အင်္ဂလန်ရဲ့ လူစာရင်းမှာ ကံမကောင်းစွာနဲ့ ချန်လှပ်ခံခဲ့ရတဲ့ ကစားသမားတွေကို ပြောပြလိုက်တဲ့ ဂျေမီရက်နက်

 

အင်္ဂလန် နည်းပြ ဂါရက်ဆောက်ဂိတ်ဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲ အတွက် ကစားသမား ၂၆ ဦး ပါ၀င်တဲ့ အပြီးသတ် လူစာရင်းကို ကြေငြာသွားခဲ့ပြီး အံ့အားသင့်စရာကောင်းတဲ့ ရွေးချယ်မှုတွေ ပါ၀င်ခဲ့သလို အငြင်းပွားဖွယ်ရာ ချန်လှပ်ခံခဲ့ရသူတွေလည်း ရှိခဲ့ပါတယ်။ အင်္ဂလန်ဟာ အုပ်စု B မှာ အီရန် ယူအက်စ်အေ ဝေးလ် တို့နဲ့ ကျရောက်နေပြီး အဖွင့်ပွဲစဉ်ကို လာမည့် နို၀င်ဘာ ၂၁ ရက်နေ့မှာ အီရန်နဲ့ ကစားသွားရမှာ ဖြစ်ပါတယ်။

လက်စတာ ကွင်းလယ်လူ ဂျိမ်းစ်မက်ဒီဆင်ဟာ ဆောက်ဂိတ်ရဲ့ ၂၆ ဦး လူစာရင်းမှာ အံ့ဖွယ် ပါ၀င်လာခဲ့သူ ဖြစ်ပြီး နယူးကာဆယ်ရဲ့ ကာလမ်၀ယ်ဆင် ၊ ချဲလ်ဆီးရဲ့ ကော်နာဂါလေဂါ တို့ကလည်း ဒီအတိုင်းပါပဲ။ ဒါ့အပြင် ကြံ့ခိုင်မှု မပြည့်၀တဲ့ မန်စီးတီးရဲ့ ကိုင်းဝေါ်ကာ နဲ့ ကယ်ဗင်ဖီးလစ် တို့ကို ရွေးချယ်ခဲ့မှုဟာ မေးခွန်းထုတ်စရာ ဖြစ်ခဲ့သလို မန်ယူနိုက်တက်မှာ နေရာပျောက်နေတဲ့ မက်ဂွိုင်းယားကို ရွေးချယ်ခဲ့မှုကလည်း ဝေဖန်စရာ ဖြစ်နေပါတယ်။

ဒီရာသီမှာ ပုံစံကောင်းတွေ ပြသနေတဲ့ အေစီမီလန်ရဲ့ တိုမိုရီ ၊ နယူးကာဆယ် ရဲ့ ဒန်ဘန်း ၊ ဘရန့်ဖို့ဒ်ရဲ့ အိုင်ဗန်တိုနီ တို့ကို ချန်လှပ်ခဲ့မှုတွေ ကတော့ လူပြောစရာ ဖြစ်နေခဲ့ပြီး ၀က်ပရောက်စ် နဲ့ အေဗရာဟမ် တို့လည်း ဒီပြိုင်ပွဲနဲ့ လွဲချော်ခဲ့ပါတယ်။ စကိုင်းစပေါ့ရဲ့ pundit ဖြစ်တဲ့ ဂျေမီရက်နက် ကတော့ ပြီးခဲ့တဲ့ weekend က မန်စီးတီးကို အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ အနိုင်ဂိုး ၂ ဂိုး စလုံးကို သွင်းပေးခဲ့တဲ့ အိုင်ဗန်တိုနီကို ချန်လှပ်ခဲ့မှုဟာ ဆောက်ဂိတ် အတွက် အခက်ခဲဆုံး ဆုံးဖြတ်ချက် ဖြစ်နိုင်တယ်လို့ သုံးသပ်လိုက်ပါတယ်။

ရက်နက်က “တိုနီကို ချန်လှပ်ခဲ့မှုဟာ အခက်ခဲဆုံး ဆုံးဖြတ်ချက်တွေထဲက တစ်ခု ဖြစ်နိုင်ပါတယ်။ အေဗရာဟမ်ကို မရွေးခဲ့တာကတော့ သူဟာ ပုံစံကောင်း ပျောက်နေခဲ့လို့ပါ။ သူ ကြားရက်က ရိုးမား အတွက် ဂိုးသွင်းခဲ့တယ် ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမယ့် သူဟာ လုံလောက်တဲ့ စွမ်းရည်ကို ဒီရာသီမှာ မပြသထားခဲ့ပါဘူး။ ဒါ့ကြောင့် ဆောက်ဂိတ်ဟာ ၀ယ်ဆင် နဲ့ တိုနီ ထဲက တစ်ဦးကိုပဲ ရွေးချယ်ဖို့ ဆုံးဖြတ်ခဲ့ရပါတယ်။ သူတို့ နှစ်ဦးစလုံးဟာ ကစားသမားကောင်းတွေပါ။ နှစ်ဦးစလုံးဟာ လိုအပ်တဲ့ အရည်အသွေးတွေ ရှိနေပါတယ်။ တိုနီဟာ ပင်နယ်တီကန်တာ တအားကို ကောင်းတဲ့ အပြင် ဂိုးသွင်းကောင်းသလို ပင်နယ်တီ ဧရိယာထဲမှာ လွှမ်းမိုးနိုင်သူပါ။ သူဟာ အများကြီးကို တိုးတက်လာခဲ့ပါတယ်။

ဒါပေမယ့် ၀ယ်ဆင်ဟာ ဒီရာသီ နယူးကာဆယ်မှာ အကောင်းဆုံး ပုံစံကို ပြသနေတာ ဖြစ်ပါတယ်။ သူ့ရဲ့ ဂိုးပေါက် ခြိမ်းခြောက်မှု ၊ ပုံစံမျိုးစုံ ဂိုးသွင်းနိုင်မှု ၊ အမြင့်ဘောကောင်းမွန်မှု တွေကြောင့် ကိန်းသူ ဒဏ်ရာ ရသွားခဲ့မယ်ဆိုရင် ဒီနေရာကို ၀င်ကစားဖို့ အတွက် ကိုယ်ပထမဦးဆုံး ရှာသွားမယ့်သူက ၀ယ်ဆင်ပဲ ဖြစ်ပါတယ်။ ဒါဟာ ခက်ခဲတဲ့ ဆုံးဖြတ်ချက်ပါ။ ဆောက်ဂိတ် အနေနဲ့ တိုနီလို ကစားသမားမျိုးတွေကို မရွေးချယ်နိုင်ခဲ့တဲ့ အတွက် စိတ်ပျက်နေမှာပါ။ ဒါပေမယ့်လည်း အင်္ဂလန် နည်းပြ အနေနဲ့ ဒီလိုမျိုး ဆုံးဖြတ်ချက်တွေကို ချရတာပါပဲ။

တိုနီ ၀က်ပရောက်စ် တို့လို ဒီရာသီ ပုံစံကောင်း ပြသနေတဲ့ ကစားသမားတွေကို ဆောက်ဂိတ် အနေနဲ့ အင်္ဂလန် အသင်းအတွက် ခေါ်ယူချင်မှာပါ။ ဘာလို့လဲဆိုတော့ ပြိုင်ပွဲအတွင်းမှာ ဒဏ်ရာပြသနာတွေက အချိန်မရွေး ကြုံတွေ့ရနိုင်တယ် မဟုတ်လား။ အထူးသဖြင့် ဂျိမ်းစ်၀က်ပရောက်စ် ဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ ယူရိုပြိုင်ပွဲတုန်းကလည်း အပြီးသတ် လူစာရင်းနဲ့ ကပ်ပြီး လွဲချော်ခဲ့ဖူးပါတယ်။ သူဟာ ဒီရာသီမှာ ပုံစံကောင်း ပြသနေတဲ့သူပါ။ ဒီလိုမျိုးတွေ ဖြစ်တက်ပါတယ်။ ဒါပေမယ့် ကိုယ့်ဘက်က ဘာတက်နိုင်မှာလဲ။ ဒါကို ခက်ခက်ခဲခဲနဲ့ လက်ခံသွားရမှာပါ။ ဒါပေမယ့် သူတို့ဟာ လာမည့် ယူရို ၂၀၂၄ မှာ ကစားနိုင်တဲ့ အသက်အရွယ်မှာ ရှိနေပါသေးတယ်။

တိုနီ ၀က်ပရောက်စ် တို့အတွက် ဒါဟာ လက်ခံရ ခက်ခဲပါတယ်။ ဘာလို့လဲဆိုတော့ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ကိုယ်တိုင် ပါ၀င်ခွင့် မရဘဲ တီဗီကနေပဲ ပွဲကြည့်ရတော့မှာ မို့လို့ပါ။ သူတို့ အနေနဲ့ ခေါင်းကိုမော့ကာ စိတ်ဓာတ်ကို ဆက်လက် မြှင့်တင်ထားဖို့ လိုအပ်ပါတယ်။ ကိုယ့်ဘေးနားက လူတွေက ဒီလို လုပ်နိုင်အောင် ကောင်းကောင်း ကူညီပေးကြမှာပါ။” လို့ ဆိုလိုက်ပါတယ်။

SM