ချဲလ်ဆီး စတား တဦးကို အသုံးပြုပုံနဲ့ ပတ်သက်ပြီး လက်ရွေးစင် နည်းပြ တဦးထံမှ ဝေဖန်မှု ခံခဲ့ရတဲ့ ဂရေဟမ် ပေါ်တာ

ချဲလ်ဆီး အသင်းရဲ့ အကယ်ဒမီထွက် လူငယ် တိုက်စစ်မှူး အာမန်ဒို ဘရိုဂျာ ဟာ ပြီးခဲ့တဲ့နှစ် ဘောလုံးရာသီမှာ ဆောက်သမ်တန် အသင်းသို့ တရာသီ အငှားထွက်ကာ ခြေစွမ်းပြခဲ့ပြီးနောက် ၊ ဒီရာသီ စီနီယာ အသင်းမှာ ပထမဆုံး အကြိမ် စတင် နေရာ ရလာပါတယ် ။

ဘရိုဂျာ ဟာ ပြီးခဲ့တဲ့ နွေရာသီ စျေးကွက် အတွင်း လန်ဒန်မြို့ခံ ပြိုင်ဖက် ဝက်စ်ဟမ်း အသင်းရဲ့ အဓိက ပစ်မှတ် တိုက်စစ်မှူး ဖြစ်ခဲ့ပြီး ၊ ဘရိုဂျာ အတွက် ၄င်းတို့ရဲ့ ကနဦး ပေါင်သန်း ၂၀ နဲ့ ချဉ်းကပ်မှုကို ချဲလ်ဆီးဖက်က ငြင်းဆန်ပယ်ချခဲ့ပါတယ် ။

အဲဒီနောက် အပြောင်းအရွှေ့ စျေးကွက် အပြီး ချဲလ်ဆီး အသင်းဟာ ယင်းအယ်လ်ဘေးနီးယား လက်ရွေးစင် တိုက်စစ်မှူးကို ရေရှည် အတွက် မျှော်ကိုးကာ ၆နှစ် သက်တမ်းရှိ စာချုပ်သစ် တရပ် ချုပ်ဆိုနိုင်ခဲ့ပါတယ် ။ လောလောဆယ် အချိန်တော့ ဘရိုဂျာ ဟာ ချဲလ်ဆီး အတွက် ပြိုင်ပွဲစုံ ပွဲထွက်ခွင့် ၃ကြိမ်သာ ရထားကာ သွင်းဂိုး တဂိုးသာ သွင်းယူထားနိုင်ပါသေးတယ် ။

အယ်လ်ဘေးနီးယား လက်ရွေးစင် နည်းပြ အက်ဒီ ရီဂျာကတော့ ဘရိုဂျာ အတွက် ပိုကောင်းတဲ့ ကစားသမား ဖြစ်လာဖို့ ပိုများတဲ့ ပွဲကစားခွင့်တွေ လိုအပ်ကြောင်းနဲ့ လူစားဝင်ခွင့် မိနစ် ၂၀ ၊ ၃၀ က ယင်းတိုက်စစ်မှူး အတွက် ဘာအထောက်အကူမှ မပေးကြောင်း ချဲလ်ဆီး နည်းပြ ဂရေဟမ် ပေါ်တာထံ မက်ဆေ့ခ်ျ ပေးသွားပါတယ် ။

TMW နဲ့ တွေ့ဆုံခဲ့ရာမှာ ရီဂျာ က ” အာမန်ဒိုမှာ ကြီးကျယ်တဲ့ အလားအလာကောင်းတွေ ရှိနေပါတယ် ။ သူဟာ အရပ်မြင့်မြင့် လူကောင်ကြီးတဲ့ ကစားသမား တယောက် ဖြစ်ပြီး ၊ သူ့မှာ နည်းစနစ်ပိုင်း အရည်အသွေးကောင်းတွေနဲ့ အပြေးအားလည်း ရှိပါတယ် ။ ”

” သူသာ အမှန်တကယ် ပြေးလွှား ကစားနိုင်တဲ့ အခါတွေမှာဆို သူ့ကို ဘယ်သူမှ လိုက်လို့ မမှီပါဘူး ။ second ball တွေမှာ သူ့အနေနဲ့ မဖြစ်မနေ တိုးတက်ဖို့ လိုပါတယ် ။ ဘာလို့လဲဆိုတော့ ဖြစ်ရပ် တခု အပြီးမှာ သူက အများကြီး ကူညီခွင့် မရလို့ပါ ။ ”

” အဲဒီ ရှုထောင့်ကနေ ကြည့်ရင်တော့ သူ နည်းနည်းပါးပါး တိုးတက်လာပါတယ် ။ ဒါပေမယ့် သေချာတာကတော့ လက်ရှိ ချဲလ်ဆီးမှာ ကစားနေရတဲ့ မိနစ် ၂၀ ၊ မိနစ် ၃၀လောက်နဲ့တော့ သူ့အတွက် ဘယ်လိုမှ အထောက်အကူ မပေးပါဘူး ။ အထူးသဖြင့် နာပိုလီက သူ့ကို အလိုရှိနေတဲ့ အနေအထားမျိုးမှာပေါ့ ။ ”

” နာပိုလီ အားကစား ဒါရိုက်တာ ခရစ်တီယာနို ဂျီယန်တိုလီ က သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပါတယ် ။ ဒါကို သူ ကျွန်တော့ဆီ လာပြောပြီးပါပြီ ။ ဒါပေမယ့် သူက ချဲလ်ဆီးမှာပဲ ဆက်နေချင်ခဲ့ပါတယ် ။ အဲဒီနောက် သူ စာချုပ်သစ် ချုပ်ခဲ့ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဘရိုဂျာ ဟာ အယ်လ်ဘေးနီးယား လက်ရွေးစင် အသင်း အတွက် ၁၆ပွဲ ကစားထားကာ ၊ ၄ဂိုး သွင်းယူထားပါတယ် ။ ယနေ့ည အီတလီ အသင်းနဲ့ ကစားမယ့် ချစ်ကြည်ရေး ခြေစမ်းပွဲမှာ ဘရိုဂျာ တယောက် ပွဲထွက် ပါဝင်ဖို့ မျှော်လင့်ရပါတယ် ။

SPORTS MYANMAR