ယူနိုက်တက် ကြယ်ပွင့်ကို အထူး အမွှမ်းတင်လိုက်တဲ့ မန်စီးတီး ဂန္တဝင် ဆာဂျီယို ကန် အဂူရို

 

မန်စီးတီး အသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်း တစ်ဦး ဖြစ်တဲ့ ဆာဂျီယို ကန် အဂူရို ကတော့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဗဟို ခံစစ်မှူး ဖြစ်သူ လီဆန်ဒရို မာတီနက်ဇ် ဟာ ဝေဖန်မှုတွေ မှားယွင်းကြောင်း သက်သေပြထားနိုင်ခဲ့ပြီလို့ ချီးကျူးသွားခဲ့လိုက်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြ ဖြစ်သူ အဲရစ် တန်ဟတ်ဟာ ပြီးခဲ့တဲ့ နွေတုန်းက အသင်းရဲ့ ဗဟို ခံစစ်ကို အင်အား ဖြည့်တင်းဖို့ အတွက် အေဂျက်ဇ် အသင််းမှ ခံစစ်မှူး လီဆန်ဒရို မာတီနက်ဇ် ကို ပေါင် 46.8 သန်း အထိ ပေးပြီး ခေါ်ယူခဲ့ပါတယ် ။

အဆိုပါ အချိန်တုန်းကတော့ သတင်း သုံးသပ်သူတွေနဲ့ ဘောလုံး ပရိသတ် အချို့က လီဆန်ဒရို မာတီနက်ဇ် ဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အံဝင်နိုင်မှာ မဟုတ်ဘူးလို့ ခိုင်ခိုင်မာမာ ပြောဆိုခဲ့ကြပါသေးတယ် ။ ဒီလို ပြောရခြင်းရဲ့ အကြောင်းအရင်းက မာတီနက်ဇ် ဟာ အရပ် 5 ပေ 9 လက္မသာ ရှိလို့ပဲ ဖြစ်ပါတယ် ။

ဒါဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ အရပ်အပုဆုံး ခံစစ်မှူးပဲလို့ ပြောရင်လဲ မမှားပါဘူး ။ ဒါပေမဲ့ မာတီနက်ဇ်က ဝေဖန််မှုတွေကို ကွင်းထဲက စွမ်းဆောင်ရည်တွေနဲ့ သက််သေပြ တွန်းလှန်သွားနိုင်ခဲ့ပါတယ် ။ သူဟာ ဒီရာသီ ယူနိုက်တက် အတွက် ပွဲချိန်ပေါင်း 1500 မိနစ်ကျော် ကစားပေးထားနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ် ။

ဒီလို ကစားခွင့် ရရှိခြင်းရဲ့ အဓိက အကြောင်းအရင်းက သူဟာ ကွင်းထဲအကြောက်အရွံ့မဲ့စွာ ကစားပေးနိုင်ခြင်း ၊ အကောင်းဆုံး ပုံစံ ပြသနိုင်ခြင်းတွေကြောင့်ပဲ ဖြစ်ပါတယ်် ။ အခုတော့ သူဟာ ယူနိုက်တက် အသင်းမှာ ပရိသတ် အချစ်တော် ကစားသမား တစ်ဦးလည်း ဖြစ်လာနိုင်ခဲ့ပါပြီ ။

 

အခုတော့ မာတီနက်ဇ်နဲ့ တစ်နိုင်ငံတည်းသား ဖြစ်တဲ့ မြို့ခံ ပြိုင်ဖက် မန်စီးတီး အသင်းရဲ့ တိုက်စစ်မှူးဟောင်း ဖြစ်သူ ဆာဂျီယို ကန် အဂူရို က အာဂျင်တိုင်းသားကို ချီးမွမ်းလိုက်ပြီး သူဟာ အဲရစ် တန်ဟတ် ရဲ့ အသင်းမှာ အဓိက ကစားသမား ဖြစ်နေခဲ့ပြီလို့ ပြောခဲ့လိုက်ပါတယ် ။

” လီချာ ဟာ အေဂျက်ဇ် မှာ ကတည်းက သန်မာတဲ့ ၊ ရဲရင့်တဲ့ ခံစစ်မှူး တစ်ဦး ဖြစ်တယ် ဆိုတာကို သက်သေပြနိုင်ခဲ့ပြီးပါပြီ ။ ဒါ့အပြင် အရွယ်အစား ဆိုတာက အများကြီး လွှမ်းမိုးမှု မရှိဘူးဆိုတာကိုလည်း ပြသထားနိုင်ခဲ့ပါပြီ ”

” ဒါ့ကြောင့်လည်း အဲရစ် တန်ဟတ်က သူ့ကို အရခေါ်ခဲ့တာ ဖြစ်ပြီး အခုတော့ သူဟာ ဒီအသင်းရဲ့ အရေးပါတဲ့ အစိတ်အပိုင်း တစ်ခုလည်း ဖြစ်နိုင်ခဲ့ပါပြီ ။ အင်္ဂလန် မှာ ရှိနေကြတဲ့ အချို့သူတွေက သူ့အပေါ် သံသယ ဖြစ်နေမှာ ကျွန်တော် သိနေပြီးသားပါ ”

” အဲ့လူတွေက သူ့အကြောင်း မသိကြပါဘူး ။ သူ့အတွက််တော့ သူ့ရဲ့ အရည်အသွေးတွေကို ပြသနိုင်ဖို့အတွက် ပွဲစဥ် အနည်းငယ်လောက်ပဲ ကစားပေးဖို့လိုအပ်ခဲ့တာပါ ။ အခုတော့ သူ့အပေါ် မေးခွန်းထုတ်လိုသူတွေ ရှိကိုး မရှိကြတော့ပါဘူး ”

” ဒါ့အပြင် သူက အဲရစ် တန်ဟတ် ရဲ့ အသင်းမှာ အဓိက ကစားသမား ဖြစ်နေပြီလို့တောင် ပြောဆိုသူတွေ များပြားလာခဲ့ကြပါပြီ ။ သူ့အတွက် ကျွန်တော် ပျော်ရွှင်မိပါတယ် ။ သူကိုယ်တိုင်ကလည်း ဒါနဲ့ ထိုက်တန်တယ်လေ ” လို့ အဂူရို က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar