ဒီရာသီ ပရီးမီးယားလိဂ် မှာ တိုးတက်မှု အရှိဆုံး ကစားသမားကို ရွေးချယ် ပေးလိုက်တဲ့ အီယန်ရိုက်

ဂန်းနား တိုက်စစ်မှူးဟောင်း အီယန်ရိုက် က မီခေးလ် အာတေတာ ရဲ့ အာဆင်နယ် အသင်းသား တစ်ဦးဟာ ဒီရာသီ ပရီးမီးယားလိဂ် ရဲ့ တိုးတက်မှု အရှိဆုံး ကစားသမား ဖြစ်တယ်လို့ ချီးကျူး ပြောကြား လိုက်ပါတယ် ။

ဒီရာသီမှာ အာဆင်နယ် အသင်း ရဲ့ ပွဲထွက် ကစားသမား ၁၁ ဦးစလုံးဟာ စွမ်းဆောင်ရည်ကောင်းတွေ ပြသ ထားနိုင်ပြီး အသင်းကို ရလဒ်ကောင်းတွေ ရရှိအောင် ကူညီ ပေးထားကြပါတယ် ။ အာဆင်နယ် အသင်းဟာ လက်ရှိ အချိန်မှာ အမှတ်ပေးဇယား ကို ဦးဆောင်ထား နိုင်ပြီး ဒုတိယနေရာက မန်စီးတီး အသင်းကို ၅ မှတ်အထိ ဖြတ်ထားပါတယ် ။

အာဆင်နယ် အသင်းဟာ ပရီးမီးယားလိဂ် ၁၄ ပွဲ ကစားရာမှာ ၁၂ ပွဲ အထိ နိုင်ပွဲ ရှာဖွေ ထားနိုင်တာ ဖြစ်ပါတယ် ။ အီယန်ရိုက်ကတော့ ဒီရာသီမှာ ဂန်းနား ကွင်းလယ်လူ ဂရန်းနစ် ရှာကာ ဟာ အံ့မခန်း တိုးတက်လာတဲ့ ကစားသမား တစ်ဦး ဖြစ်တယ်လို့ The Kelly and Wrighty show မှာ ပြောကြား သွားခဲ့ပါတယ် ။

ရှာကာ ဟာ ၂၀၁၉ ခုနှစ် အတွင်း ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲမှာ အာဆင်နယ် ပရိသတ်တွေ နဲ့ အချင်းများခဲ့ဖူးသူ ဖြစ်ပြီး အဆိုပါ ဖြစ်ရပ်ကြောင့် အသင်း ခေါင်းဆောင် အဖြစ်ကနေ ဖယ်ရှား ခံခဲ့ရပါတယ် ။ အဲ့ဒီနောက်ပိုင်းမှာ ရှာကာ ဟာ အသင်းကနေ ထွက်ခွာဖို့ အတော်လေး နီးစပ်တဲ့ အနေအထား အထိ ရောက်ခဲ့ပါတယ် ။

ဒါပေမယ့် နည်းပြ အာတေတာ ရဲ့ ဆွဲဆောင်စည်းရုံးမှုနဲ့ အတူ ရှာကာ ဟာ အာဆင်နယ် အသင်းမှာ ဆက်နေ ဖြစ်ခဲ့ပြီး ဒီနှစ်မှာတော့ သူ့ရဲ့ ကစားသမား ဘဝ အကောင်းဆုံး စွမ်းဆောင်ရည် ကို ပြသ ထားနိုင်ပါတယ် ။

အသက် ၃၀ အရွယ် ရှိပြီ ဖြစ်တဲ့ ရှာကာ ဟာ ဒီနှစ်မှာ အာဆင်နယ် အသင်း ရဲ့ ပွဲအားလုံး ပွဲထွက် ကစားထားပြီး ၃ ဂိုးသွင်း ၊ ၃ ဂိုး ဖန်တီး ပေးထားပါတယ် ။ အီယန်ရိုက် က ဒီရာသီ ပရီးမီးယားလိဂ် ရဲ့ တိုးတက်မှု အရှိဆုံး ကစားသမား က ဘယ်သူ ဖြစ်မလဲ ဆိုတဲ့ မေးခွန်းကို ဖြေကြားရာမှာ ရှာကာ ကို ထည့်သွင်း ပြောကြား သွားခဲ့ပါတယ် ။

” ကျွန်တော့် အတွက်ကတော့ တိုးတက်မှု အရှိဆုံး ကစားသမား က ရှာကာ ပါပဲ ၊ သူ ဒီနှစ် လုပ်ပြထားတဲ့ အရာတွေကြောင့်ပါ ၊ သူ က ကွင်းလယ် ကနေ တိုက်စစ် ကို လိုက်ပါ ကစားခွင့် ရထားပါတယ် ၊ အာဆင်နယ် အသင်း ရဲ့ မန်နေဂျာ အားလုံးက သူ့ကို ယုံကြည်မှု ပေးခဲ့ကြပါတယ် ၊ ဒါပေမယ့် နောက်မှာ ကစားရတာက သူနဲ့ အဆင်မပြေပါဘူး ။ ”

” အခုတော့ သူ တိုက်စစ်ကို လိုက်ပါ ကစားနေတာ ကျွန်တော်တို့ မြင်တွေ့ ထားရပါတယ် ၊ တိုက်စစ်မှာ သူက ဂိုးဖန်တီးမှုတွေ ပိုလုပ်လာနိုင်ပြီး ဆွစ်ဇာလန် မှာ ကစားသလိုမျိုး ကစားပြနိုင် နေပါတယ် ၊ ဒါကြောင့် ကျွန်တော့်အတွက် ရှာကာ က အတိုးတက်လာဆုံးသော ကစားသမားပါပဲ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM