သစ္စာဖောက်တယ် ၊ မလေးစားဘူး ၊ နည်းပြရောဟုတ်ရဲ့လား ၊ မနာလိုနေတာ . . . . . ရိုနယ်ဒို ရဲ့ ပေါက်ကွဲအင်တာဗျုးက အပိုင်းအစများ

ခရစ္စတီယာနို ရိုနယ်ဒို ကတော့ သူ ပြောတဲ့အတိုင်း လုပ်ချ သွားပါပြီ ။ နွေရာသီ အပြောင်းအရွှေ့ ပိတ်ခါနီး တုန်းက အင်တာဗျူး တခုလုပ်မယ် ၊ အမှန်တွေ ကို ထုတ်ပြောမယ်လို့ ပြောခဲ့တဲ့ အတိုင်းပဲ ပေါ်တူဂီသားကြီး လုပ်သွားခဲ့ ပါပြီ ။

အာဆင်နယ် ပရိသတ် တယောက် ဖြစ်ပေမယ့် ရိုနယ်ဒို ရဲ့ အမာခံ ပရိသတ်လည်း ဖြစ်တဲ့ ပီယာ့စ် မော်ဂန် နဲ့ အင်တာဗျူး မှာ ရိုနယ်ဒို က သူ့စိတ်ထဲက ခံစားချက်တွေ ကို ဗွင်းဗွင်း ရှင်းရှင်း ထုတ်ပြောသွားခဲ့ ပါတယ် ။

ရိုနယ်ဒို ဟာ ပြီးခဲ့တဲ့ ရာသီက မန်ချက်စတာ ယူနိုက်တက် ကို ပြန်လည် ပြောင်းရွှေ့ လာခဲ့သူပါ ။ အသင်းရဲ့ အဓိက ဂိုးသွင်းရှင်လည်း ဖြစ်ခဲ့ ပါတယ် ။ ဟက်ထရစ် ၂ ကြိမ် အပါအဝင် ဂိုး ၂၀ ကျော် သွင်းပေးခဲ့ပြီး အိုးထရက်ဖိုဒ့် တကျော့ပြန် ခရီးဟာ လှပခဲ့ပါတယ် ။

ဒါပေမယ့် ဒီရာသီမှာတော့ ရာသီကြို ပြင်ဆင်မှုမှာ လာရောက် မပူးပေါင်းဘဲ အသင်းသစ် ရှာဖွေ ရာကစလို့ အခု ကမ္ဘာ့ဖလား ပြိုင်ပွဲ မတိုင်ခင် အထိ ရိုနယ်ဒို နဲ့ အသင်း အကြားမှာ အဆင်မပြေမှုတွေ ဆက်တိုက် ဖြစ်ခဲ့ပါတယ် ။

လူစားလဲ ဝင်ဖို့ ငြင်းဆန်လို့ ပွဲပေးမကန်ဘဲ လေ့ကျင့်ခန်း သီးသန့် ဆင်းခိုင်းခဲ့တာ ၊ ကွင်းထဲက စောပြန်သွားလို့ သတိပေး ခံရတာ ၊ နာဖျားနေတာတွေ အဗကြာင်းပြပြီး ပွဲ ဝင် မကစားတာ ၊ နည်းပြ ရဲ့ ချန်လှပ်မှု ကို တကြိမ်ပြီး တကြိမ် ခံခဲ့ရတာတွေ ရဲ့ ရလဒ် ကတော့ ရိုနယ်ဒို ရဲ့ ကိန်း ဂဏန်းတွေ ကျဆင်းလာတာပါပဲ ။

မနှစ်က အသင်းရဲ့ အဓိက ဂိုးသွင်းသူ ဖြစ်ခဲ့တဲ့ ရိုနယ်ဒို ဟာ ဒီရာသီမှာတော့ ၁၀ ဂိုးတောင် ပြည့်အောင် မသွင်းယူနိုင် သေးပါဘူး ။

ပေါ်တူဂီ တိုက်စစ်မှူးကြီး ဟာ မနှစ်က နွေတုန်းက မန်စီးတီး ကို ရောက်ဖို့ နီးစပ်ခဲ့သူပါ ။ ဒါပေမယ့် ယူနိုက်တက် နဲ့ ပြန်ပေါင်းထုပ်ခဲ့ ပါတယ် ။ ရိုနယ်ဒို ဘက်က ကြည့်ရင်တော့ ဒါဟာ သူ့ရဲ့ ယူနိုက်တက် အပေါ် သစ္စာ ရှိမှု ရဲ့ ပြယုဂ် ဖြစ်တယ်လို့ သတ်မှတ်ခဲ့ ပါတယ် ။ ဒါပေမယ့် အသင်းဘက်က သူ့ကို ဆက်ဆံ တဲ့ ပုံစံ ကိုတော့ သူ သဘောမကျ ဖြစ်နေတာ အသေအချာပါပဲ ။

“မန်စီးတီး ကို သွားဖို့ ဆိုတာ မဖြစ်သင့်ဘူး ( မဖြစ်နိုင်ဘူး ) လို့ ဆာအဲလက်စ် ကျွန်တော့ကို ပြောခဲ့ပါတယ် ။ ကျွန်တော် တခွန်းပါပဲ ။ OK Boss လို့ ပြောပြီး ဒီကို ပြောင်းလာခဲ့တာပါ ။ မန်ချက်စတာ ယူနိုက်တက် ကို ပြန်ပြောင်းလာဖို့ ကျွန်တော့ နှလုံးသားရဲ့ နောက်ကို ကျွန်တော် လိုက်ခဲ့တာပါ”

“အခု ကျွန်တော် သစ္စာဖောက် ခံရတယ်လို့ ထင်နေမိပါတယ် ။ အသင်းက ကျွန်တော့ကို ထွက်သွားရအောင် တွန်းအားပေး နေပါတယ် ။ နည်းပြတင် မဟုတ်ပါဘူး ၊ တခြားသူတွေ ၊ ကလပ် မှာ ရှိနေတဲ့ သူတချို့လည်း ပါပါတယ် ။ ဒီနှစ်မှ မဟုတ်ပါဘူး ၊ မနှစ်တုန်းကလည်း အဲ့ဒိလို ဖြစ်နေတယ်လို့ ခံစားမိပါတယ်” လို့ ရိုနယ်ဒို က ပြောဆိုခဲ့ ပါတယ် ။

ရိုနယ်ဒို ဟာ ဒီရာသီမှာ နည်းပြသစ် အဲရစ်တန်ဟတ် နဲ့ အဆင်မပြေမှုတွေ ရှိခဲ့ ပါတယ် ။ ရာသီကြို လေ့ကျင့်ခန်း လာမဆင်းတာ ၊ ကွင်းထဲက စောပြန်သွားတာတွေ ကို တန်ဟတ် လက်မခံဘဲ ရိုနယ်ဒို ကို ပွဲပေး မကစားခဲ့သလို ရိုနယ်ဒို ကလည်း သူ့ကို အခွင့်အရေး တမင်မပေးဘဲ ချောင်ထိုးထားတယ်လို့ ယူဆ ခဲ့ပါတယ် ။

မနှစ် တုန်းက အသင်းကို ယာယီ ကိုင်တွယ်ခဲ့တဲ့ ရပ်ဖ်ရန်းနစ် ( လက်ရှိ သြစတြီးယား နည်းပြ ) နဲ့လည်း ရိုနယ်ဒို အဆင်ပြေခဲ့ပုံ မရပါဘူး ။

“အဲရစ် တန်ဟတ် ကို ကျွန်တော် မလေးစား နိုင်ပါဘူ ။ ဘာလို့လည်း ဆိုတော့ သူလည်း ကျွန်တော့ အပေါ် လေးစားမှုမှ မရှိခဲ့တာ ။ ဒါက ရှင်းရှင်းလေး ပါပဲ ။ အမှန်တော့ ဒီစကားတွေကို ကျွန်တော် မပြောသင့်ပါဘူး ၊ ဒါပေမယ့် ကျွန်တော် ဂရုမစိုက်တော့ ပါဘူး ။ လူတွေ အမှန်တရားကို သိသင့်ပါတယ် ။ ကျွန်တော် သစ္စာဖောက် ခံရတယ်လို့ ခံစားခဲ့ရလို့ပါ”

“အိုလေး ( ဆိုးရှား ) ထွက်သွားချိန်မှာ အားကစား ဒါရိုက်တာ တယောက်ကို သူတို့ ခေါ်ပြီး နည်းပြ လုပ်ခိုင်း ခဲ့ပါတယ် ။ ဘယ်သူမှ ဒါကို နားမလည်ကြပါဘူး ။ ဒီလူ ( ရပ်ဖ် ရန်းနစ် ) က နည်းပြတောင် မဟုတ်ပါဘူး ။ နည်းပြ မဟုတ်တဲ့သူ တယောက်က အသင်းကို ဘယ်လို နည်းပြမှာလဲ”

“မန်ချက်စတာ ယူနိုက်တက် လို ကလပ်ကြီး တခုက အားကစား ဒါရိုက်တာ တယောက်ကို နည်းပြ အလုပ် ခန့်ခဲ့ ပါတယ် ။ ကျွန်တော့တင် မဟုတ်ပါဘူး ၊ တကမ္ဘာလုံးကို surprise တိုက်လိုက်တာပါပဲ ။ ကျွန်တော်ဆိုရင် သူ့ကို ကြားတောင် မကြားဖူးပါဘူး” လို့ ရိုနယ်ဒို က ရန်းနစ် ကို နည်းပြ ခန့်အပ်မှု အကြောင်းကို ပြောဆိုသွားခဲ့ ပါတယ် ။

ဆက်လက်ပြီး တိုက်စစ်မှူးကြီး က သူ့ကို ဝေဖန်ခဲ့တဲ့ အသင်းဖော်ဟောင်း ဝိန်းရွန်းနီ ကိုလည်း ပြောဆို တုန့်ပြန် သွားခဲ့ ပါတယ် ။

“သူ ဘာလို့ ကျွန်တော့ကို ဒီလောက် ဝေဖန် နေရလဲဆိုတာ မသိပါဘူး ။ ဖြစ်နိုင်တာက သူက နားသွားရပြီး ကျွန်တော် က ဆက် ကစားနေရလို့ပဲ ဖြစ်မှာပါ ။ သူ့ထက် ကျွန်တော် ပိုကြည့်ကောင်း တယ်လို့တော့ မပြောချင် ပါဘူး ၊ ဒါပေမယ့် ဒါက အမှန်ပဲလေ” လို့ ရိုနယ်ဒို က ရွန်းနီ ကို တုန့်ပြန်ပြောဆို သွားခဲ့ ပါတယ် ။

“ကျွန်တော် မန်ချက်စတာ ယူနိုက်တက် ကို ချစ်ပါတယ် ။ ပရိသတ်တွေ ကိုလည်း ချစ်ပါတယ် ။ သူတို့က ကျွန်တော့ ဘက်ကပဲ အမြဲ ရပ်တည် ပေးခဲ့သူတွေပါ ။ ဒါပေမယ့် သူတို့ ( အသင်းဘုတ်အဖွဲ့တွေ ကို ဆိုလိုပုံရသည် ) က ကွဲပြားနေပါတယ်”

“ဆာအဲလက်စ် ထွက်သွားပြီး ကတည်းက အသင်းရဲ့ တိုးတက်မှုက ဇီးရိုးပါ ။ ပီကာဆို ပြောသလိုပါပဲ ၊ တခုခု ကို ပြန်တည်ဆောက်ဖို့ ဖြိုဖျက်ပစ်ရတယ် ဆိုတဲ့ စကားလိုပါ ။ အသင်းက ဒီလိုလုပ်ဖို့ လိုနေပါပြီ ။ ဒါကို ကျွန်တော် ကနေ စရမယ် ဆိုရင်လည်း စလိုက်ပါ ။ ပြဿနာ မရှိပါဘူး ။ မန်ချက်စတာ ယူနိုက်တက် လို ကလပ်မျိုးက ထိပ်မှာ ရှိနေရမှာပါ” လို့ ရိုနယ်ဒို က ပြောသွားခဲ့ ပါတယ် ။

မနေ့ညပိုင်းက ပေါ်ထွက် လာတဲ့ အဆိုပါ အကြောင်းအရာတွေဟာ ပီယာ့စ် မော်ဂန် နဲ့ ပြုလုပ် သွားတဲ့ အင်တာဗျူး ရဲ့ တစိတ်တပိုင်းသာ ဖြစ်တယ်လို့ သိရပါတယ် ။

လာမယ့် ရက်ပိုင်း အတွင်းမှာ အင်တာဗျူး အပြည့်အစုံကို ထပ်မံ ထုတ်လွှင့်သွားဦးမယ်လို့ ကြားသိရပါတယ် ။

ဘာတွေ ထပ်ဖြစ်လာမယ်ဆိုတာတော့ မပြောတတ်တော့ပါဘူး ။

သေချာတာကတော့ ရိုနယ်ဒို နဲ့ မန်ချက်စတာ ယူနိုက်တက် ရဲ့ ဇာတ်လမ်းဟာ ဒီနေရာမှာတင်ပဲ အဆုံးသတ်သွားခဲ့ပါပြီ ။

 

SPORTS MYANMAR