ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ စောင့်ကြည့်ရမယ့် လူငယ်ကြယ်ပွင့်လေးများ

ကမ္ဘာ့ဖလားပြိုင်ပွဲဟာ လူငယ်ဘောလုံးသမားလေးတွေ အတွက် ကြုံတောင့်ကြုံခဲ အခွင့်အရေးကြီးပါပဲ ။ ၄ နှစ်မှ တခါ အားပြိုင်ရတဲ့ အမြင့်ဆုံး ပြိုင်ပွဲကြီးမှာ ပါဝင်ခွင့် ရတာတင်ပဲ လူငယ်တွေ အတွက် တကယ်ကြီးမားတဲ့ အောင်မြင်မှု ဖြစ်နေပါပြီ ။ ကမ္ဘာ့ဖလားမှာ ခြေစွမ်းပြနိုင်မယ် ဆိုရင်တော့ အတိုင်းထက် အလွန်ပါပဲ ။

ကမ္ဘာ့ဖလားမှာ တောက်ပတဲ့ လူငယ်လေးတွေ အများကြီး ပေါ်ထွက်ခဲ့ဖူး ပါတယ် ။ ၁၉၉၈ တုန်းကဆိုရင် ၂၂ နှစ်သာ ရှိသေးတဲ့ ရိုနယ်ဒို ဟာ ဘရာဇီး တိုက်စစ်ကို ဦးဆောင်ပြီး ဗိုလ်လုပွဲ အထိ ပို့ဆောင်ပေး နိုင်ခဲ့ပါတယ် ။

ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလား မှာ ဆိုရင်လည်း ပြင်သစ် တိုက်စစ်မှူးလေး ခီလီယံ အမ်ဘာပေ ဟာ အထူး ခြေစွမ်းပြ ခဲ့ပြီး ပြင်သစ် ကမ္ဘာ့ချန်ပီယံ ဖြစ်ရေးမှာ အဓိက ကျတဲ့ အခန်းကဏ္ဍ ကနေ ပါဝင်ခဲ့ပါတယ် ။ အဲ့ဒိ တုန်းက ဘာပေ ရဲ့ အသက် က ၂၀ ပဲ ရှိသေးတာပါ ။ ဘောလုံးဂန္ထဝင်ကြီး ပီလီ ဆိုရင်လည်း လူငယ်လေး အဖြစ်နဲ့ ကမ္ဘာ့ဖလား အောင်ပွဲကို ရယူနိုင်ခဲ့တာပါ ။

အခု ကာတာ ကမ္ဘာ့ဖလား မှာလည်း လူငယ် ဘောလုံးသမား အများအပြား ပါဝင်လို့ နေပါတယ် ။ အဲ့ဒိ အထဲကမှ ခြေစွမ်းပြ ကစားနိုင်ကြလိမ့်မယ်လို့ ထင်ကြေးပေးထားတဲ့ လူငယ်စတားလေးတွေရဲ့ အကြောင်းကို ရွေးထုတ် ဖော်ပြပေးလိုက်ရပါတယ် ။

စလိုက်ကြရအောင်ဗျာ

ပထမဆုံး ရွေးထုတ်ထားတဲ့ လူငယ်စတား ကတော့ ကိုဒီ ဂတ်ပို ပါပဲ ။ နွေရာသီ တုန်းက ပရီးမီးယားလိဂ် ကို ရောက်လုနီးပါး ဖြစ်ခဲ့တဲ့ ဂတ်ပို ဟာ နယ်သာလန် ရဲ့ အနာဂါတ်မျိုးဆက်သစ် ဘောလုံးသမားတွေထဲမှာ တိုးတက်မှု အရှိဆုံးလို့ သတ်မှတ် ခံထားရပါတယ် ။ အထူးသဖြင့် ဒီနှစ်ထဲမှာ ဂတ်ပို ဟာ PSV မှာရော နယ်သာလန် အသင်းမှာပါ အကောင်းဆုံး ကစားပြနေပါတယ် ။ ဥရောပ ထိပ်တန်းလိဂ် ၇ ခု ထဲမှာ ဂတ်ပို ဟာ ဂိုးဖန်တီးမှု အများဆုံး ကစားသမား အဖြစ် ရှိနေသလို ဂိုးပါဝင်ပတ်သက်မှု မှာလည်း အများဆုံး အဖြစ် မန်စီးတီး တိုက်စစ်မှူး ဟာလန်း နဲ့ ပူးတွဲ ရပ်တည်နေခဲ့ ပါတယ် ။

ရှေ့တန်း နဲ့ ကွင်းလယ် တောင်ပံ ၊ ကွင်းလယ် ဗဟို နေရာတွေသာမက လိုအပ်လာရင် False 9 အဖြစ်နဲ့ပါ ကစားနိုင်တဲ့ ဂတ်ပို ဟာ လူးဝစ် ဗန်ဟား ရဲ့ နယ်သာလန် အသင်းမှာ စွယ်စုံအသုံးဝင်တဲ့ ဂျိုကာ တကောင် အဖြစ် ရှိနေမှာ သေချာပါတယ် ။

နောက်တယောက် ကတော့ ဖက်ဒရီကို ဗယ်ဗာဒီ ပါ ။ အမှန်တော့ ဗယ်ဗာဒီ က ၂၄ နှစ် ရှိပါပြီ ။ အခု စာရင်းထဲမှာ အသက်အကြီးဆုံးပါ ။ ဒါပေမယ့် ကမ္ဘာ့ဖလားကို ပထမဆုံး ကစားခွင့်ရတဲ့သူလည်းဖြစ် ၊ ခြေစွမ်းပြ နိုင်တဲ့ အလားအလာလည်း များတာကြောင့် ဗယ်ဗာဒီ ကို အခုစာရင်းထဲမှာ ထည့်ထားရတာပါပဲ ။

မနှစ်တုန်းက ရီးရဲ ကို ချန်ပီယံလိဂ် မှာ ဗိုလ်စွဲစေမယ့် အနိုင်ဂိုးကို ဖန်တီးပေးခဲ့တဲ့ ဗယ်ဗာဒီ ဟာ ဒီနှစ် မှာတော့ ရီးရဲ ရဲ့ အဓိက ကစားသမား တယောက် အဖြစ် ခြေစွမ်းပြလို့ နေပါတယ် ။ ဗယ်ဗာဒီ ၁၀ ဂိုး မသွင်းရင် သူ ထွက်မယ်ဆိုတဲ့ အန်ဆယ်လော့တီ ရဲ့ ရီးရဲ နည်းပြ ရာထူးအတွက်လည်း စိတ်အေးလို့ သွားရပါပြီ ။

ကာဗာနီ ၊ ဆွာရက် တို့ အကျဘက်ရောက်နေတဲ့ ယူရဂွိုင်း မှာ ဗယ်ဗာဒီ က အားထားရတဲ့ မျိုးဆက်သစ် ဘောလုံးစတား တယောက် ဖြစ်လာခဲ့ ပါတယ် ။ ဒီကမ္ဘာ့ဖလားမှာ ယူရဂွိုင်း တို့ ဗယ်ဗာဒီ ဆီက ဘယ်လောက်ထိ ရနိုင်မလဲ ဆိုတာ စောင့်ကြည့်ရမှာပါ ။

ယူဗင်တပ် မှာ ဂိုးတွေ သွင်းနေတဲ့ ဆားဘီးယား တိုက်စစ်မှူး ဒူဆန် ဗလာဟိုဗစ် ကလည်း စောင့်ကြည့်ရမယ့် လူငယ် တယောက်ပါပဲ ။ ဝါရင့် တိုက်စစ်မှူးကြီး မီထရိုဗစ် ဒဏ်ရာ ရထားပြီး ကြံ့ခိုင်မှု မပြည့်၀ နိုင်တဲ့ အနေအထားမှာ ဆားဘီးယား တိုက်စစ်တာဝန်က ဗလာဟိုဗစ် ဆီကို ရောက်ရှိလာခဲ့ ပါပြီ ။ အီတလီ စီးရီးအေ မှာလိုမျိုး ဂိုးတွေ သွင်းပြီး ဆားဘီးယား ကို နောက်တဆင့် တက်အောင် ဗလာဟိုဗစ် ကူညီ ပေးနိုင်မလား ၊ စိတ်ဝင်စားစရာပါပဲ ။

ဝီလ်ယံ ဆလီဘာ ကိုလည်း ဒီစာရင်းထဲ ထည့်ချင်ပါတယ် ။ အသက် ၂၁ နှစ်သာ ရှိသေးပေမယ့် ပြင်သစ် ခံစစ်မှူးလေး ဟာ ဒီရာသီ ပရီးမီးယားလိဂ် ရဲ့ စွမ်းဆောင်ရည် အကောင်းဆုံး နောက်ခံလူ ဖြစ်နေပါတယ် ။ အာဆင်နယ် အဆင့် ၁ နေရာကို ရယူထားနိုင်မှုမှာ ဆလီဘာ ရဲ့ ခံစစ်စွမ်းဆောင်ရည်က အဓိက ကျခဲ့ပါတယ် ။ ရှေ့ကို တက်ပြီး ဂိုးပါ သွင်းနိုင်တဲ့ ဆလီဘာ ဟာ ကင်ပမ်ဘီ ဒဏ်ရာရပြီး နှုတ်ထွက် သွားတဲ့ ပြင်သစ် လက်ရွေးစင် အသင်းရဲ့ ခံစစ်မှာ တနေရာ ရဖို့ စောင့်ဆိုင်းနေသူပါ ။ ဝါရင့်ကြီး ဗာရန်း ၊ ဘာဆာ က ခွန်ဒး တို့နဲ့ အတူ ၃ ယောက်တန်း ခံစစ်မှာ ဆလီဘာ နေရာရပြီး ကမ္ဘာ့ဖလားမှာ ခြေစွမ်းပြနိုင်မလား ဆိုတာကတော့ . . . .

ဗီနီဆီယပ် ဂျူနီယာ အကြောင်းကတော့ မိတ်ဆက်ပေးဖို့ လိုမှာ မဟုတ်ပါဘူး ။ ဘောလုံးစတားတွေ အများကြီး ပါဝင်တဲ့ ဘရာဇီး လက်ရွေးစင် ဘောလုံး အသင်းရဲ့ ဘယ်တောင်ပံ နေရာကို အပိုင်စား ရထားတဲ့သူ ၊ ဒီနှစ် ရွှေဘောလုံး ဆုပေးပွဲမှာ Top 10 ဝင်ခဲ့တဲ့သူ ၊ ချန်ပီယံလိဂ် ရဲ့ အကောင်းဆုံး လူငယ်ဆုရှင် ၊ အနာဂါတ် ရွှေဘောလုံးဆုကို ဟာလန်း ၊ ဘာပေ တို့နဲ့ အားပြိုင်ရမယ့်သူ ၊ နေမာ ဒင်ညို တို့ရဲ့ အမွေကို ဆက်ခံမယ့် ဘရာဇီးသား စတဲ့ ဂုဏ်ပြု ချီးမွမ်းမှုတွေ ပြည့်နှက်နေတဲ့ ဗီနီဆီယပ် ရဲ့ ဆမ်ဘအကတွေကို ကာတာမြေပေါ်မှာ မြင်ရနိုင်မလား ဆိုတာ စိတ်ဝင်စားဖွယ် စောင့်ကြည့်ကြပါစို့ဗျာ . . .

အန်ဆု ဖာတီ ၊ ပက်ဒရို ဂွန်ဇာလက် တို့ ကိုလည်း မိတ်ဆက်ပေးဖို့ မလိုပါဘူး ။ ဘာစီလိုနာ ရဲ့ အကယ်ဒမီ ထွက်လေးတွေ ဖြစ်သလို အနာဂါတ် မှာ မက်ဆီ ၊ ဇာဗီ တို့လို အောင်မြင်မယ့် ကစာသမားတွေ ဖြစ်လာမှာ လို့ ထင်ကြေးပေး ခံထားရသူတွေလည်း ဖြစ်ပါတယ် ။ လူးဝစ် အန်နရီကေး ရဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် စပိန် အသင်းမှာလည်း အထိုက်အလျောက် ပါဝင်ခွင့် ရကြမှာပါ ။ အခွင့်အရေးကို ဘယ်လောက်ထိ အသုံးချနိုင်မလဲ ဆိုတာကတော့ သူတို့လေးတွေ အပေါ်မှာပဲ မူတည်နေမှာပါ ။

ဂါဗီ ကိုတော့ ဒီစာရင်းထဲ မထည့်ချင်ပါဘူး ၊ ဘာလို့လည်း ဆိုတော့ လူငယ်လေး ကစားရမယ့် မိနစ် က ကျန်တဲ့သူတွေနဲ့ ယှဉ်ရင် အရမ်းနည်းနိုင်တာ ကြောင့်ပါပဲ ။

ကနေဒါ နဲ့ ကမ္ဘာ့ဖလား ကို မြည်းစမ်းမယ့် အယ်လ်ဖွန်ဆို ဒေဗီးစ် ကိုလည်း ချန်ထားလို့ မဖြစ်ပါဘူး ။ လွန်ခဲ့တဲ့ ၃ နှစ်လောက် ကတည်းက ကမ္ဘာ့အဆင့် နောက်ခံလူ အဖြစ် ခြေစွမ်းပြ နေတဲ့ အယ်လ်ဖွန်ဆို ဟာ သူ့ရဲ့ လျှင်မြန်မှုကြောင့် နာမည်ကျော်ခဲ့ ပါတယ် ။ ကနေဒါ အသင်းမှာတော့ အယ်လ်ဖွန်ဆို က ရှေ့တန်းမှာ ကစားတာပါ ။ ဂါရတ်ဘေးလ် ငယ်ငယ်တုန်းကလိုပါပဲ ။ ကနေဒါ ကို ကမ္ဘာ့ဖလား နဲ့ ဒုတိယ အကြိမ် မိတ်ဆက်ပေးခဲ့တဲ့ အယ်လ်ဖွန်ဆို တယောက် ကာတာမြေပေါ်မှာရော ဘယ်လို အခြေအနေ ရှိမလဲဆိုတာ စောင့်ကြည့်ရမှာပါ ။

ယူရို ၂၀၂၀ တုန်းက ပင်နယ်တီ မဝင်ခဲ့လို့ ဗီလိန် ဖြစ်ခဲ့တဲ့ နောက်မှာ ဘူကာယို ဆာကာ တယောက် တောက်လျောက် ပုံစံကောင်းတွေ ပြလာခဲ့ ပါတယ် ။ မနှစ်က ရာသီမှာရော ဒီနှစ် ရာသီမှာပါ ဆာကာ က အာဆင်နယ် အတွက် အားထားရတဲ့ ကစားသမား အဖြစ် ရှိနေခဲ့တာပါ ။ တောင်ပံ ၂ ဘက် စလုံး ကစားနိုင်တဲ့ အပြင် လိုအပ်လာရင် Wing-back အဖြစ်နဲ့ပါ ကစားနိုင်တာက ဆာကာ ရဲ့ အားသာချက်ပါပဲ ။ အခု ကမ္ဘာ့ဖလားမှာ အင်္ဂလန်ရဲ့ နောက်ခံ အစွန်လူတွေ က ကြံ့ခိုင်မှု အပြည့် မရှိကြပါဘူး ။ ဒါဟာ ရှေ့တန်းမှာ နေရာ ရဖို့ မသေချာတဲ့ ဆာကာ အတွက် အခွင့်အရေး ဖြစ်လာနိုင်မလား ၊ ဒီအခွင့်အရေး ရလဒ်ရင်ရော ဆာကာ ဘယ်လို အကျိုးရှိရှိ အသုံးချပြမလဲဆိုတာ အာဆင်နယ် ပရိသတ်တွေ သိချင်နေကြမှာပါ ။

ဆာကာ ရဲ့ ကလပ် အသင်းဖော် မာတင်နယ်လီ ကလည်း ဘရာဇီး နဲ့ ကမ္ဘာ့ဖလားမှာ ခြေစွမ်းပြဖို့ မစောင့်နိုင်အောင် ဖြစ်နေလောက်ပါပြီ ။ ဒီရာသီ အာဆင်နယ် မှာ ပုံစံအကောင်းဆုံး ကစားသမား တယောက် ဖြစ်တဲ့ မာတင်နယ်လီ ကတော့ ဘယ်ခြမ်းမှာ ကစားတာဖြစ်လိ့ု ဗီနီဆီယပ် ကို ကျော်ပြီး နေရာရဖို့တော့ ခက်ခဲမှာပါ ။

အင်္ဂလန် အကြောင်းပြောရင် ဖီးလ်ဖိုဒန် ကို ချန်လှပ် ထားလို့ မဖြစ်ပါဘူး ။ အင်္ဂလန် အနာဂါတ် ရဲ့ အထွန်းတောက်ဆုံး ကြယ်ပွင့်လို့ သတ်မှတ်ခံထားရတဲ့ ဖိုဒန် ဟာ အရင်နှစ်တွေတုန်က ဂိုးတွေ အများကြီး မသွင်းနိုင် သေးပေမယ့် သူ့ရဲ့ ပါဝင် ပတ်သက်မှု ၊ ကွင်းထဲမှာ နေရာစုံ ရွေ့လျား ကစားနိုင်မှု နဲ့ အသင်းဖော်တွေ နဲ့ အချိတ်အဆက် လုပ်နိုင်မှုတွေဟာ အင်္ဂလန် အတွက်ရော မန်စီးတီး အတွက်ပါ အကျိုး ဖြစ်စေခဲ့ ပါတယ် ။ ဒီနှစ်မှာတော့ ဂိုးသွင်းအားပါ ကောင်းလာခဲ့ပါပြီ ။ အခု ကမ္ဘာ့ဖလားရဲ့ ထွန်းတောက် လူငယ်တွေထဲမှာ ဖိုဒန် ပါဝင်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါပဲ ။

ပေါ့ဘာ နဲ့ ကန်တီ တို့ မပါနိုင်တော့တာဟာ ကမ္ဘာ့ဖလားကို ကာကွယ်မယ့် လက်ရှိ ချန်ပီယံ ပြင်သစ် ကို အားလျော့စေခဲ့ပါတယ် ။ ဒီ ဝါရင့် ၂ ယောက် မရှိတော့တာကြောင့် ကွင်းလယ် တာဝန်တွေဟာ အက်ဒွာဒို ကာမာဗင်ဂါ ရဲ့ ပုခုံးပေါ် ကို ကျရောက်လာတော့တာပါပဲ ။ ရီးရဲ အနာဂါတ် ကွင်းလယ်မျိုးဆက်သစ် ထဲက တယောက် ဖြစ်တဲ့ ကာမာဗင်ဂါ ဟာ ကလပ် အသင်းဖော် ချူအာမန်နီ နဲ့ အတူ ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် ပြင်သစ် အသင်းရဲ့ ကွင်းလယ်ကို ဦးဆောင် ကစားရတော့မှာပါ ။ အသက် ၂၀ တည်းနဲ့ ဒီလို ကစားရတော့မယ့် ကိစ္စဟာ ကာမာဗင်ဂါ အတွက် တကယ်ကြီးမားတဲ့ အခွင့်အရေးပါပဲ ။ ၂၀၁၄ တုန်းက ပေါ့ဘာ ကိုတောင် သွားသတိရမိပါတယ် ။ အဲ့တုန်းက ပေါ့ဘာ ဟာ ပြိုင်ပွဲရဲ့ အကောင်းဆုံး လူငယ်ဆု ကို ရခဲ့ပါတယ် ။ ဒီတကြိမ် ရော ကာမာဗင်ဂါ တယောက် ပေါ့ဘာ လို ဘောလုံးအရည်အသွေးတွေ ထုတ်ပြပြီး ပရိသတ်တွေရဲ့ နှစ်သက်မှု ကို ရယူနိုင်မလားဆိုတာ မကြာခင် သိရတော့မှာပါ

