နယူးကာဆယ်နဲ့ ပွဲက ချဲလ်ဆီး ကြယ်ပွင့် ၂ဦးရဲ့ နေရာယူမှုနဲ့ ပတ်သက်ပြီး ဝေဖန်သွားတဲ့ အိုဝင် ဟားဂရေ့ဗ်စ်

 

ချဲလ်ဆီး အသင်းဟာ မနေ့ည က ကစားခဲ့တဲ့ စိန့်ဂျိမ်းစ်ပါ့ခ်မှ ပရီးမီးယားလိဂ်ပွဲမှာ အဆင့် ၃ နေရာက နယူးကာဆယ် အသင်းကို ဒုတိယပိုင်း အတွင်း ပေးခဲ့ရတဲ့ ဂျိုးဝီးလော့ခ်ရဲ့ တလုံးတည်းသော သွင်းဂိုးနဲ့ အတူ အရေးနိမ့်ရပါတယ် ။

ဒါဟာ ချဲလ်ဆီး အတွက် နောက်ဆုံး ၅ပွဲဆက် ပရီးမီးယားလိဂ် နိုင်ပွဲ ပျောက်ခြင်း ဖြစ်သလို ၊ ၂၀၀၂ ခုနှစ် နောက်ပိုင်း ပထမဆုံး အကြိမ် ပြိုင်ပွဲစုံ ၃ပွဲဆက် အရေးနိမ့်ခဲ့ရပြီ ဖြစ်ပါတယ် ။ ကံကောင်းတာ နောက်နှစ် မတိုင်ခင် အထိ ချဲလ်ဆီးတို့ ပရီးမီးယားလိဂ်ပွဲ ထပ်ကစားဖို့ မလိုတာပဲ ဖြစ်ပါတယ် ။

မနေ့ကပွဲမှာ ချဲလ်ဆီး နည်းပြ ဂရေဟမ် ပေါ်တာဟာ ၃ယောက်တန်း ခံစစ် ကစားကွက်ကို အရင်းခံခဲ့ကာ ၊ ဆယ်ကျော်သက် အကယ်ဒမီ ကြယ်ပွင့်ကို ပထမဆုံး အကြိမ် ပရီးမီးယားလိဂ် ပွဲထွက်ခွင့် ပေးခဲ့ပြီး ၊ တိုက်စစ်မှာ တခါမှ တွဲပြီး ပွဲမထွက်ဖူးတဲ့ မေဆင်မောင့် – ဘရိုဂျာ – ဂေါ်လဂါ အတွဲကို သုံးခဲ့ပါတယ် ။

သို့ပေမယ့် ဒဏ်ရာ ပြဿနာ များနေတာကြောင့်ရယ် ၊ နယူးကာဆယ်ရဲ့ ယုံကြည်မှု ပြည့်ဝနေတဲ့ တိုက်စစ်ကို တားဆီးဖို့ အတွက်ရယ်ကြောင့် ပေါ်တာဟာ ခံစစ် အသားပေး နည်းစနစ်ကို သုံးခဲ့ပြီး ၊ ဒါက ဂိုးမပေးရခင် အထိ အလုပ်ဖြစ်ခဲ့ပါတယ် ။

ပေးခဲ့ရတဲ့ ဂိုးကလည်း ချဲလ်ဆီး ခံစစ်က သတိလက်လွတ် ဖြစ်ကာ နယူးကာဆယ် တောင်ပံ ကစားသမား မီဂွဲလ် အယ်လ်မီရွန်ကို မတားဆီးရနိုင်ခဲ့လို့ ၄င်းဆီက ထွက်လာတဲ့ ဘောလုံးကို အားနဲ့ ပြေးဝင်ပိတ်ခဲ့တဲ့ ဝီးလော့ခ်ရဲ့ ဂိုးကို ခွင့်ပြုလိုက်ရတာ ဖြစ်ပါတယ် ။

ဒီမတိုင်ခင်က ချဲလ်ဆီးဟာ ပွဲရဲ့ ဂိုးရဖို့ အကောင်းဆုံး အခွင့်အရေးကို ပိုင်ဆိုင်ခဲ့ပေမယ့် ၊ ကံတရားက ၄င်းတို့ဖက်မှာ ရှိမနေခဲ့ပါဘူး ။ ဂိုးပေးရပြီးတဲ့နောက် ဟာဗက်ဇ် ၊ ဇီယက်ခ်ျ ၊ ကူကူရယ်လာတို့ကို ထည့်သုံးကာ တိုက်စစ်မြှင့်ခဲ့ပေမယ့် final pass ၊ final touch တွေမှာ လိုအပ်ချက်တွေ ရှိခဲ့လို့ ချေပဂိုး ပြန်မရခဲ့ပါဘူး ။

ပွဲအပြီး Premier League Production အစီအစဉ်မှာ မန်ချက်စတာ ယူနိုက်တက်နဲ့ မန်စီးတီး ကွင်းလယ်လူဟောင်း အိုဝင် ဟားဂရေ့ဗ်စ် က ဂိုးမပေးရခင် အယ်လ်မီရွန်ကို တားဆီးရာမှာ နားလည်မှု လွဲခဲ့တဲ့ လူးဝစ်ဟောလ်နဲ့ ကူလီဘာလီတို့ရဲ့ နေရာယူပုံ အပေါ် အခုလိုပဲ ဝေဖန် ထောက်ပြသွားပါတယ် ။

ဟားဂရေ့ဗ်စ် က ” ဒါက ဂျိုးဝီလော့ခ်ဆီက ရင်သပ်ရှုမောဖွယ် ကန်ချက် ဖြစ်ပါတယ် ။ အယ်လ်မီရွန်က ဒီနေရာမှာ တယောက်တည်း ဘောလုံးကို ဆွဲပြေးလာတာပါ ။ လူးဝစ်ဟောလ် က ဒါကို ဒီအတိုင်းကြီး ကြည့်နေခဲ့ပါတယ် ။ ဒီနေရာမှာ ခင်ဗျားသာဆို ကူလီဘာလီ သူ ကပ်ရမယ့်လူတွေကို မသိဘူးလားလို့ စဉ်းစားမိမှာပါ ။ ”

” ခင်ဗျား အနေနဲ့ ကိုယ်ကပ်ရမယ့်လူကို အထဲ ပေးမဝင်နိုင်အောင် အတင်း ကြိုးစားပိတ်ရမှာ ဖြစ်ပြီး ၊ ညာဖက်ဆီ လမ်းကြောင်း လွှဲနိုင်ဖို့ လိုပါတယ် ။ ချဲလ်ဆီးရဲ့ ၄ယောက်တန်း ခံစစ်ရဲ့ အရှေ့မှာ နေရာလွတ်တွေမှ တပုံကြီးပါ ။ ကွင်းလယ်က သူတို့ကို ဘယ်လိုမှ cover မပေးခဲ့ပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR