ပုံစံကောင်းပြသနေတဲ့ ဖာမီနိုကို ဘရာဇီး လက်ရွေးစင်အသင်းကနေ ချန်လှပ်ခဲ့တဲ့ အပေါ် တုန့်ပြန်သွားခဲ့တဲ့ ကလော့

ယာဂန်ကလော့က ဒီရာသီမှာ ပုံစံကောင်း ပြသနေတဲ့ ဖာမီနိုကို လာမည့် ကမ္ဘာ့ဖလား အတွက် ဘရာဇီး လက်ရွေးစင် အသင်းကနေ ချန်လှပ်ထားခဲ့တဲ့ အပေါ် အံ့အားသင့်မိတယ်လို့ ၀န်ခံလိုက်ပေမယ့် လီဗာပူး တိုက်စစ်မှုးနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ ကိစ္စကိုတော့ ဆွေးနွေးလျက် ရှိနေတယ်လို့ ဆိုသွားပါတယ်။ ဖာမီနိုဟာ ပြီးခဲ့တဲ့ စက်တင်ဘာလက ဂါနာ တူနီးရှား တို့နဲ့ ခြေစမ်းပွဲစဉ်တွေ အတွက် ဘရာဇီး လက်ရွေးစင် အသင်းမှာ ရွေးချယ်ခံခဲ့ရပေမယ့်လည်း ၀င်ကစားခွင့် မရခဲ့ဘဲ ၎င်းဟာ ပြီးခဲ့တဲ့နှစ်ရဲ့ ကိုပါအမေရိက ပြီးကတည်းက လက်ရွေးစင် အသင်း အတွက် ကစားခွင့် မရသေးပါဘူး။

ဒါပေမယ့်လည်း ဖာမီနိုဟာ မနေ့ညက ဆောက်သမ်တန်ကို ၃-၁ နဲ့ နိုင်ခဲ့တဲ့ ပွဲစဉ်မှာ သွင်းယူခဲ့တဲ့ ဂိုးအပါအ၀င် ဒီရာသီမှာ လီဗာပူး အတွက် ပြိုင်ပွဲစုံ ၁၉ ပွဲမှာ ၉ ဂိုးသွင်းကာ ၄ ဂိုးဖန်တီးပေးထားခဲ့ပြီး အကောင်းဆုံး ပုံစံကို ပြသနေပါတယ်။ ဒါပေမယ့်လည်း ဘရာဇီး နည်းပြ တီတေးကတော့ ကာတာ ကမ္ဘာ့ဖလား အတွက် အပြီးသတ် လူစာရင်းမှာ ဖာမီနိုကို ချန်လှပ်ပစ်ခဲ့ပြီး ကလော့ ကတော့ ဒီဆုံးဖြတ်ချက် အပေါ် နားမလည်နိုင်အောင် ဖြစ်နေပါတယ်။

ကမ္ဘာ့ဖလား အတွက် ဘရာဇီး လူစာရင်းမှာ ဖာမီနိုကို ချန်လှပ်ခဲ့တဲ့ အပေါ် ကလော့က “ဒါဟာ ကစားသမား အတွက် စိတ်ထိခိုက်စရာ ဆိုတာ အသေအချာ ပါပဲ။ ဒါရဲ့ သက်ရောက်မှုကို လေ့ကျင့်ရေးကွင်းမှာ မမြင်ရပေမယ့် သူ့ရဲ့ စိတ်ဓာတ်မှာတော့ ဒီလို သေချာပေါက် ဖြစ်နေမှာပါ။ ရိုးရိုးသားသား ပြောရရင် ကျွန်တော့် အတွက်လည်း ဒါဟာ အံ့အားသင့်စရာ ဖြစ်ပါတယ်။ ကျွန်တော် ကတော့ ဘော်ဘီ (ဖာမီနို) လို ကစားသမားမျိုးကို ပိုင်ဆိုင်ထားတဲ့ အတွက် ပျော်ရွှင်မိပါတယ်။ ဒါပေမယ့် သူဟာ အပြီးသတ် လူစာရင်းမှာ ရွေးချယ်ခံဖို့ ထိုက်တန်မှု ရှိပါတယ်။ သူဟာ အရာအားလုံးနဲ့ ထိုက်တန်တယ်လို့ ကျွန်တော် ထင်ပါတယ်။

ဘော်ဘီဖာမီနိုလို ကစားသမားမျိုးကို ချန်လှပ်ခဲ့တာကို ကြည့်လိုက်မယ် ဆိုရင် ဘရာဇီး လူစာရင်းက ဘယ်လောက်တောင် အရည်အသွေး ရှိပြီး ဘယ်လောက်တောင် ကောင်းမွန်သလဲ ဆိုတာ သိနိုင်ပါတယ်။ ဒါဟာ ရူးသွပ်စရာ ပါပဲ။ အမှန်ပါပဲ။ ကျွန်တော်တို့ ဒီအကြောင်းနဲ့ ပက်သက်ပြီး စကား ပြောခဲ့ပြီးပါပြီ။ ထပ်ပြောသွားဖို့လည်း ရှိပါတယ်။ သူ့ဘက်ကတော့ အိုကေပါတယ်။ ဒါပေမယ့် အားလုံး မှန်းထားပြီး ဖြစ်တဲ့ အတိုင်းပဲ သူဟာ တအားကို စိတ်ပျက်လက်ပျက် ဖြစ်နေမှာပါ။” လို့ ဆိုလိုက်ပါတယ်။

ဖာမီနိုဟာ လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်က လီဗာပူးကို ရောက်လာခဲ့ပြီး နောက်ပိုင်း ပရီးမီးယားလိဂ် ပွဲပေါင်း ၂၅၀ နီးပါး ကစားထားခဲ့ပြီး ဖြစ်တဲ့ အပြင် ၇၈ ဂိုးသွင်းကာ ၄၉ ဂိုး ဖန်တီးပေးထားခဲ့ပါတယ်။ အသက် ၃၁ နှစ်အရွယ် ကစားသမားဟာ ရာသီကုန်မှာ လီဗာပူးနဲ့ စာချုပ်ကုန်တော့မှာ ဖြစ်ပြီး ဇန်နဝါရီလ ကနေ စတင်ကာ ပြည်ပကလပ် တစ်ခုခုနဲ့ အကြိုသဘောတူညီမှု စာချုပ်ချုပ်ခွင့် ရှိနေပါတယ်။ ဒါပေမယ့်လည်း ကလော့က သူတို့ဟာ ဖာမီနိုကို စာချုပ်သစ် ချုပ်ဆိုဖို့ အတွက် ဆွေးနွေးမှုတွေ လုပ်နေတယ်လို့ ပြောသွားပါတယ်။

ကလော့က “ဒါနဲ့ပက်သက်ပြီး ပုံမှန် စကားပြောဆိုမှုတွေ လုပ်နေပါတယ်။ ဒီကနေ တဆင့် ဘာတွေ ဖြစ်လာမလဲဆိုတာ ကြည့်ရတာပေါ့။” လို့ တုန့်ပြန်သွားပါတယ်။

လီဗာပူးဟာ မနေ့ညက ဆောက်သမ်တန်ကို ဖာမီနို နူးနက် (၂ ဂိုး) တို့ရဲ့ ဂိုးတွေနဲ့အတူ ၃-၁ နဲ့ အနိုင်ယူကာ World Cup Break မတိုင်မီ top 6 ကို ပြန်ရောက်လာခဲ့ပါတယ်။

ဆောက်သမ်တန်ကို နိုင်ခဲ့တဲ့ အပေါ် ကလော့က “ပထမပိုင်းမှာ အသင်းရဲ့ ကစားပုံ တကယ် ကောင်းခဲ့ပါတယ်။ ဒုတိယပိုင်း ကတော့ ကျွန်တော်တို့ အတွက် သိပ်ပြီး အားရစရာ မရှိခဲ့ပါဘူး။ ဒုတိယပိ်ုင်းမှာ ကျွန်တော်တို့ အမှားတွေ အများကြီး လုပ်ခဲ့ပါတယ်။ ပထမပိုင်းကတော့ တကယ်ကောင်းခဲ့ပြီး ကျွန်တော်တို့ဟာ ဆောက်သမ်တန်တို့ မလုပ်စေချင်တာတွေကို လုပ်သွားခဲ့ပါတယ်။ ဒုတိယပိုင်းရဲ့ ပြသနာကတော့ ပထမပိုင်းမှာ လုပ်သွားခဲ့တဲ့ ကောင်းတဲ့ အရာတွေကို ဆက်မလုပ်တော့တာပါပဲ။ သိကြတဲ့ အတိုင်းပဲ အလီဆွန်ဘက်ကာရဲ့ အပိုင်း ဖြစ်သွားခဲ့ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

SM