ကမ္ဘာ့ဖလားနဲ့လွဲပြန်တဲ့ ပြင်သစ်သား ၊ မာနေး ရဲ့ ဒဏ်ရာအခြေအနေ ၊ အပြောင်းအရွှေ့ သတင်းအချို့နဲ့ . . . နံနက်ခင်းအားကစားသတင်းများ

ပြင်သစ် ရဲ့ ကမ္ဘာ့ဖလား ခရီး ကတော့ မစခင်ကတည်းက တယောက်ပြီး တယောက် အားလျော့ နေခဲ့ ပါတယ် ။ ကန်တီ ၊ ပေါ့ဘာ ၊ ကင်ပမ်ဘီ တို့ ဒဏ်ရာတွေကြောင့် ၄ နှစ်မှ တကြိမ် ကစားရတဲ့ ပြိုင်ပွဲကြီးကို လွဲချော် ခဲ့သလို အခု နောက်ဆုံးမှာလည်း လိုက်ပ်ဇစ် တိုက်စစ်မှူး အန်ကွန်ကူ ဟာ လေ့ကျင့်ခန်း အစီအစဉ်မှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် ကမ္ဘာ့ဖလား ပြိုင်ပွဲကြီး နဲ့ လွဲချော် ခဲ့ရပြီ ဖြစ်ပါတယ် ။

ဆီနီဂေါ နဲ့ လိုက်ပါ လာတဲ့ ဘိုင်ယန် တိုက်စစ်မှူး ဆာဒီယို မာနေး ဟာ ဒဏ်ရာ ကနေ သက်သာမှု မရှိ သေးတာကြောင့် နယ်သာလန် နဲ့ ကစားမယ့် ကမ္ဘာ့ဖလား အုပ်စု အဖွင့် ပွဲစဉ်ကို လွဲချော်မယ်လို့ သိရပါတယ် ။

ဒေးဗစ် ဘက်ခမ်း ပိုင်ဆိုင်တဲ့ အင်တာမိုင်ယာမီ အသင်းဟာ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒို ကို ခေါ်ယူဖို့ အတွက် စိတ်ဝင်စား နေတယ်လို့ သိရပါတယ် ။

ရိုနယ်ဒို ဟာ ပီယာ့စ် မော်ဂန် နဲ့ ပြုလုပ်တဲ့ အင်တာဗျူး ထွက်ပေါ်လာ အပြီးမှာ ယူနိုက်တက် နဲ့ လမ်းခွဲရမယ်လို့ အားလုံးက သုံးသပ်ထား ကြပါတယ် ။

ဘာစီလိုနာ ကတော့ ကမ္ဘာ့ဖလား ကာလ အတွင်းမှာ ဆာဂျီယို ဘက်စကွက် ရဲ့ နေရာကို အားဖြည့်ဖို့ အတွက် အစီအစဉ်တွေ လုပ်ဆောင် နေကြပြီး ရီးရဲ ဆိုဆီဒက် ရဲ့ မာတင် ဇူဘီမန်ဒီ ကို စာရင်းထဲ ထည့်သွင်းထားတယ် လို့ သိရပါတယ် ။

ဒါပေမယ့် ဘာဆာ ဥက္ကဌ လာပေါ်တာ ကတော့ သူတို့ ဟာ လာမယ့် ဇန်နဝါရီမှာ ကစားသမားသစ် ခေါ်ယူဖို့ အစီအစဉ် မရှိပါဘူးလို့ ပြောဆိုသွားခဲ့ ပါတယ် ။ အကယ်၍ ကစားသမားသစ် ခေါ်ယူပါက နောက်ထပ် ရင်းနှီးမြှပ်နှံမှုတွေ ထုတ်ရောင်းဖို့ လိုအပ်လိမ့်မယ်လို့ လာပေါ်တာက ဆိုသွားခဲ့ ပါတယ် ။

အက်သလက်တီကို မက်ဒရစ် ဟာလည်း အသင်းကို အားဖြည့်ဖို့ အတွက် ခံစစ်မှူးသစ် ရှာဖွေ နေပြီး အိုဆာဆူနာ အသင်း ရဲ့ ဒေးဗစ် ဂါစီယာ ကို မျက်စိကျနေတယ်လို့ သိရပါတယ် ။

ဆီဗီးလား နည်းပြသစ် ဖြစ်လာတဲ့ ကီကေး ဆတ်တီယန် ဟာ သူ့ရဲ့ ပထမဆုံး ၅ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရယူ နိုင်ခဲ့ ပေမယ့် အသင်း ဘုတ်အဖွဲ့ ရဲ့ ထောက်ခံမှု ကို ရရှိနေဆဲ ဖြစ်ကာ ထုတ်ပယ်ဖို့ အစီအစဉ် မရှိသေးဘူးလို့ ကြားသိရ ပါတယ် ။

ရီးရဲ နောက်ခံလူ နာချို ဖာနန်ဒက်စ် ဟာ အသင်း နဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ ကိစ္စ ကို ဆိုင်းငံ့ ထားတယ်လို့ သိရ ပါတယ် ။ ရီးရဲ အကယ်ဒမီထွက် ကစားသမား ဖြစ်တဲ့ နာချို ဟာ အခု ရာသီမှာ အန်တိုနီယို ရူဒီဂါ ရောက်ရှိ လာမှုကြောင့် ကစားချိန် နည်းပါး သွားခဲ့သူ ဖြစ်ပါတယ် ။

ဘာစီလိုနာ ကတော့ တောင်ပံ ကစားသမား ဒမ်ဘီလီ ရဲ့ ၂၀၂၄ မှာ သက်တမ်းကုန်မယ့် စာချုပ်ကို ထပ်တိုးဖို့ စဉ်းစား နေတယ်လို့ သိရှိရ ပါတယ် ။

နာပိုလီ နဲ့ အခု ရာသီမှာ ပုံစံကောင်းတွေ ပြသနေတဲ့ တောင်ကိုရီးယား ခံစစ်မှူး ကင်မင်ဂျေး ရဲ့ စာချုပ်မှာ ၁၅ ရက် သက်တမ်း ရှိတဲ့ စာချုပ် ဖျက်သိမ်းကြေး ပါဝင်ပြီး လာမယ့် ၂၀၂၃ ဇူလိုင်လ ထဲမှာ စတင် အသက်ဝင်မှာ ဖြစ်တယ်လို့ အသင်း ဒါရိုက်တာ က ပြောဆို သွားခဲ့ ပါတယ် ။

ဆက်လက်ပြီး အသင်းရဲ့ လူငယ် ကြယ်ပွင့်လေး ခါဗာရက်စ်ခီလီယာ ကိုလည်း စာချုပ် သက်တမ်းတိုးဖို့ ကစားသမား ရဲ့ အေးဂျင့် နဲ့ ပြောဆို ချိတ်ဆက်ထားတယ်လို့ နာပိုလီ ဒါရိုက်တာ က ပြောဆိုခဲ့ ပါတယ် ။

အေစီမီလန် တိုက်စစ်မှူး ရာဖေး လီယို ရဲ့ ဖခင် ကတော့ အေစီ ဟာ ၂၀၂၄ အထိ စာချုပ် ရှိသေးတဲ့ သား ဖြစ်သူကို ထပ်မံ သက်တမ်းတိုးဖို့ ကမ်းလှမ်း ထားပြီး သူတို့ အကြားမှာ ဆွေးနွေး ညှိနှိုင်းမှုတွေ ရှိနေပါတယ်လို့ ဖွင့်ဟပြောဆို သွားခဲ့ ပါတယ် ။

ပြင်သစ် ဂိုးသမားကြီး ဟူဂို လိုရစ် က သူဟာ လာမယ့် ကမ္ဘာ့ဖလား မှာ သက်တံ့ရောင် လက်ပတ် ကို ဝတ်ဆင်သွားမှာ မဟုတ်ဘူးလို့ ပြောဆို ခဲ့ပြီး ကာတာ နိုင်ငံ ရဲ့ အစဉ်အလာ နဲ့ ယဉ်ကျေးမှုတွေ ကို လေးစား လိုက်နာ သွားမယ်လို့ထုတ်ဖော် ပြောဆိုခဲ့ ပါတယ် ။

အွန်လိုင်း ပေါ်ကနေ လောင်းကြေးထပ်သူတွေ ရဲ့ အချက်အလက်တွေ အရ အာဂျင်တီးနားဟာ လောင်းကြေး ထပ်မှုစုစုပေါင်း ရဲ့ ၂၈% အထိ ရှိခဲ့ပြီး အများဆုံးအဖြစ် ရပ်တည်နေပါတယ် ။ ဘရာဇီး က ၁၅% နဲ့ ဒုတိတယ နေရာမှာ ရှိနေပြီး အမေရိကန် က တတိယ နေရာမှာ ၁၁% နဲ့ ရပ်တည်နေခဲ့ ပါတယ် ။ ပြင်သစ် နဲ့ အင်္ဂလန် တို့ကတော့ စတုတ္ထ နဲ့ ပဉ္စမ လောင်းကြေးထပ်မှု အများဆုံး နိုင်ငံတွေ အဖြစ် ရှိနေကြတယ်လို့ သိရှိရ ပါတယ် ခင်ဗျာ . . . . . ။

 

SPORTS MYANMAR