‘ Ballon D’Or ဆုနဲ့ ပတ်သက်ပြီး ရော်နယ်ဒိုဆီက ဂုဏ်ပြုမက်ဆေ့ခ်ျ မရသေးပါဘူး ‘ – ဘန်ဇီမာ

ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ပြင်သစ် လက်ရွေးစင် တိုက်စစ်မှူး ကာရင် ဘန်ဇီမာဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ လာလီဂါနဲ့ ချန်ပီယံလိဂ်ဖလားတွေကို ဆွတ်ခူးခဲ့ကာ ၊ ပြိုင်ပွဲ ၂ရပ်လုံးမှာ ရွှေဖိနပ်ဆုတွေ ရရှိခဲ့တဲ့ အတွက် ၂၀၂၂ ခုနှစ်ရဲ့ Ballon D’Or ဆုကို ပြတ်ပြတ်သားသား ထိုက်ထိုက်တန်တန် ချီးမြှင့်ခြင်းခံခဲ့ရပါတယ် ။

အသက် ၃၄နှစ် အရွယ်ရှိ ဘန်ဇ်ီမာ ဟာ ရီးရဲလ်မက်ဒရစ်ကို ရောက်ရှိလာခဲ့တာ လွန်ခဲ့တဲ့ ၁၃နှစ်က ဖြစ်ပြီး ၊ ဒီမတိုင်ခင် ၄င်းနဲ့ ရင်းနှီးတဲ့ အသင်းဖော်တွေ ဖြစ်ကြတဲ့ ကွင်းလယ်လူ လူကာ မိုဒရစ်နဲ့ လက်ရှိ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ခရစ်တီယာနို ရော်နယ်ဒိုတို့က ၄င်းထက် အရင်ဦးကာ Ballon D’Or ဆုတွေ အသီးသီး ရခဲ့ကြပါတယ် ။

ရော်နယ်ဒို ရီးရဲလ်မက်ဒရစ်မှာ ကစားခဲ့စဉ်က Ballon D’Or ဆု ၃ကြိမ် ဆွတ်ခူးစေဖို့ အတွက် ဘန်ဇီမာဟာ အဓိက အခန်းကဏ္ဍ တရပ်ကနေ ပါဝင် ပံ့ပိုးပေးခဲ့ပါတယ် ။ အခုအခါမှာတော့ ဘန်ဇီမာဟာ ဘရာဇီး လက်ရွေးစင် တောင်ပံကစားသမား ဗင်နီးဆီးယပ်စ် ဂျူနီယာနဲ့ အတွဲညီခဲ့ကာ ၊ Ballon D’Or ဆုကို ကိုယ်တိုင် ရယူထားပါတယ် ။

TeleFoot သတင်းဌာနနဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ ဘန်ဇီမာ က အသင်းဖော်ဟောင်း ခရစ်တီယာနို ရော်နယ်ဒိုဆီကနေ Ballon D’Or ဆု ဆွတ်ခူးခဲ့ခြင်းနဲ့ ပတ်သက်ပြီး ဂုဏ်ပြုမက်ဆေ့ခ်ျ မရသေးကြောင်း အခုလိုပဲ ဖွင့်ဟလာပါတယ် ။

ဘန်ဇီမာ က ” Ballon D’Or မရမချင်း ကျွန်တော် ကစားသမား ဘဝက အနားမယူဖို့ ဆုံးဖြတ်ခဲ့တာပါ ။ ကျွန်တော် ကိုယ့်ကိုယ်ကို အမြဲ ယုံကြည်ခဲ့ပါတယ် ။ ကိုယ်ပိုင်ဆိုင်ထားတဲ့ အရည်အချင်း ၊ သတ်မှတ်ထားတဲ့ ရည်ရွယ်ချက်နဲ့ဆို တကွေ့ကွေ့မှာ Ballon D’Or ဆု ဆွတ်ခူးနိုင်တယ် ဆိုတာ ကျွန်တော် သိထားခဲ့ပါတယ် ။ ”

” ဒါကြောင့် ပြီးခဲ့တဲ့ ၄နှစ် အတွင်း ဒီဆုအတွက် ကျွန်တော် ကိုယ့်ကိုယ်ကို အပြင်းအထန် တွန်းအားပေးခဲ့တာပါ ။ ခရစ်တီယာနိုဆီကနေ ဒီဆုနဲ့ ပတ်သက်ပြီး ဂုဏ်ပြု မက်ဆေ့ခ်ျ ရလိုက်လား ? No … မရသေးပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ပြီးခဲ့တဲ့ ရာသီမှာ တားဆီးမရနိုင်တဲ့ တိုက်စစ်မှူး တဦး ဖြစ်ခဲ့ပေမယ့် ဒီရာသီမှာတော့ ဘန်ဇီမာဟာ ဒဏ်ရာ ၊ ကြံ့ခိုင်မှု ပြဿနာ အချို့ ကြုံထားရကာ ၊ ရီးရဲလ်မက်ဒရစ်ရဲ့ နောက်ပိုင်း ပွဲတွေကို ပါဝင်ထားနိုင်ခြင်း မရှိပါဘူး ။ ကာတာ ကမ္ဘာ့ဖလား အတွက် ပြင်သစ် လက်ရွေးစင် အသင်းမှာ ရွေးချယ်ခံထားရပေမယ့် ၊ ဘန်ဇီမာ အနေနဲ့ အုပ်စုအဖွင့်ပွဲ ပါနိုင်မပါနိုင် မသေချာသေးပါဘူး ။

လက်ရှိ ကြံ့ခိုင်မှု အခြေအနေနဲ့ ပတ်သက်ပြီး ဘန်ဇီမာ က ” ဟိုနည်းနည်း ဒီနည်းနည်း နာကျင် ကိုက်ခဲတာကလွဲရင် ၊ ကျွန်တော် အေးဆေးပါပဲ ။ လတ်တလော ကစားနေရတဲ့ ပွဲအရေအတွက် ပမာဏကြောင့် ဒီလို ကြံ့ခိုင်မှု မပြည့်တာတွေက သာမန်လို ဖြစ်နေပါတယ် ။ ကျွန်တော် ကိုယ့်ကိုယ်ကို ဂရုစိုက်နေပါတယ် ။ လက်ရွေးစင် အသင်း အတွက် အချိန်မှီ ကြံ့ခိုင်မှု ပြည့်လာဖို့ ကျွန်တော် ကြိုးစားနေပါတယ် ။ ”

” ဒီတော့ ထွေထွေထူးထူး ပြဿနာ ရှိမနေပါဘူး ။ ကိုယ်လုပ်ရမယ့် အလုပ်အပေါ်မှာ အပြည့်အဝ အာရုံစိုက်ထားပါတယ် ။ ကျွန်တော်တို့ဟာ ဘောလုံး ကစားရတာ နှစ်သက်ကြပါတယ် ။ ဒါပေမယ့် ခက်တာက ကျွန်တော်တို့ဟာ စက်ယန္တရားတွေ မဟုတ်ပါဘူး ။ ”

” ခင်ဗျားဟာ ၃ရက်ခြား တပွဲနှုန်း ကစားရတဲ့ အပြင် ရာနှုန်းပြည့် အမြဲတမ်း ပေးဆပ်ရပါတယ် ။ ဒီတော့ တကွေ့ကွေ့မှာ ဒဏ်ရာတွေနဲ့ ရင်ဆိုင်ရတာပါပဲ ။ ဒါက သာမန်ပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR