သူက အာတေတာ ကို မွန်းစတား ဖြစ်လာအောင် လုပ်ပေးလိုက်တာပဲ လို့ ဖာဒီနန် ရဲ့ ပြောကြားမှုကို တုန့်ပြန်လိုက်တဲ့ ဂွာဒီယိုလာ

မန်ချက်စတာစီးတီး အသင်း နည်းပြ ပက်ဂွာဒီယိုလာ က သူ ဟာ နည်းပြ အာတေတာ ကို မွန်းစတား ဖြစ်အောင် ဖန်တီး ပေးခဲ့တာ မဟုတ်ဘူးလို့ ဆိုလိုက်ပြီး အာတေတာ ကိုယ်တိုင် က အရည်အချင်း ရှိသူ တစ်ဦး ဖြစ်တာကြောင့် အောင်မြင်လာခြင်း ဖြစ်တယ်လို့ ပြောကြား လိုက်ပါတယ် ။

အာတေတာ ဟာ မန်စီးတီး အသင်း ရဲ့ နည်းပြ ဂွာဒီယိုလာ လက်အောက် မှာ လက်ထောက် နည်းပြ အဖြစ် လုပ်ကိုင် ခဲ့ဖူးသူ ဖြစ်ပါတယ် ။ ၂၀၁၉ ခုနှစ်မှာတော့ အာဆင်နယ် အသင်းဟာ အမ်မရီ ကို ထုတ်ပယ်ပြီး အာတေတာ ကို နည်းပြ အဖြစ် ခန့်အပ် ခဲ့ပါတယ် ။

စပိန် လူမျိုး နည်းပြ အာတေတာ ဟာ အာဆင်နယ် အသင်းကို စတင် ကိုင်တွယ်ပြီး ၈ လ အကြာမှာတင် အက်ဖ်အေ ဖလား အောင်မြင်မှုကို ရယူ ပေးနိုင်ခဲ့သူပါ ။ ဒါပေမယ့် အာတေတာ ရာသီအစကတည်းက ကိုင်တွယ်ခဲ့တဲ့ ဘောလုံး ရာသီမှာတော့ အာဆင်နယ် အသင်းဟာ အဆင့် ၈ နဲ့သာ ရာသီပိတ်သိမ်းနိုင်ခဲ့ပြီး ဥရောပဝင်ခွင့်လည်း မရသလို ဖလား လက်မဲ့လည်းဖြစ်ခဲ့ရပါတယ် ။

ပြီးခဲ့တဲ့ ရာသီ ဘောလုံးရာသီမှာ အာဆင်နယ် အသင်းဟာ ရာသီအစ ရလဒ်ဆိုးရွား ခဲ့ပေမယ့် လူငယ် ကြယ်ပွင့်တွေ ရဲ့ အစွမ်းနဲ့ အတူ အမှတ်ပေး ဇယား ထိပ်ပိုင်းကို ပြန်လည် တက်လှမ်း နိုင်ခဲ့ပါတယ် ။ ချန်ပီယံလိဂ် ဝင်ခွင့် ရဖို့ နီးစပ်တဲ့ အနေအထား အထိ ရောက်ခဲ့ပြီး ရာသီကုန်ခါနီး ခြေချော်မှုကြောင့်သာ အဆင့် ၅ နဲ့ ကျေနပ် ခဲ့ရတာပါ ။

ဒီရာသီမှာတော့ အာဆင်နယ် အသင်းဟာ သူတို့ရဲ့ သမိုင်းတစ်လျှောက် အကောင်းဆုံး ရာသီ အဖွင့် ကို ပိုင်ဆိုင် ထားပြီး ၁၃ ပွဲ ကစားအပြီးမှာ ၁၁ ပွဲ နိုင် ၁ ပွဲ သရေ ၁ ပွဲ ရှုံး နဲ့ အမှတ်ပေး ဇယား ထိပ်ဆုံးမှာ ရပ်တည် နေနိုင်ပါတယ် ။

အာဆင်နယ် ရဲ့အမြင့်ပျံသန်းနေမှုမှာ နည်းပြ အာတေတာ ဟာ အဓိကကျသူလို့ ဆိုနိုင်ပီး အာတေတာ ခုလို ဖြစ်လာအောင် နည်းပြ ဂွာဒီယိုလာ က ဖန်တီး ခဲ့တာလို့ ဖာဒီနန် က ပြောကြား ခဲ့ပါတယ် ။ ဖာဒီနန် ရဲ့ ပြောကြားမှုကို ဂွာဒီယိုလာ ကတော့ သဘောမတူဘဲ ခုလို တုန့်ပြန် သွားခဲ့ပါတယ် ။

” သူ(အာတေတာ) မွန်းစတား ဖြစ်လာအောင် ကျွန်တော် ဖန်တီးခဲ့တယ် ဆိုတာ လုံးဝ မဟုတ်ပါဘူး ။ သူက မွန်းစတား ဖြစ်နေခဲ့ပြီးသားပါ ၊ အာတေတာ ခုလို အောင်မြင်လာတာ က ကလပ် အသင်း က နည်းပြ အပေါ် အပြည့်အ​ဝ ထောက်ပံ့ အားပေးမှုကြောင့်ပါ ၊ ဒါက နည်းပြ ကို ထောက်ခံခြင်း အကျိုးရလဒ် နဲ့ ပတ်သက်ပြီး အပြီးပြည့်စုံသော ဥပမာပါပဲ ။ ”

” အာတေတာ အာဆင်နယ် ကို စကိုင်စမှာ ရလဒ်ကောင်းတွေ မရခဲ့ပါဘူး ၊ လူတွေက သူထုတ်ပယ် ခံရမှာလို့ ပြောခဲ့ကြပါတယ် ၊ Arteta Out ဆိုတဲ့ အသံတွေလည်း ညံခဲ့ပါတယ် ၊ မီခေးလ် နဲ့ အားကစား ဒါရိုက်တာအီဒူး တို့ ဘယ်လို အလုပ်လုပ်သလဲ ဘယ်လို စကားပြောကြသလဲ ဆိုတာ ကျွန်တော်တို့ All or Nothing မှာ မြင်တွေ့ခဲ့ရပါတယ် ။ ”

” အဲ့ဒီ documentary မှာ အသင်းကလူတွေ အားလုံးက အာတေတာ အပေါ် လုံးဝ ယုံကြည်မှု ရှိကြပြီး သူသွားနေတဲ့ process ကို အပြည့်အ​ဝ ထောက်ပံ့ အားပေးကြတာကို တွေ့ရပါတယ် ။ အခုဆို ပရိသတ်တွေကပါ သူ့ကို ယုံကြည် နေကြပါပြီ ၊ သူ့အတွက် အချိန်ရဖို့ပဲ လိုအပ် ခဲ့တာပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM