” ဆရာဝန် ပြသင့်ပြီ ” အကြမ်းစား အင်တာဗျူး လုပ်ခဲ့တဲ့ ရော်နယ်ဒို ကို အကြံပေးလိုက်တဲ့ အီယန်ရိုက်

အာဆင်နယ် အသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်း တစ်ဦးဖြစ်တဲ့ အီယန်ရိုက် ကတော့ မန်ချက်စတာ ယူနိုက်တက်် အသင်းမှာ အနာဂတ် ဆက်ရှိဖို့ မသေချာတော့တဲ့ ခရစ္စတီယာနို ရော်နယ်ဒို အနေနဲ့ အနှုတ်လက္ခဏာဆောင်တဲ့ အရာတွေ ဖုံးလွှမ်းနေတာကို ပျောက်ကင်းစေဖို့ ကုသမှု ခံယူသင့်တယ်လို့ အကြံပေးသွားခဲ့လိုက်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူး ဖြစ်သူ ခရစ္စတီယာနို ရော်နယ်ဒို ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေ​နေ့တုန််းက ပီယာ့စ် မော်ဂန် နဲ့ အင်တာဗျူး လုပ်ဆောင်ခဲ့ရာမှာ အသင်းဟာ သူ့အပေါ် သစ္စာဖောက်ခဲ့ကြောင်း ၊ နည်းပြက သူ့အပေါ် လေးစားသမှု မရှိကြောင်း ၊ ဂယ်ရီ နဗီးလ် က ကျော်ကြားဖို့ သူ့ကို အသုံးချနေခဲ့ကြောင်း ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ် ။

ဒါ့အပြင် သူဟာ နည်းပြဟောင်း ရန်းဂနစ်နဲ့ အသင်းဖော်ဟောင်း ဝိန်းရွန်းနီ တို့ အပေါ်လည်း ဝေဖန်မှုတွေ ပြုလုပ်ခဲ့ပါသေးတယ် ။ အခုတော့ အာဆင်နယ် ဂန္တဝင် အီယန်ရိုက်် က The Kelly and Wrighty show မှာ ရော်နယ်ဒို လုပ်ခဲ့တာတွေက စိတ်မကောင်းစရာပဲလို့ ပြောခဲ့ပြီး အကြံပြုစကား ဆိုခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

” ခရစ္စတီယာနို ရော်နယ််ဒို ဖက်က ကစားသမား ဘဝမှာ လုပ်ဆောင်ခဲ့တာ ၊ အောင်မြင်မှုတွေ ရယူနိုင်ခဲ့တာကို ထည့်တွက်လိုက်မယ်ဆိုရင် အခု အဖြစ်အပျက်က တကယ့်ကို ဝမ်းနည်းစရာကောင်းလှပါတယ် ။ သူ့ရဲ့ ကစားသမား ဘဝ နောက်ဆုံးအချိန်ကို ကိုင်တွယ်မှု မပြုလုပ်နိုင်ခဲ့ခြင်းပါပဲ ”

” အဲ့တာက ကျွန်တော်တို့ အားလုံး ဖြစ်လေ့ရှိတတ်ကြပါတယ် ။ အဲ့တာမျိုး ကျွန်တော်လည်း ဖြစ်ခဲ့ဖူး ပါတယ် ။ ခင်ဗျားရဲ့ စိတ်ထဲ ‘ ဒီလိုကြီးလား ? ‘ ဆိုတဲ့ အတွေးတွေ ဝင်ရောက်လာတတ်တယ်လေ ။ သူဟာ အနှုတ်လက္ခဏာ ဆောင်ကျဥ်းတဲ့ အရာတွေကို နားထောင်လေ့ ရှိတတ်သူတော့ မဟုတ်ပါဘူး ။ ဒါပေမဲ့ အဲ့တာတွေ အခုတော့ သူ့ဆီကို ရောက်လာခဲ့ပါပြီ ”

” ဒါဟာ သူ့အတွက်တော့ ခက်ခဲ့နေမှာပါပဲ ။ သူ့ အနေနဲ့ ကျွမ်းကျင်သူ (စိတ်ဆရာဝန်) နဲ့ တွေ့ဆုံသင့်တဲ့ အနေအထားမျိိုး ဖြစ်နေပါပြီ ” လို့ အီယန်ရိုက် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။ ကမ္ဘာ့ အကောင်းဆုံး ကစားသမား တစ်ဦး အဖြစ် သတ်မှတ်ခံထားခဲ့ရတဲ့ ရော်နယ်ဒို ဟာ ဒီရာသီမှာတော့ ထင်ထားတာတွေ ဖြစ်မလာခဲ့ပါဘူး ။

သူဟာ နွေတုန်းက မိသားစု ကိစ္စကို အကြောင်းပြပြီး ရာသီိကြို ပွဲစဥ်တွေမှာ မပါဝင်ခဲ့သလို ထိုက်သင့်တဲ့ ကမ်းလှမ််းမှု ရရှိခဲ့ပါက အသင်းမှ ထွက်ခွာခွင့်ပေးဖို့ အသင်းဖက်ကို တောင်းဆိုခဲ့သူပဲ ဖြစ်ပါတယ် ။ ဒါ့အပြင် အသင်း အတွက်် ကစားပေးခဲ့တဲ့ ပထမဆုံး ရာသီကြို ပွဲစဥ်မှာလည်း ပွဲမပြီးခင် ကွင်းထဲမှ ထွက်ခွာခဲ့ပါသေးတယ် ။

အဲ့ဒီနောက် နည်းပြ တန်ဟတ်က ရာသီကြို ပွဲစဥ်တွေမှာ မပါတဲ့ ရော်နယ်ဒို ဟာ ကြံ့ခိုင်မှုတွေ မပြည့်ဝသေးဘူးဆိုတဲ့ ခေါင်းစဥ်နဲ့ ပွဲထွက်ခွင့် မပေးပဲ လူစားဝင် ကစားခွင့်တွေကိုသာ ပေးဆောင်ခဲ့ပါတယ် ။ ဒါ့အပြင် တိုက်စစ်မှူး ဖြစ်တဲ့ မာရှယ် ဒဏ်ရာရခဲ့တဲ့ ရာသီအစ ပွဲစဥ်တွေမှာလည််း ရော်နယ်ဒို အစား ရပ်ရှ်ဖို့ ကို တိုက်စစ်မှာ ကစားစေခဲ့ပါတယ် ။

အဲ့ဒီနောက် မန်စီးတီးကို 6 – 3 နဲ့ ဂိုးပြတ် ရှုံးနိမ့်ခဲ့တဲ့ ပွဲစဥ်မှာ ပွဲထွက်ခွင့်ရော ၊ လူစားဝင်ခွင့်ပါ မပေးခဲ့တာမှ စတင်ပြီး တော့တင်ဟမ် ဟော့ စပါးနဲ့ ပွဲမှာ ပွဲပြီးခါနီး လူစားဝင် ကစားဖို့ ငြင်းဆန်ပြီး အဝတ်လဲခန်းထဲ ဝင်ရောက်သွားခဲ့တာမှတဆင့် သူနဲ့ တန်ဟတ် တို့အကြား အဖုအထစ်တွေ တစ်စထက်တစ်စ ကြီးမားလာခဲ့ပြီး အခုလို အင်တာဗျုး တစ်ခု ဖြစ်စေဖို့ အကြောင်းဖန်ခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar