တော့ဒ်ဘိုလီရဲ့ အမှားကြောင့် အထိုင်ပြန်ကျဖို့ ချဲလ်ဆီးတို့ ဘယ်နှနှစ် စောင့်ရမလဲ ဆိုတာ ခန့်မှန်းလိုက်တဲ့ ဂယ်ရီနဗီးလ်

ချဲလ်ဆီး အသင်းဟာ လက်ရှိ ပရီးမီးယားလိဂ် Big 6 ကလပ်တွေ အနက် form အဆိုးရွားဆုံး အသင်း ဖြစ်နေကာ ၊ ကာတာ ကမ္ဘာ့ဖလား အချိန်အခါမှန် ရောက်လာခြင်းက လက်ရှိ နညိးပြ ဂရေဟမ် ပေါ်တာ အတွက် ဖိအား အတော်လေး လျော့ကျစေမှာ သေချာပါတယ် ။

ပြီးခဲ့တဲ့ နွေရာသီမှာ ပေါင်သန်း ၂၅၀ အထိ နည်းပြဟောင်း သောမတ်စ် တူချယ်ကို အပြည့်အဝ ပံ့ပိုးပြီးနောက် စျေးကွက် ပိတ်သိမ်း အပြီး ရက်ပိုင်း အကြာမှာ ၄င်းကို ရာထူးက ထုတ်ပယ်ခဲ့တဲ့ တော့ဒ်ဘိုလီနဲ့ အခြား ပိုင်ရှင်သစ်တွေရဲ့ ဆုံးဖြတ်ချက် က ဇဝေဇဝါ ဖြစ်ခဲ့ပါတယ် ။

ဒါ့အပြင် ၄င်းတို့ ယုံယုံကြည်ကြည် ခန့်အပ်ခဲ့တဲ့ နည်းပြသစ် ဂရေဟမ် ပေါ်တာဟာ အစောပိုင်း ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၉ပွဲဆက် ရှုံးပွဲ မရှိခဲ့ပေမယ့် ၊ တကယ် ပွဲကြပ် ကာလမှာတော့ အရေးမပါတဲ့ ချန်ပီယံလိဂ် အုပ်စု နောက်ဆုံးပွဲသာ အနိုင်ရခဲ့ကာ ၊ ကျန်ပွဲအားလုံးကို ခွက်ခွက်လန် ရှုံးခဲ့ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် ညာနောက်ခံလူဟောင်း ဂယ်ရီနဗီးလ်ကတော့ တော့ဒ်ဘိုလီရဲ့ ညံ့ဖျင်းတဲ့ စီမံခန့်ခွဲမှုတွေကြောင့် ချဲလ်ဆီးတို့ လက်ရှိ အခြေအနေနဲ့ ရင်ဆိုင်နေရတာ မဆန်းကြယ်ကြောင်းနဲ့ သေသေချာချာ အထိုင်ကျမယ့် အသင်း တသင်း အသွင် ဖြစ်လာဖို့ အနည်းဆုံး ၂နှစ် စောင့်ဆိုင်းရမှာ ဖြစ်ကြောင်း ခန့်မှန်း သုံးသပ်သွားပါတယ် ။

Sky Sports ရဲ့ Podcast အစီအစဉ်မှာ ဂယ်ရီနဗီးလ် က ” ခင်ဗျားတို့ ချဲလ်ဆီး အသင်း အကြောင်း ပြောကြမှာလား ? တော့ဒ်ဘိုလီရဲ့ စီမံကိန်းလေ ။ ချဲလ်ဆီး အကြောင်း ကျွန်တော်တို့ မဖြစ်မနေ ပြောကြရပါမယ် ။ ဒီရာသီ အစပိုင်းတုန်းက ချဲလ်ဆီး ပရိသတ်တွေဆီကနေ စကားလုံးနဲ့ တိုက်ခိုက်မှုတွေကို ကျွန်တော် ခံခဲ့ရပါတယ် ။ ”

