အာဆင်နယ် အသင်း ရဲ့ လူစာရင်းဟာ မန်စီးတီး အသင်းကို ယှဉ်ဖိုက်နိုင်စွမ်း ရှိတယ်လို့ ဆိုတဲ့ အဂွဲရိုး

 

ဆာဂျီယို အဂွဲရိုး က ပရီးမီးယားလိဂ် ချန်ပီယံဆုကို စိန်ခေါ်ဖို့ အာဆင်နယ် အသင်းမှာ လုံလောက်တဲ့ ကစားသမား စာရင်း မရှိဘူးလို့ ဝေဖန် ထောက်ပြနေ့ကြမှု အပေါ် သဘောမတူကြောင်း ဆိုလိုက်ပြီး ဂန်းနား လူစာရင်း ဟာ မန်စီးတီးကို ယှဉ်ဖိုက်နိုင်စွမ်းရှိတယ်လို့ ပြောကြား သွားခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ ဒီရာသီ ၁၃ ပွဲ ကစားရာမှာ ၁၁ ပွဲ အထိ အနိုင်ရထားပြီး အမှတ်ပေး ဇယား ထိပ်ဆုံးမှာ ရပ်တည် နေပေမယ့် ချန်ပီယံဆု အတွက် ရေပန်းစားခြင်းတော့ မရှိပါဘူး ။ ဒီရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဆု ကို ရဖို့ တစ်ပြေးနေတာကတော့ လက်ရှိ ချန်ပီယံ မန်ချက်စတာ စီးတီး အသင်းပါပဲ ။

 

မန်စီးတီး အသင်းရဲ့ ကစားသမား အင်အားရော ထိပ်တန်း ကစားသမား အင်အားပါ များပြားမှုကြောင့် တခြား အသင်းတွေ သူတို့ကို ယှဉ်ပြိုင်ဖို့ မလွယ်ဘူးလို့ အများစုက ယုံကြည် လက်ခံ ထားကြပါတယ် ။

ဒါ့အပြင် ထိပ်ဆုံး ရောက်နေတဲ့ အာဆင်နယ် အသင်းရဲ့ အရန် အင်အား မတောင့်တင်းမှုကြောင့် အဓိက ကစားသမားအချို့သာ ဒဏ်ရာရ သွားရင် ဂန်းနား တို့ အဆင့် ပြန်ကျ သွားလိမ့်မယ်လို့ သုံးသပ်ကြသူတွေကလည်း အများအပြား ရှိလို့ နေပါတယ် ။

ဒါပေမယ့် အဲ့ဒီ အမြင်တွေနဲ့ ကွဲပြားစွာ ပြောဆိုလိုက်သူ တစ်ဦး ကတော့ မန်ချက်စတာ စီးတီး အသင်းရဲ့ ဂန္တဝင် တိုက်စစ်မှူး အဂွဲရိုး ပါပဲ ။ အဂွဲရိုး က Stake မှာ ” အာဆင်နယ် က ဒီရာသီကို သိပ်ကို ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေ ပြသနေပါတယ် ။ မန်စီးတီး ​က လီဗာပူး ကို ရှုံးနိမ့် ခဲ့ပေမယ့် အာဆင်နယ် နဲ့ အနီးစပ်ဆုံး အနေအထားမှာ ရှိနေဆဲပါ ။ ”

 

” ကမ္ဘာ့ဖလား ပြီးရင် ဘာတွေ ဖြစ်မလာလဲ ဆက်လက် စောင့်ကြည့်ကြတာပေါ့ဗျာ ၊ အာဆင်နယ် ရဲ့ လူစာရင်း က တောင့်တင်းမှု ရှိပါတယ် ၊ တခြား အသင်းတွေထက် ပိုသာနေတာက သူတို့ ဘယ်လို ကစားချင်သလဲ ဆိုတာ သူတို့ ကောင်းကောင်း သိနေတာရယ် ဆုဖလား အောင်မြင်မှု ဆာလောင်စိတ်ရယ်ပါပဲ ။ ”

” လာမယ့် ဆောင်းရာသီ ဈေးကွက်မှာ နည်းပြ အာတေတာ က သူ့ရဲ့လူစာရင်း အင်အားကို ဖြည့်တင်းဖို့ လုပ်နိုင်ချေလည်း ရှိနေပါတယ် ။ ခင်ဗျားတို့က အာဆင်နယ် အကြောင်း မေးနေကြလို့ တစ်လက်စတည်း ပြောလိုက်ပါဦးမယ် ၊ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက ဆာကာ ဒဏ်ရာ ရသွားတယ် မဟုတ်လား ။ ”

” သူ ဒဏ်ရာ ရသွားတော့ အာတေတာ က ဘယ်သူမှ သုံးမယ် မထင်ထားတဲ့ နယ်လ်ဆင် ကို ထည့်သုံး ခဲ့ပြီး နယ်လ်ဆင်လည်း အဲ့ဒီ ပွဲရဲ့star player ဖြစ်ခဲ့ပါတယ် ။ ဒါကြောင့် အာဆင်နယ် အသင်းရဲ့လူစာရင်းက အင်အားနည်းတယ်လို့ မထင်မိပါဘူး ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM