ဒီပမာဏ ဟာ ဒေါ့မွန် အသင်း လိုချင်တဲ့ ပမာဏ ထက် ပေါင် သန်း ၅၀ ကျော် ပိုများနေတာ ဖြစ်ပါတယ် ။

ရီးယဲလ် မက်ဒရစ် အသင်းရဲ့တောင်ပံ ကစားသမား ဗင်နီးရှပ် ဂျူနီယာ ကတော့ တန်ကြေး ပေါင် ၁၇၆ သန်း နဲ့ ဒုတိယနေရာမှာ ရပ်တည် နေပါတယ် ။ ဗင်နီးရှပ် ရဲ့နောက်မှာတော့ ဘာပေး(ပေါင် ၁၆၂ သန်း) ၊ ပက်ဒရီ( ပေါင် ၁၃၈.၆ သန်း) ၊ မူစီယာလာ(ပေါင် ၁၃၂.၂၃ သန်း) နဲ့ ဗယ်ဗာဒီ(ပေါင် ၁၀၇.၇ သန်း) တို့ အသီးသီး ရပ်တည် နေကြပါတယ် ။

SM