ယူနိုက်တက် နိုင်ပွဲရတုန်းမှာ ချိန်ကိုက်ဖောက်ခွဲတဲ့ ရိုနယ်ဒို ၊ မပြည့်ဝခဲ့တဲ့ Speed ရဲ့ ဆန္ဒ ၊ နီမှကြိုက်တဲ့ မော်ရင်ဟို ၊ ကမ္ဘာ့ဖလားအကြို ကလပ်အသင်းပွဲရလဒ်တွေနဲ့ . . . နောက်ဆုံးရ အားကစားသတင်းများ

မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေ မှာတော့ အက်စတွန် ဗီလာ ဟာ အဝေးကွင်းမှာ ဘရိုက်တန် ကို ၂-၁ နဲ့ အနိုင် ရရှိခဲ့ ပါတယ် ။ ဗီလာ အတွက် ၂ ဂိုးစလုံးကို တိုက်စစ်မှူး ဒန်နီ အင့်စ် က သွင်းယူပေးခဲ့တာပါ ။ ဗီလာ နည်းပြသစ် အမ်မရီ အတွက်တော့ အဖွင့်လိဂ် ၂ ပွဲဆက်တိုက် အနိုင် ရရှိခဲ့ တာပါပဲ ။

မန်ချက်စတာ ယူနိုက်တက် ကလည်း ဖူလ်ဟမ် အသင်းကို အဝေးကွင်းမှာ ၂-၁ နဲ့ အနိုင်ရခဲ့ ပါတယ် ။ ယူနိုက်တက် အတွက် အဲရစ်ဆင် က အဖွင့်ဂိုး သွင်းပေးခဲ့ပြီး ဖူလ်ဟမ် ဘက်က ယူနိုက်တက် ကစားသမားဟောင်း ဒန်နီရယ် ဂျိမ်းစ် က ပြန်လည် ချေပခဲ့တာပါ ။

မိနစ် ၉၀ အလွန်မှာတော့ လူစားဝင်လာတဲ့ လူငယ်လေး ဂါနာချို က ယူနိုက်တက် အတွက် အနိုင် ရစေမယ့် ဂိုးကို သွင်းယူပေး သွားခဲ့ ပါတယ် ။

အီတလီ စီးရီးအေမှာတော့ အေစီမီလန် ဟာ ဖီအိုရင်တီးနား အသင်းကို ၂-၁ နဲ့ အနိုင် ရရှိပြီး အဆင့် ၁ က နာပိုလီ နဲ့ အမှတ်ကို ၈ မှတ်ထိ ကျဉ်းအောင် စွမ်းဆောင် နိုင်ခဲ့ ပါတယ် ။ အေစီ တိုက်စစ်မှူး ရာဖေး လီယို ကတော့ ဂိုးသွင်း အပြီးမှာ ရိုနယ်ဒို လို အောင်ပွဲခံ သွားခဲ့ ပါတယ် ။

ယူဗင်တပ် ကလည်း လာဇီယို ကို ၃-၀ နဲ့ ဂိုးပြတ် အနိုင်ရခဲ့ပြီး တိုက်စစ်မှူး မွိုက်စ်ကင်း က ၂ ဂိုး သွင်းပေးခဲ့ ပါတယ် ။ အင်တာ မီလန် ကတော့ အတ္တလန်တာ ကို အဝေးကွင်းမှာ အကြိတ်အနယ် ကစားခဲ့ပြီး ၃-၂ နဲ့ အနိုင် ရရှိခဲ့ ပါတယ် ။

ရိုးမား ကတော့ တိုရီနို အသင်းနဲ့ ၁ ဂိုးစီ သရေကျခဲ့ပြီး ရိုးမား ကွင်းလယ်လူ မာတစ် က နောက်ဆုံး မိနစ်မှာ ချေပဂိုး သွင်းယူ ပေးခဲ့တာ ဖြစ်ပါတယ် ။

ဒီပွဲမှာလည်း ရိုးမား နည်းပြ မော်ရင်ဟို တယောက် အနီကတ် နဲ့ ထုတ်ခံ ခဲ့ရပြန် ပါတယ် ။

နာမည်ကျော် Youtuber တယောက် ဖြစ်တဲ့ Speed ဟာ သူ့ရဲ့ Idol ဖြစ်သူ ရိုနယ်ဒို ကို မြင်တွေ့ လိုတာကြောင့် ပြီးခဲ့တဲ့ ပိတ်ရက် က ဗီလာ နဲ့ FA Cup ပွဲ ၊ မနေ့ညက ဖူလ်ဟမ် နဲ့ ပွဲတွေကို လာရောက် ခဲ့ပေမယ့် ၂ ပွဲစလုံးကို ရိုနယ်ဒို ပါဝင် မကစားခဲ့တာကြောင့် ဆန္ဒ မပြည့်ဝဘဲ အိမ်ပြန် ခဲ့ရပါတယ် ။

အဲ့ဒိ အချိန်မှာတော့ ရိုနယ်ဒို ဟာ သူ့ရဲ့ အမာခံ ပရိသတ် တယောက်လည်းဖြစ် ၊ အာဆင်နယ် ပရိသတ် တဦးလည်း ဖြစ်တဲ့ ပီယာ့စ် မော်ဂန် နဲ့ အင်တာဗျူး ကို ထုတ်လွှင့်ခဲ့ ပါတယ် ။

အဆိုပါ အင်တာဗျူး ( အပြည့်မဟုတ်သေး ) မှာ ရိုနယ်ဒို ရဲ့ ကလပ် အသင်း မန်ချက်စတာ ယူနိုက်တက် အပေါ် ခံစားချက် ၊ အသင်း ပရိသတ်တွေ အပေါ် ခံစားချက် ၊ လက်ရှိ နည်းပြ တန်ဟတ် နဲ့ နည်းပြဟောင်း ရန်းနစ် တို့ အတွက် ဝေဖန်စကားတွေ ၊ အသင်းဖော်ဟောင်း ဝိန်းရွန်းနီ ကို တုန့်ပြန် ပြောဆိုမှုတွေ ပါဝင်လာခဲ့ ပါတယ် ။

ဒီ အင်တာဗျူးဟာ ဘောလုံးလောက ကို လှုပ်ခတ် စေခဲ့ပြီး ဖေဝန်သံ မျိုးစုံ ထွက်ပေါ်ခဲ့ ပါတယ် ။ မကြာခင် မှာ အင်တာဗျူး အပြည့် ထွက်လာဦးမှာ ဖြစ်ပြီး ပိုပြီး ဆူညံပွက်လောရိုက် ဦးမယ်လို့ သုံးသပ် ထားကြပါတယ် ။

နာမည်ကျော် အဆိုတော် Dua Lipa က သူမ ဟာ ကာတာ ကမ္ဘာ့ဖလား အဖွင့်ပွဲနေ့မှာ သီဆို ဖျော်ဖြေမယ် ဆိုတဲ့ သတင်းကို မဟုတ်မှန်ကြောင်း ငြင်းဆန်ခဲ့ပြီး ကာတာ ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကို ဝေဖန် ရှုံ့ချ သွားခဲ့ ပါတယ် ။

မန်စီးတီး နည်းပြ ဂွာဒီယိုလာ ဟာ ကမ္ဘာ့ဖလား နားရက် အတွင်းမှာ သူ့ရဲ့ အနာဂါတ် ကို သေချာ ပြန်လည် တွေးတောဖို့ ရှိနေပြီး စီးတီး အသင်း ပိုင်ရှင်တွေ ရှိရာ အဘူဒါဘီ ကို သွားရောက် တွေ့ဆုံဖို့လည်း စီစဉ် ထားတယ်လို့ ကြားသိရ ပါတယ် ။

အင်္ဂလန် စတားလေး ဂျုဒ် ဘယ်လင်ဂမ် ကတော့ ကမ္ဘာ့ဖလား အပြီးမှာ သူ့ရဲ့ အနာဂါတ် အတွက် ဒေါ့မွန် အသင်းနဲ့ ဆွေးနွေးသွားမယ် လို့ သိရှိရ ပါတယ် ။

SPORTS MYANMAR