” ဒါပေမယ့် လက်ရှိ ချဲလ်ဆီး အသင်းမှာ ဖြစ်ပျက်နေတာတွေကို ကျွန်တော် လုံးဝ မအံ့သြမိပါဘူး ။ ဒီအနေအထားက စီမံကိန်း တခု အကောင်အထည် ပေါ်ဖို့ အတွက် မဖြစ်မနေ အချိန်ပေးဖို့ လိုတယ်ဆိုတာ ကောင်းကောင်းကြီး မီးမောင်းထိုးပြနေပါတယ် ။ ”

” ဒီရာသီ အစပိုင်းတုန်းက အခြေအနေနဲ့ နွေရာသီ စျေးကွက် ကိုင်တွယ်ပုံတွေကို ကြည့်ရင် ဒါက ရူးမိုက်စရာကောင်းတယ်ဆိုတာ လုံးဝ ယုံမှားသံယ ဖြစ်စရာ မလိုပါဘူး ။ ဒီ အပြောင်းအရွှေ့ ကိုင်တွယ်ပုံ အမှားကြောင့် ချဲလ်ဆီးကို ပြန်အထိုင်ကျစေဖို့ အနည်းဆုံး ၂နှစ်လောက် အချိန်ယူရပါလိမ့်မယ် ။ ”

” ဒါတောင် သူတို့ အဲဒီကာလ အတွင်း မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချဖို့ လိုပါလိမ့်မယ် ။ ဂရေဟမ် ပေါ်တာဟာ အခုအချိန်မှာ ဖိအားတွေ အောက်မှာ ရှိနေပြီလို့ ပြောကြပါတယ် ။ ကျွန်တော်ကတော့ ဒီလို မဖြစ်နေဖို့ မျှော်လင့်ပြီး ၊ ပိုင်ရှင်သစ်တွေ အနေနဲ့ လက်ရှိ အခြေအနေကို သေသေချာချာ ထိုးထွင်း သိမြင်နိုင်ဖို့ အရေးကြီးပါတယ် ။ ”

” ဒါဟာ ရိုမန် အေဘရာမိုဗစ်ခ်ျ ထွက်ခွာသွားအပြီး ကြုံတွေရတဲ့ အစုလိုက် အပြုံလိုက် အခက်အခဲတွေ ဖြစ်ပါတယ် ။ ပိုင်ရှင်သစ်တွေဟာ ဥရောပ အကောင်းဆုံး ကလပ် တသင်းကို ဝယ်ယူအပြီး သူတို့ကိုယ် သူတို့ ဘောလုံး မန်နေဂျာဂိမ်း ပုံစံ ဆော့ကစားလို့ ရပြီလို့ ထင်ခဲ့ကြပါတယ် ။ ”

” ဒါမျိုး ကျွန်တော် အရင်က မြင်တွေ့ခဲ့ဖူးပြီး ၊ ထင်သလောက် အလုပ်မဖြစ်ကြပါဘူး ။ အရင် ပိုင်ရှင်ဟောင်း လက်ထက်က ချဲလ်ဆီး အသင်းဟာ ကစားသမားနဲ့ ဝန်ထမ်း အင်အား ဖြည့်တင်းတဲ့ နေရာမှာ လိမ္မာ ပါးနပ်မှု ရှိတယ်လို့ပဲ လူသိများကြပါတယ် ။ ဒီတော့ လက်ရှိ အနေအထားက လူပြောများတဲ့ အကြောင်းအရာတွေထဲက တခု ဖြစ်လာတာပါ ။ ”

” သူတို့ တိုးတက်လာလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ် ။ ဒါပေမယ့် ဖြေစရာ မေးခွန်း များစွာ ကျန်နေသေးတာတော့ သိသာလွန်းနေပါတယ် ။ ဘာလို့လဲဆိုတော့ သူတို့ဟာ ယခင် မန်ချက်စတာ ယူနိုက်တက်လို ပေါင်သန်း ၂၅၀ သုံးသာ သုံးလိုက်ပြီး ၊ ဘယ်နားမှာ အကျိုးဖြစ်ထွန်းသွားတယ် ဆိုတာ မသိရတာကြောင့်ပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR