ထပ်ဆင့်ချန်ပီယံလား ? ကျိန်စာသင့်ချန်ပီယံလား ? ( ပြင်သစ်ရဲ့ ကမ္ဘာ့ဖလား အနေအထားအပေါ် သုံးသပ်ချက် )

 

ကာတာ နိုင်ငံမှာ ကျင်းပမယ့် ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲကြီး စတင်ဖို့ ရက်အနည်းငယ်သာ လိုပါတော့တယ် ။ ပြိုင်ပွဲဝင်မယ့် လက်ရွေးစင် အသင်း ၂၁ သင်း ကလည်း အပြီးသတ် လူစာရင်းတွေကို တသင်းပြီး တသင်း ထုတ်ပြန် နေကြပါပြီ ။ အဲ့ဒိ အထဲကမှ ဘောလုံး အကျော်အမော်တို့ စုဝေးရာ ဘရာဇီး လက်ရွေးစင် အင်းရဲ့ လူစာရင်း အကြောင်းနဲ့ သူတို့ရဲ့ ကမ္ဘာ့ဖလား အခြေအနေတွေကို ဖော်ပြ တင်ဆက်လို့ ပေးထားပြီး ပါပြီ ။

အခု တင်ဆက်ပေးသွားမှာ ကတော့ လက်ရှိ ချန်ပီယံ ပြင်သစ် အသင်းရဲ့ အကြောင်းပါပဲ ။

ပြင်သစ် ဟာ အခု ကမ္ဘာ့ဖလား မှာ ချန်ပီယံဆုကို ကာကွယ်မယ့် အသင်း အဖြစ် ပါဝင်ယှဉ်ပြိုင် သွားရမှာပါ ။ ကမ္ဘာ့ဖလား သမိုင်းမှာ အီတလီ နဲ့ ဘရာဇီး တို့ပဲ လုပ်ပြ နိုင်သေးတဲ့ ထပ်ဆင့် ချန်ပီယံဆိုတဲ့ ဘွဲ့ ကို ပြင်သစ်တို့ အရယူ နိုင်မလားဆိုတာ စိတ်ဝင်စားစရာပါပဲ ။

ဒါထက် ပိုပြီး စိတ်ဝင်စားဖို့ ကောင်းတာက ကမ္ဘာ့ဖလား ရဲ့ ချန်ပီယံ ကျိန်စာပါ ။ ကမ္ဘာ့ဖလား ရတဲ့ အသင်းတွေဟာ နောက်တကြိမ် ပြိုင်ပွဲတွေမှာ အုပ်စု အဆင့်ကနေတင် လှည့်ပြန် နေရတာကို ပြင်သစ်တု့ိ ဒကျာ်လွှား နိုင်မလား ဆိုတာက ချန်ပီယံဆုကို ကာကွယ် နိုင်မလား ဆိုတာထက် ပိုပြီး စိတ်ဝင်စားဖို့ ကောင်းနေပါတယ် ။

ဗုဒ္ဓဟူးနေ့ ညက ထုတ်ပြန်ခဲ့တဲ့ ပြင်သစ် လက်ရွေးစင် အသင်းရဲ့ အပြီးသတ် ၂၆ ယောက်စာရင်းမှာတော့ ၂၀၁၈ တုန်းက ချန်ပီယံ အသင်းသားတချို့ နဲ့ လူငယ် သွေးသစ်တွေ ပါဝင်လာခဲ့ကြပါတယ် ။

ဂိုးသမား နေရာမှာတော့ စပါး က ဝါရင့်ကြီး လိုရိစ် ၊ ဝက်စ်ဟမ်း က အေရိုလာ ၊ ရင်းနစ် အသင်းဂိုးသမားကြီး မန်ဒန်ဒါ တို့ ပါဝင်လာခဲ့ကြပါတယ် ။

ခံစစ်မှာတော့ လူးကပ်စ် နဲ့ သီယို ဟာနန်ဒက် ညီနောင် ၊ ကင်ပမ်ဘီ ၊ လီဗာပူး ရဲ့ ကိုနာတေး ၊ ဘာစီလိုနာ က ခွန်ဒေး ၊ ဘိုင်ယန် က ခံစစ်မှူး အပ်ပါမီကာနို နဲ့ ညာနောက်ခံလူ ဘင်ဂျမင် ပါဗက် ၊ အာဆင်နယ် နဲ့ ခြေစွမ်းပြနေတဲ့ ဆလီဘာ ၊ မန်ချက်စတာ ယူနိုက်တက် က ရာဖေး ဗာရန်း တို့ အရွေးခံခဲ့ရ ပါတယ် ။

ကွင်းလယ် မှာတော့ ရီးရဲ က လူငယ်ကြယ်ပွင့်တွေ ဖြစ်ကြတဲ့ အက်ဒွာဒို ကာမာဗင်ဂါ ၊ ချုအာမန်နီ တို့ အပါအဝင် ကစားသမား ၆ ယောက် ပါဝင်ခဲ့ပါတယ် ။

ပြင်သစ်ရှေ့တန်း ကတော့ ကြက်ဖကြီး ပရိသတ်တွေ အတွက် အများကြီး အားကိုးလို့ ရမှာပါ ။ ၂၀၁၈ ချန်ပီယံ အသင်းရဲ့ တိုက်စစ်အထိုင် ၃ ယောက်ဖြစ်ခဲ့တဲ့ အိုလီဗာ ဂျရူး ၊ ခီလီယံ အမ်ဘာပေ နဲ့ ဂရစ်ဇ်မန်း တို့ ၃ ယောက်စလုံး ပြန်ပါလာခဲ့ ပါတယ် ။ ဘိုင်ယန် က ကိုးမန်း ၊ လိုက်ပ်ဇစ် နဲ့ ခြေစွမ်းပြ နေတဲ့ အနာဂါတ် ချဲလ်ဆီး ရှေ့တန်းလူ အန်ကွန်ကူ ၊ ဘာစီလိုနာ တောင်ပံ ကစားသမား ဒမ်ဘီလီ တို့က အပိုအင်အားတွေ အဖြစ် ရှိနေမှာပါ ။

 

ဒီအစုအဖွဲ့ ထဲကို ပူပူနွေးနွေး ရွှေဘောလုံးဆုရှင် ဘန်ဇီးမားပါ ပေါင်းထည့်လိုက်ချိန်မှာတော့ ပြင်သစ် တိုက်စစ်ဟာ တကယ့်ကို စပါယ်ရှယ် ဖြစ်လာခဲ့ ပါတယ် ။

 

ဒါပေမယ့် ပြင်သစ် ဟာ ၂၀၁၈ တုန်းကလောက် မတောင့်တင်းတော့ပါဘူး ။ အားနည်းတဲ့ နေရာတွေကို သုံးသပ်ကြည့်မယ်ဆိုရင် ဂိုးသမား နေရာကတင် စရမှာပါ ။ လိုရိစ် က အကျဘက်ရောက်နေပါပြီ ၊ အေရိုလာ က World Cup Goalkeeper အဆင့်မဟုတ်ပါဘူး ။ စတိဗ် မန်ဒန်ဒါ က ပိုလို့တောင် အကျဘက်ရောက် နေပါပြီ ။ အေစီမှာ လက်စွမ်းပြနေတဲ့ ဂိုးသမား မစ်ဂ်နန် ဒဏ်ရာကြောင့် လွဲချော် ခဲ့ရတာက ပြင်သစ် ကို နစ်နာစေမှာပါ ။

 

ခံစစ်ပိုင်း ကတော့ ၂၀၁၈ တုန်းကနဲ့ သိပ်မခြားနားပါဘူး ။ ဒါပေမယ့် ၄ နှစ်ဆိုတဲ့ အတိုင်းအတာအတွင်းမှာ အကျဘက်ရောက်လာတဲ့ ကစားသမားတွေ ရှိလာပါတယ် ။ အထူးသဖြင့် ရုပ်ပိုင်းဆိုင်ရာ မှာ ကျဆင်းလာတာပါ ။ နေးရှင်းလိဂ် တုန်းက တွဲကစားခဲ့တဲ့ ခွန်ဒေး ၊ ဗာရန်း ၊ ကင်ပမ်ဘီ အတွဲ ကို အခု ကမ္ဘာ့ဖလားမှာ အပြည့်အ၀ အားကိုးဖို့ ခက်နိုင်ပါတယ် ။ Wing-back နေရာတွေ ကတော့ ပါဗက် နဲ့ လူးကပ်စ် ဟာနန်ဒက်စ် တို့ ကစားပေး နိုင်ကြဦးမှာပါ ။

 

ခံစစ်ထက် ပိုပြီး စိုးရိမ်ရတာက ကွင်းလယ်ပါပဲ ။ ၂၀၁၈ တုန်းက ပြင်သစ်ကို ထမ်းပိုးခဲ့တဲ့ အဓိက ကွင်းလယ်လူ ၃ ယောက်စလုံး အခု World Cup မှာ ပြန်မပါလာခဲ့ပါဘူး ။ မာတွီဒီ က နားသွားပါပြီ ၊ ကန်တီ ရော ပေါ့ဘာ ပါ ဒဏ်ရာနဲ့ လွဲသွားခဲ့ ပါတယ် ။

အခု ပြင်သစ် ရဲ့ ကွင်းလယ်ကို ကာမာဗင်ဂါ နဲ့ ချူအာမန်နီ တို့ ဦးဆောင်ရမှာပါ ။ လူငယ်လေးတွေက အလားအလာကောင်းတွေ ရှိတဲ့ ကြယ်ပွင့်လေးတွေပါ ။ ဒါပေမယ့် ကမ္ဘာ့ဖလား ချန်ပီယံဆိုတဲ့ ဝန်ထုပ်ဝန်ပိုးကြီး ကို ပြိုင်ပွဲ တလျောက် ထမ်းပိုးဖို့ ဆိုတာကတော့ သူတို့ အတွက် ခက်ခဲနိုင်ပါတယ် ။ အသင်းကြီးချင်းတွေ့တဲ့ အခါကျရင် ဝါနုတဲ့ ပြင်သစ် ကွင်းလယ်က ပြဿနာ ဖြစ်လာမှာပါ ။

ရှေ့တန်း တိုက်စစ်ကတော့ ပြင်သစ် တသင်းလုံးမှာ အားရစရာပါပဲ ။ First Lineup တွေ ဖြစ်မယ့် ဘာပေ ၊ ဂရစ်ဇ်မန်း ၊ ဘန်ဇီးမား တို့ရော အရံမျာ ရှိနေမယ့် ကိုးမန်း ၊ ဒမ်ဘီလီ ၊ အန်ကွန်ကူ တို့ပါ အားကိုးလို့ ရမယ့်သူတွေပါ ။ ၂၀၁၈ တုန်းက တိုက်စစ်ထက်တောင် ပိုတောင့်တင်းတယ်လို့ မုချ ပြောရမှာပါပဲ ။

 

အခု ပြင်သစ် ရဲ့ အုပ်စုလမ်းကြောင်းကို သွားကြည့်ကြရအောင် ။

ပြင်သစ်ဟာ ကမ္ဘာ့ဖလား အုပ်စု ဒီ မှာ ဒိန်းမတ် ၊ တူနီးရှား ၊ သြစတြေးလျ တို့နဲ့ အတူ ကျရောက်နေပါတယ် ။

နိုဝင်ဘာ ၂၂ ရက်နေ့ မှာ သြစတြေးလျ နဲ့ စကစားရမှာပါ ။ နိုဝင်ဘာ ၂၆ မှာ ဒိန်းမတ် ၊ နိုဝင်ဘာ ၃၀ ရက်နေ့မှာ တူနီးရှား တို့နဲ့ ကစားသွားရမှာ ဖြစ်ပါတယ် ။

ဒိန်းမတ် က လွဲရင် ကျန်တဲ့ ၂ သင်းက ပြင်သစ် ကို ဒုက္ခမပေး နိုင်ပါဘူး ။ ဒိန်းမတ် ကတော့ အသင်းလိုက် ကစားအား ကောင်းမွန်တာ ၊ ကမ္ဘာ့ဖလား ရောက်တိုင်း ပြင်သစ် ကို ဒုက္ခပေး တတ်တာတွေကြောင့် သတိပြုရမှာပါ ။ ပြင်သစ် ရဲ့ အုပ်စု ပထမ နေရာကို ဖျက်မယ့် အသင်းရှိလာခဲ့မယ်ဆိုရင် အဲ့အသင်းက ဒိန်းမတ် ဖြစ်လာမှာပါ ။

အုပ်စု ပထမ ရဖို့က ပြင်သစ်အတွက် အရေးကြီးပါတယ် ။ အုပ်စု ဗိုလ်ဖြစ်မှသာ ဆီမီးဖိုင်နယ် လောက်အထိ လမ်းချောင်မှာပါ ။ အုပ်စု ဒုတိယ ရသွားမယ်ဆိုရင် ၁၆ သင်းအဆင့်မှာတင် အာဂျင်တီးနား နဲ့ တွေ့သွား နိုင်ပါတယ် ။ အခု အာဂျင်တီးနား က လွန်ခဲ့တဲ့ ၄ နှစ်တုန်းက လို မဟုတ်တော့ပါဘူး ။ ကွာတား ဆီမီး ဆိုရင်လည်း ဂျာမနီ ၊ နယ်သာလန် တို့လို အသင်းကောင်းတွေနဲ့ ဆက်တိုက် ကစားရနိုင်ပါတယ် ။

SPORTS MYANMAR