ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲရန် ရေပန်းအစားဆုံး အသင်း ၄ သင်းကို ပြောပြလိုက်တဲ့ အာလင်ဟာလန်း

အာလင်းဟာလန်းက အင်္ဂလန်ဟာ လာမည့် ကာတာကမ္ဘာ့ဖလားမှာ ဗိုလ်စွဲရန် ရေပန်းအစားဆုံး အသင်း ၄ သင်းထဲက တစ်သင်း ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။ the Three Lions ပြီးခဲ့တဲ့ အကြိမ် ကမ္ဘာ့ဖလားမှာ ဆီမီးဖိုင်နယ် တက်နိုင်ခဲ့တဲ့ အပြင် ပြီးခဲ့တဲ့ နွေရာသီက ကျင်းပခဲ့တဲ့ ယူရိုပြိုင်ပွဲမှာလည်း ဖိုင်နယ် တက်နိုင်ခဲ့တာကြောင့် ဒီတစ်ကြိမ်မှာ နောက်ဆုံး line ကို ကျော်ဖြတ်နိုင်မယ်လို့ မျှော်လင့်နေပါတယ်။

ဒါပေမယ့်လည်း ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲနိုင်ဖို့ အတွက် ဆိုရင် အင်္ဂလန် အနေနဲ့ ထိပ်တန်း အသင်းတွေကို ကျော်ဖြတ်သွားဖို့ လိုအပ်ပါတယ်။ နော်ဝေးဟာ ခြေစစ်ပွဲ မအောင်မြင်တာကြောင့် ဟာလန်း အနေနဲ့ ကမ္ဘာ့ဖလားမှာ ယှဉ်ပြိုင်ခွင့်ရမှာ မဟုတ်ဘဲ ၎င်းဟာ ဒီရာသီမှာ မန်စီးတီး အတွက် ၂၃ ဂိုးထိ သွင်းယူထားခဲ့သူ ဖြစ်တာကြောင့် နောက်ခံလူ တစ်ချို့ကတော့ စိတ်သက်သာရာ ရသွားမှာ ဖြစ်ပါတယ်။

ဒါပေမယ့် အသက် ၂၃ နှစ်အရွယ် တိုက်စစ်မှုးက သူ့အနေနဲ့ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ဒီလို ပြိုင်ပွဲမျိုးကို ယှဉ်ပြိုင်ခွင့် ရလိမ့်မယ်လို့ ယုံကြည်ကြောင်း ဆိုခဲ့ပါတယ်။

ဟာလန်းက “ကျွန်တော့် အနေနဲ့ နော်ဝေး အသင်းနဲ့ အတူ ဒီလို ကြီးကြယ်တဲ့ ပြိုင်ပွဲကြီးတွေမှာ ကစားနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ အိမ်မက်ပါ။ လက်တွေ့ကျကျ ပြောရမယ်ဆိုရင် ကျွန်တော်တို့ လုပ်နိုင်တဲ့ အကြီးမားဆုံး အရာ ကတော့ ကမ္ဘာ့ဖလား ဒါမှမဟုတ် ယူရိုမှာ ယှဉ်ပြိုင်နိုင်တာပါပဲ။ ဒါဟာ လက်ရွေးစင် အသင်းနဲ့ အတူ ကျွန်တော် လုပ်သွားချင်တဲ့ ရည်မှန်းချက် ဖြစ်ပါတယ်။ ဒါဟာ ခက်ခဲတယ် ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမယ့် တစ်နေ့နေ့မှာတော့ ကျွန်တော်တို့ ဒီပြိုင်ပွဲမှာ ထိပ်တန်း အသင်းကြီးတွေနဲ့ ကစားရနိုင်ဖို့ မျှော်လင့်ပါတယ်။” လို့ ဆိုခဲ့ပါတယ်။

ကမ္ဘာ့ဖလားမှာ ဘယ်အသင်း ဗိုလ်စွဲနိုင်မလဲ ဆိုတဲ့ မေးခွန်း အပေါ် ဟာလန်းက “ရေပန်းအစားဆုံးလို့ ကျွန်တော် ထင်တဲ့ အသင်းတွေ ကတော့ ဘရာဇီး အာဂျင်တီးနား ပြင်သစ် နဲ့ အင်္ဂလန် တို့ ဖြစ်နိုင်ပါတယ်။ တစ်သင်းတည်းတော့ ကျွန်တော် မရွေးချယ် နိုင်ပါဘူး။ ဘာလို့လဲဆိုတော့ အသင်းကောင်းတွေ အများကြီး ရှိနေလို့ ဖြစ်ပါတယ်။ ဒ့ါကြောင့် ဒီ ၄ သင်း လို့ပဲ ပြောရမှာ ဖြစ်ပါတယ်။” လို့ ခန့်မှန်းလိုက်ပါတယ်။

ကမ္ဘာ့ဖလားမှာ သွားရောက် ယှဉ်ပြိုင်ခွင့် မရှိပေမယ့်လည်း ကလပ်ပြိုင်ပွဲတွေ ပြန်လည် စတင်တဲ့ အခါမှာ ဟာလန်းက သူ့ကိုယ်သူ အသင့် ဖြစ်နေဖို့ ပြင်ဆင်နေတယ်လို့ ဆိုသွားပါတယ်။

ဟာလန်းက “ကျွန်တော့်ရဲ့ စိတ်နဲ့ ခန္တာကိုယ်ကို အများကြီး အနားပေးပြီးနောက် ကျွန်တော် ပြန်လည် လေ့ကျင့်မှု လုပ်သွားမှာပါ။ ဘာတွေ လေ့ကျင့်သွားမှာလဲ? ထူးထူးခြားခြားတော့ မဟုတ်ပါဘူး။ စီးတီးမှာ ရှိခဲ့တဲ့ ပြီးခဲ့တဲ့လတွေမှာ ကျွန်တော် ကောင်းကောင်း လုပ်နိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ဒါ့ကြောင့် ကျွန်တော့် အနေနဲ့ အပြောင်းအလဲတွေ အများကြီး လုပ်သွားစရာတော့ မလိုအပ်ပါဘူး။ ဒါ့ကြောင့် ဒုတိယ ရာသီ၀က် အတွက် ကိုယ့်ကိုကိုယ် အသင့် ဖြစ်နေအောင်ပဲ ပြင်ဆင်သွားမှာပါ။”

SM