ပေါ်တူဂီ က ရာဖေး လီယို နဲ့ ဂိုးသမား ဒီယေဂို ကော်စတာ တို့ကလည်း စောင့်ကြည့်ရမယ့် သူတွေပါ ။ အေစီမီလန် မနှစ်တုန်းက စီးရီးအေ ချန်ပီယံ ဖြစ်အောင် ရာဖေး လီယို ရဲ့ ဂိုးတွေက အဓိက စွမ်းဆောင်ပေး ခဲ့တာပါ ။ အခုလည်း အကျဘက် ရောက်နေတဲ့ ခရစ္စတီယာနို ရိုနယ်ဒို ပုခုံးပေါ်က ပေါ်တူဂီ ရဲ့ ဂိုးသွင်း တာဝန်ကို ရာဖေး လီယို မျှယူ နိုင်မလားဆိုတာ စိတ်ဝင်စားစရာပါပဲ ။

၂၀၂၂ ထဲမှာ ပင်နယ်တီ အလုံး ၂၀ ကျော် ကာကွယ်ထားတယ်ဆိုတဲ့ မှတ်တမ်းဟာ နယ်နယ်ရရတော့ မဟုတ်ပါဘူး ။ ဒါကြောင့်လည်း မန်ချက်စတာ ယူနိုက်တက် က ဒါးဗစ် ဒဟဲယား ရဲ့ နေရာကို အစားထိုးဖို့ ပစ်မှတ် ထားနေတာပါ ။ အဲ့ဒိလူ ကတော့ ပေါ်တို ဂိုးသမား ဒီယေဂို ကော်စတာ ပါပဲ ။ အခု ကမ္ဘာ့ဖလားမှာ ပေါ်တူဂီ ဂိုးပေါက်ကို ကော်စတာ စောင့်ကြပ်ခွင့် ရနိုင်မလား ဆိုတာ စောင်ံကြည့်ရအောင်ဗျာ ။

၂၀၁၈ ရဲ့ စူပါစတားလေးကိုလည်း ချန်ထားလို့ မဖြစ်ပါဘူး ၊ ဟုတ်ပါတယ် ။ ခီလီယံ အမ်ဘာပေ ကိုယ်တိုင်ပါပဲ ။ လွန်ခဲ့တဲ့ ၄ နှစ်တုန်းက အသက် ၂၀ တည်းနဲ့ ခြေစွမ်းပြခဲ့တဲ့ ဘာပေ ဟာ အခုချိန်ထိလည်း ကမ္ဘာ့အဆင့် အရည်အသွေးတွေကို ပိုင်ဆိုင်ထားဆဲပါ ။ PSG မှာ ထိပ်တန်း ဂိုးသွင်းသူ အဖြစ် ရှိနေသလို ပြင်သစ် အသင်း မှာလည်း ဘာပေ ရဲ့ ဂိုးတွေက အရေးပါနေဆဲပါ ။ UEFA နေးရှင်းလိဂ် တုန်းကလည်း ဘန်ဇီးမား နဲ့ အတွဲညီညီ ဂိုးတွေ သွင်းပြခဲ့ ပြီးပါပြီ ။ ဒီတခါ ရော ဘာပေ ကမ္ဘာ့ဖလားမှာ ဘာတွေ ဘယ်လို စွမ်းဆောင်ပြ ဦးမှာလဲ ၊ လွန်ခဲ့တဲ့ ၄ နှစ်တုန်းက လူငယ်ဆု ရခဲ့တဲ့ ဘာပေ တယောက် ဒီ တခါ Player of the tournament ဆုကို ဆွတ်ခူး သွားနိုင်မလား . . . . . စိတ်ဝင်စားဖို့ ကောင်းနေမှာပါ ။

နောက်ဆုံး တယောက် မဟုတ်သေးတဲ့ နောက်ထပ် လူငယ်စတား ကတော့ ဂျုဒ် ဘယ်လင်ဂမ် ပဲ ဖြစ်ပါတယ် ။ ရီးရဲ မက်ဒရစ် လို အင်အားကြီးကလပ်အသင်း ၊ ချန်ပီယံလိဂ်ရဲ့ ပြိုင်ဘက်ကင်းချန်ပီယံကြီး က အနာဂါတ် စီမံကိန်း ရဲ့ နံပါတ် ၁ ပစ်မှတ်အဖြစ် သတ်မှတ် ခံထားရတာနဲ့တင် ဘယ်လင်ဂမ် ဘယ်လိုလူမျိုးလဲ ဆိုတာ တွေးကြည့်လို့ရနိုင်ပါတယ် ။

ဒေါ့မွန် မှာ ကစားနေတဲ့ ဘယ်လင်ဂမ် ဟာ ဒီဘက်နှစ်တွေမှာ အရွယ်နဲ့ မလိုက်အောင် ရင့်ကျက်လာပြီး ခြေစွမ်းကလည်း အရမ်းတိုးတက်လာပါတယ် ။ အခုဆိုရင် ဒေါ့မွန် အသင်းခေါင်ဆောင် လက်ပတ်ကိုပါ ဝတ်ဆင် ကစားနေရပါပြီ ။ အင်္ဂလန် အသင်း နေးရှင်းလိဂ် ကနေ တန်းဆင်းရတုန်းကလည်း ဘယ်လင်ဂမ် တယောက်သာ အဝေဖန် လွတ်ခဲ့တာပါ ။

အခု ကမ္ဘာ့ဖလား မှာလည်း ၁၉ နှစ်ပဲ ရှိသေးတဲ့ အင်္ဂလန် ကွင်းလယ်စတားလေး ရဲ့ အရည်အသွေးတွေကို ဘောံလုံးကမ္ဘာကြီးက အသေအချာ ရှုစားခွင့် ရရှိတော့မှာပါ ။

နောက်ဆုံး ဖော်ပြမယ့် လူငယ် ဘောလုံးစတား က ဂျာမဲ မူစီယာလာ က လွဲရင် ဘယ်သူများ ဖြစ်နိုင်မှာလဲ ။
Golden Boy ဆု ၊ လူငယ် ရွှေဘောလုံးဆုတွေမှာ ဂါဗီ ထက် ပိုပြီး ရသင့်တယ်လို့ အများက ထင်ကြေး ပေးခံ ခဲ့ရတဲ့ မူစီယာလာ ဟာ ဘိုင်ယန်မြုးနစ် နဲ့ အစွမ်းကုန် တောက်ပ နေပါတယ် ။

အထူးသဖြင့် Golden Boy, ရွှေဘောလုံးဆုပေးပွဲတွေ အပြီးမှာ မူစီယာလာ တယောက် ပွဲတိုင်းလိုလို ဂိုးသွင်းရင် သွင်း မသွင်းရင် ဖန်တီးမှုတွေ ပြုုလုပ်နေပြီး သူဟာ ဆုတွေနဲ့ ထိုက်တန်သူ ဖြစ်ကြောင်းကို တပတ်ပြီး တပတ် သက်သေပြလို့နေပါတယ် ။

အခု ကမ္ဘာ့ဖလား မှာလည်း ငါက ဂျာမဲ မူစီယာလာ ၊ အနာဂါတ် ရဲ့ အကောင်းဆုံး ဘောလုံးသမား တယောက် ဆိုတာကို ထပ်မံ သက်သေပြဖို့ ဂျာမနီ အသင်းနဲ့ အတူ ချီတက် လာခဲ့ပါပြီ ။

၁၉ နှစ်ပဲ ရှိသေးတဲ့ မူစီယာလာ တယောက် ကမ္ဘာ့ဖလား စင်မြင့်ထက်မှာ ဘယ်လောက်ထိ တောက်ပနိုင်မလဲ ဆိုတာ စောင့်ကြည့်ဖို့ လုံး၀ ထိုက်တန်နေမှာ အသေအချာပါပဲ . . . . . ။

SPORTS MYANMAR