အီရန်နဲ့ကမ္ဘာ့ဖလား အဖွင့်ပွဲစဉ်အတွက် အင်္ဂလန်ရဲ့ ပွဲထွက် XI နဲ့ အသုံးပြုသင့်တဲ့ ကစားကွက်ကို ရွေးချယ်လိုက်တဲ့ ဂယ်ရီနဗီး

လာမည့် နို၀င်ဘာလ ၂၁ ရက်နေ့ အီရန် နဲ့ ကစားသွားရမယ့် ကမ္ဘာ့ဖလား အဖွင့်ပွဲစဉ် မတိုင်မီ စကိုင်းစပေါ့ရဲ့ pundit ဖြစ်တဲ့ ဂယ်ရီနဗီးက သူ့စိတ်ကြိုက် ပွဲထွက် ကစားသမား ၁၁ ယောက် နဲ့ အသုံးပြုသင့်တဲ့ ကစားကွက် တို့ကို ရွေးချယ်ပေးသွားခဲ့ပါတယ်။ ဂါရက်ဆောက်ဂိတ်ဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ကမ္ဘာ့ဖလားအတွက် အပြီးသတ် ၂၆ ဦး လူစာရင်းကို ရွေးချယ်သွားခဲ့ပြီး အခုဆိုရင် ကာတာ ကမ္ဘာ့ဖလားရဲ့ အဖွင့်ပွဲစဉ် အတွက် ပြင်ဆင်မှုတွေ ပြုလုပ်နေပြီ ဖြစ်ပါတယ်။

မန်ယူနိုက်တက် နောက်ခံလူဟောင်း ဂယ်ရီနဗီးက အင်္ဂလန် အနေနဲ့ အီရန်နဲ့ ပွဲစဉ်မှာ ဘာကြောင့် နောက်တန်း ၃ ယောက် ကစားကွက်ကို ရွေးချယ်သင့်သလဲ ဆိုတာ ပြောပြသွားခဲ့ပြီး သူ့စိတ်ကြိုက် ပွဲထွက် ၁၁ ယောက်ကိုလည်း ရွေးချယ်သွားခဲ့ပါတယ်။

နဗီးက “ကျနော်ကတော့ နောက်တန်း ၃ ယောက် ကစားကွက်ကိုပဲ ရွေးချယ်မှာပါ။ အကြောင်းကတော့ ဂါရက်ဟာ ပြီးခဲ့တဲ့ ပွဲစဉ်တစ်ချို့မှာ ဒီကစားကွက်ကိုပဲ အသုံးပြုသွားခဲ့လို့ပါ။ သူ နောက်တန်း ၄ ယောက် ကစားကွက်ကို ပြောင်းလဲခဲ့မယ် ဆိုရင် ကျနော် အံ့သြမိမှာပါ။ သူ့ဆီမှာ ယုံကြည်ရတဲ့ ဗဟိုနောက်ခံ အတွဲ မရှိပါဘူး။ ဘယ်ဗဟိုနောက်ခံလူ ၂ ဦးကို သူယုံကြည်လို့ရလဲ? ကံမကောင်းစွာနဲ့ ဘယ်သူမှ လုံလောက်တဲ့ ကောင်းမွန်မှု မရှိပါဘူး။ အီရန် ယူအက်စ်အေ နဲ့ ဝေးလ် တို့ကို အနိုင်ယူဖို့ အတွက် အကောင်းဆုံး နည်းလမ်းတွေထဲက တစ်ခုကတော့ သူတို့ရဲ့ တန်ပြန်တိုက်စစ်ကို ရပ်တန့်ပြီး ခံစစ်ကို လုံခြုံအောင် ကစားတာပါပဲ။ နိုင်ငံတကာ ဘောလုံးလောကမှာ တန်ပြန်တိုက်စစ်ဆင်ခံရပြီ ဆိုရင် ပြသနာ များတာပါပဲ။

နောက်တန်း ၃ ယောက် ကစားကွက်ဟာ တိုက်စစ်မှာ ဘောလုံး ပျက်သွားတဲ့ အချိန် ပြိုင်ဘက်ရဲ့ တန်ပြန်တိုက်စစ် လမ်းကြောင်းတွေကို ကောင်းကောင်း ကာဗာ လုပ်ထားလို့ ရနိုင်ပါတယ်။ USA နဲ့ ဝေးလ် တို့မှာ တန်ပြန်တိုက်စစ်ကို ကောင်းကောင်း ဆင်နိုင်တဲ့ ကစားသမားတွေ ရှိပါတယ်။ အားနည်းတဲ့ အသင်းတွေနဲ့ ရင်ဆိုင်ရာမှာ ဒီကစားကွက်က အတော့်ကို အသုံး၀င်မှာ ဖြစ်ပေမယ့် အသင်းကောင်းတွေနဲ့တော့ မသေချာပါဘူး။ အလက်ဇန်းဒါးအာနိုး နဲ့ လူ့ရှော တို့ဟာ တိုက်စစ်ကို လိုက်ပါမှာ ဖြစ်တာကြောင့် ကစားကွက်က ၃-၄-၃ ပုံစံမျိုး ဖြစ်သွားမှာပါ။ အကယ်၍ ဘယ်လင်ဟမ် ရှေ့တက်သွားမယ် ဆိုရင် ဒီနှစ်ဦးထဲက တစ်ဦးက ကွင်းလယ်ကို ၀င်ဖြည့်ပေးရမှာပါ။

ဆောက်ဂိတ်ဟာ နိုင်ငံတကာ ဘောလုံးလောက အကြောင်းကို ကောင်းကောင်း သိထားသူပါ။ ခံစစ်ကို ကောင်းကောင်း တည်ဆောက်ကာ သူ့ရဲ့ တိုက်စစ် ကစားသမားတွေက ဂိုးယူပေးနိုင်မယ် ဆိုတာ သိနေပါတယ်။ အလက်ဇန်းဒါးအာနိုး အနေနဲ့ ရှုံးထွက်ပွဲစဉ်တွေကို ကစားခွင့် ရလိမ့်မယ်လို့ ကျနော် မထင်ပါဘူး။ ညာခြမ်းက ဝေါ်ကာ နဲ့ ထရစ်ပီးယား တို့ဟာ ကြံ့ခိုင်မှု ပြည့်၀လာပြီး ပွဲတွေ ခက်ခဲလာရင် ထရန့် နဲ့ ဘန်ဝိုက် တို့အစား ကစားရမှာပါ။

ပြိုင်ပွဲအတွက် ပြင်ဆင်ချိန်က နည်းပါးတာကြောင့် သူဟာ ကစားကွက်ကို အပြောင်းအလဲ လုပ်သွားမယ်လို့ ကျနော် မထင်ပါဘူး။ ကစားသမားတွေ အပြောင်းအလဲ လုပ်ကောင်း လုပ်မှာပါ။ ဒါပေမယ့် system ကို ဟိုပြောင်း ဒီပြောင်း လုပ်လို့ မရပါဘူး။ သူတို့ဟာ မတ်လက နောက်တန်း ၃ ယောက်နဲ့ ကစားခဲ့တာပါ။ နောက်တန်း လေးယောက်နဲ့ မကစားတာ ၈ လလောက် ရှိနေပါပြီ။ သူဟာ မတ်လက သုံးခဲ့တဲ့ system ကိုပဲ ကမ္ဘာ့ဖလားမှာ သုံးသွားမှာပါ။” လို့ ဆိုလိုက်ပါတယ်။

SM