ယူကရိန်း ကြယ်ပွင့် မူဒရစ်ခ် အနေနဲ့ အာဆင်နယ် အသင်းမှာ သွားရောက် ကစားသင့်တယ်လို့ အကြံပြုလိုက်တဲ့ ရိုမာနို

အပြောင်းအရွှေ့မှာ ဂုရု တစ်ဦး ဖြစ်တဲ့ ဖာဘရစ်ဇီယို ရိုမာနို က ပရီးမီးယားလိဂ် ဦးဆောင်သူ အာဆင်နယ် အသင်းဟာ မူဒရစ်ဒ် အတွက် သင့်တော် ကောင်းမွန်တဲ့ အသင်း ဖြစ်ကြောင်း Caughtoffside မှာ ပြောကြား သွားခဲ့ပါတယ် ။

” မူဒရစ်ခ် အတွက် အာဆင်နယ် အသင်းက ပြီးပြည့်စုံတဲ့ နေရာ ဖြစ်ပါလိမ့်မယ် ။ ပရီးမီးယားလိဂ် အသင်း ဖြစ်ခြင်း ၊ ရည်မှန်းချက် ကြီးမားတဲ့ Project ရှိခြင်း ၊ လူငယ် ကစားသမားများပြားခြင်း၊ အရမ်းတော်တဲ့ မန်နေဂျာ နဲ့ ဘုတ်အဖွဲ့ ရှိနေခြင်း စတဲ့ အချက်တွေနဲ့ ပြည့်စုံနေတဲ့ အသင်းပါ ။ ”

” အာဆင်နယ် က ခုထက်ထိ မူဒရစ်ခ် ကို ခေါ်ယူဖို့ စိတ်ဝင်စားနေဆဲပါ ၊ အပြောင်းအရွှေ့ ကိစ္စ ဆွေးနွေးဖို့လည်း ဆက်သွယ် လုပ်ဆောင်နေတယ်လို့ သိရပါတယ် ၊ အာဆင်နယ် က သူ့ကို သဘောကျပါတယ် ၊ ဒါပေမယ့် တခြားအသင်းတွေနဲ့ အပြိုင် ကြိုးပမ်း ရမှာပါ ။ ”

” ရှက်တာ က သတင်းထွက်နေတဲ့ ယူရို သန်း ၅၀-၅၅ သန်း ထက်တောင် ပိုလိုချင်နေပါတယ် ၊ ကျွန်တော့် အထင် အာဆင်နယ် အသင်းက လာမယ့် ဇန်နဝါရီမှာ ကစားသမားသစ်တွေ ခေါ်ယူနိုင်ရေး ရင်းနှီးမြှပ်နှံပါလိမ့်မယ် ၊ သူတို့က အခု ပရီးမီးယားလိဂ် မှာ အမြင့်ပျံနေတဲ့ အသင်းပါ ။ ”

” အမှတ်ပေး ဇယားမှာလည်း အောက်က အသင်းကို ငါးမှတ်တောင် ဖြတ်ထားနိုင်ပါတယ် ၊ ဒီလို အချိန်မှာ ကစားသမား အင်အား ဖြည့်တင်းဖို့ အခွင့်အရေး ရှိနေတာက အာဆင်နယ် အသင်းအတွက် သိပ်ကို ကောင်းမွန်တဲ့ အရာပါပဲ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

မူဒရစ်ခ်ကတော့ ပရီးမီးယားလိဂ် မှာ ကစားရဖို့ဟာ သူ့ရဲ့ အိပ်မက် ဖြစ်ကြောင်း ဆိုထားပြီး အာဆင်နယ် သာ ကမ်းလှမ်း လာရင် ငြင်းပယ် သွားမှာ မဟုတ်ဘူးလို့ အခိုင်အမာ ပြောကြား ထားဖူးပါတယ် ။

” ဆောင်းရာသီ အပြောင်းအရွှေ့ကျရင် ကျွန်တော်တို့ တွေ့မြင် ရပါလိမ့်မယ် ။ ကျွန်တော့်ကို လိုချင်ကြတဲ့ အသင်းတွေ နဲ့ ဆွေးနွေး ပြောဆိုမှုတွေ အများကြီး ရှိခဲ့ပါတယ် ၊ ဒါပေမယ့် ဒါက ပုံမှန်ပါပဲ ၊ ကျွန်တော် အခု ရှက်တာ မှာ ရှိနေပါတယ် ၊ ဒီအသင်းအတွက် ကျွန်တော် ကစားပေးချင်ပါတယ် ။ ”

” ရှက်တာ က ကျွန်တော့် အသင်းပါ ၊ ရှက်တာ က လူတွေအားလုံးကို ကျွန်တော် ချစ်ပါတယ် ၊ ရှက်တာက ကျွန်တော့် အိမ်ဆိုလည်း မှန်ပါတယ် ၊ အခု အချိန်မှာ ရှက်တာ အတွက်ပဲ လုံးဝ တွေးထားပါတယ် ၊ ဒါပေမယ့် ဆောင်းရာသီကျရင်တော့ ဘာဆက်ဖြစ်မလဲ စောင့်ကြည့်ရမှာပါ ။ ”

” ကစားသမားတိုင်းက ပရီးမီးယားလိဂ် မှာ ကစားချင်တဲ့ အိပ်မက် ရှိကြတာပါပဲ ၊ ပြောရတော့ ခက်ပါတယ် ၊ အာဆင်နယ် က အရမ်းကောင်းတဲ့ အသင်း ဖြစ်သလို သိပ်တော်တဲ့ နည်းပြလည်း ရှိနေပါတယ် ၊ သူတို့ ကစားတဲ့ပုံစံကိုလည်း ကျွန်တော် သဘောကျပါတယ် ၊ ကျွန်တော့်ဘက်ကတော့ အာဆင်နယ် ကို ပြောင်းဖို့ No လို့ ပြောမှာ မဟုတ်ဘူး ၊ ဒါပေမယ့် အပြောင်းအရွှေ့ကိစ္စတွေက ကျွန်တော့် တစ်ဦးတည်း ဆုံးဖြတ်ချက်အပေါ် မူမတည်ပါဘူး ။ ” လို့ ပြောကြား ခဲ့တာပါ ။

SM