ကမ္ဘာ့ဖလားမှာ ဘယ်လ်ဂျီယမ်ထက် ပိုကောင်းပြီး ချန်ပီယံ ဖြစ်ဖို့ ရေပန်းအစားဆုံး ဖြစ်နေတဲ့ အသင်း ၃သင်းရဲ့ အမည်ကို ထုတ်ဖော် ပြောဆိုလိုက်တဲ့ အီဒင် ဟာဇက်

ဘယ်လ်ဂျီယမ် လက်ရွေးစင် အသင်းဟာ မကြာခင်မှာ စတင်တော့မယ့် ကာတာ ကမ္ဘာ့ဖလားရဲ့ အုပ်စု F မှာ ခရိုအေးရှား ၊ ကနေဒါ ၊ မော်ရိုကို အသင်းတွေနဲ့ အတူ ကျရောက်လျက် ရှိနေပါတယ် ။ ဘောလုံး အင်အားကြီး နိုင်ငံ အသင်း ဖြစ်တာနဲ့ အညီ ဘယ်လ်ဂျီယမ်ဟာ ဒီတကြိမ် ကမ္ဘာ့ဖလားမှာလည်း ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်း တသင်း အဖြစ် ရပ်တည်နေပါတယ် ။

ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားမှာ တတိယဆုနဲ့သာ ကျေနပ်ခဲ့ရတဲ့ ဘယ်လ်ဂျီယမ် ဟာ ရွှေရောင်မျိုးဆက်ရဲ့ နှောင်းပိုင်း ကာလကို ရောက်လာပေမယ့် ၊ ကစားသမား အင်အားနဲ့ အတွေ့အကြုံ အရ ချန်ပီယံဆုကို စိန်ခေါ်စွမ်း ရှိနေပါသေးတယ် ။

ဒီတော့ အုပ်စု F ရဲ့ ဗိုလ်နေရာ မဟုတ်ရင်တောင် ဘယ်လ်ဂျီယမ်တို့ ၁၆သင်း ရှုံးထွက်အဆင့်သို့ သေချာပေါက် တက်ရောက်နိုင်ဖို့ မျှော်မှန်းရပြီး ၊ ၄င်းတို့ရဲ့ အနိမ့်ဆုံး ပစ်မှတ်က ဆီမီးဖိုင်နယ် အဆင့် ရှိဖို့ လိုအပ်မှာ ဖြစ်ပါတယ် ။

ဘယ်လ်ဂျီယမ် အသင်းခေါင်းဆောင် ဖြစ်သူ ရီးရဲလ်မက်ဒရစ် ဝါရင့် တောင်ပံ ကစားသမား အီဒင် ဟာဇက်ကတော့ ယခု တကြိမ် ကမ္ဘာ့ဖလားမှာ ၄င်းတို့ထက် ပိုအင်အားကြီးတဲ့ အသင်း ၃သင်း ရှိနေကြောင်းနဲ့ ချန်ပီယံဆု အတွက် ရေပန်းစားတဲ့ ထိပ်ဆုံးက အသင်းတွေထဲမှာ ၄င်းတို့ မပါဝင်ကြောင်း အခုလိုပဲ ဖွင့်ဟခဲ့ပါတယ် ။

Marca နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ ဟာဇက် က ” ကျွန်တော်တို့ထက် ပိုကောင်းတဲ့ အသင်းတွေ ? သေချာတာတော့ ဘရာဇီးပါမယ် ။ နောက်ပြီး ပြင်သစ်နဲ့ အာဂျင်တီးနားပါ ။ စပိန်ကတော့ အသင်းကောင်း တသင်းပါ ။ ကိုယ်ပိုင် စတိုင်လ် ဘယ်လို ကစားရမယ် ဆိုတာ ကောင်းကောင်း သဘောပေါက် နားလည်ထားတဲ့ ကစားသမား အများကြီး ရှိနေပါတယ် ။ ”

” အရည်အသွေး မြင့်မားတဲ့ နိုင်ငံ အသင်း ဖြစ်ပြီး နည်းစနစ် ကြွယ်တဲ့ နည်းပြ တဦးလည်း ရှိနေပါတယ် ။ အဲဒီမှာ ကျွန်တော့ရဲ့ မိတ်ဆွေတွေလည်း ရှိတော့ ဒီအကြောင်း ထည့်ပြောရမှာပေါ့ ။ ”

” လက်ရှိ အသင်းက ကောင်းနေပါတယ် ။ ကစားသမားကောင်း များစွာ ရှိပါတယ် ။ ရုရှား ကမ္ဘာ့ဖလားတုန်းကထက်တော့ လက်ရှိ အသင်းက အတွေ့အကြုံ ပိုပြီး ရင့်ကျက်ပါတယ် ။ ဒါပေမယ့် ကျွန်တော်ဆို ပုံမှန် ကစားခွင့် မရနေသလို ၊ ရိုမီလူ ဆိုရင်လည်း ဒဏ်ရာ ပြဿနာတွေ ရှိထားပါတယ် ။ ”

” စိတ်ထဲမှာ ဒီတခေါက် ကမ္ဘာ့ဖလားနဲ့ ပတ်သက်ပြီး အောင်မြင်မှု ရဖို့ ပစ်မှတ်ထားနေပေမယ့် ၊ အပြင်ပန်းအရ ကြည့်ရင်တော့ ဒီ အသင်းအပေါ် သံသယဝင်စရာ နည်းနည်းပါးပါး ရှိပါတယ် ။ ကျွန်တော်တို့ထက် ပိုကောင်းတဲ့ အသင်းတွေ ဒီပြိုင်ပွဲမှာ ပါနေပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဆက်လက်ပြီး ဟာဇက် က ” ကစားသမား ဘဝ တလျှောက် အခက်ခဲဆုံး အခိုက်အတန့် ? ပေါ်တူဂီနဲ့ ထိပ်တိုက် ရင်ဆိုင်ခဲ့ရတဲ့ ယူရို ၁၆သင်း ရှုံးထွက်အဆင့်ပွဲ ဖြစ်ပါတယ် ။ အဲဒီတုန်းက ကျွန်တော်ဟာ ရာသီကြို ပြင်ဆင်မှု တလလောက် အဆင်ပြေခဲ့ပေမယ့် ၊ တကယ်လည်း ကစားရော ဒဏ်ရာ ရသွားခဲ့ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR