မော်ကြီးပေါက်ကွဲပြီ! အသင်းအပေါ် သစ္စာဖောက်တဲ့ ကစားသမားကို ဇန်နဝါရီမှာ အသင်းရှာရန် အသိပေးလိုက်တဲ့ မော်ရင်ညိ်ု

 

ရိုးမား မန်နေဂျာ ဂျိုဆေးမော်ရင်ညိုဟာ သူ့ကစားသမားတွေ ထဲက တစ်ဦးကို အပြင်းအထန် ဝေဖန် ပြစ်တင်သွားခဲ့ပြီး ၎င်းရဲ့ ပရော်ဖက်ရှင်နယ် မကျတဲ့ attitude ကြောင့် လာမည့် ဇန်နဝါရီမှာ ကလပ်ကနေ ထွက်ခွာသွားရန် ပြောလိုက်ပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ဆာဆူအိုလို နဲ့ တစ်ဂိုးစီ သရေကျခဲ့တဲ့ ပွဲစဉ် အပြီးမှာ မော်ရင်ညိုက အမည်မဖော်ပြလိုတဲ့ ကစားသမားဟာ သူ့ရဲ့ အသင်းဖော်တွေ အပေါ် သစ္စာဖောက်ခဲ့တယ်လို့ ဆိုလိုက်ပါတယ်။

မော်ရင်ညိုက “ကျွန်တော်တို့ဟာ ဒီပွဲမှာ ကောင်းမွန်တဲ့ ကစားပုံ အပြင် အပေါင်းလက္ခဏာဆောင်ပြီး ပရော်ဖက်ရှင်နယ်ကျတဲ့ ပြင်းထန်တဲ့ စိတ်ဓာတ်ကောင်းကို ပြသနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂ ရက်ဟာ ကျွန်တော်တို့ အတွက် ခက်ခဲခဲ့ပါတယ်။ ဒီအသင်းဟာ ခက်ခဲတဲ့ ပြိုင်ဘက်ကို အနိုင်ယူလိုစိတ် ရှိခဲ့တဲ့ အသင်း ဖြစ်ပါတယ်။ ၀မ်းနည်းစရာ ကတော့ အသင်းရဲ့ အားထုတ်မှုတွေကို ပရော်ဖက်ရှင်နယ် မကျတဲ့ ကစားသမား တစ်ဦးက သစ္စာဖောက်သွားခဲ့ပါတယ်။

လာဇီယိုနဲ့ပွဲမှာ အမှားလုပ်ခဲ့တဲ့ အီဘာနီးယက်ကို ကျွန်တော် ဘာမှ မပြောခဲ့တာကို ခင်ဗျားတို့ တွေ့ရမှာပါ။ ဘာလို့လဲဆိုတော့ အမှားဆိုတာ ဒီ game ရဲ့ အစိတ်အပိုင်း ဖြစ်နေလို့ပါပဲ။ သူ့ရဲ့ attitude ဟာ ဘယ်တုန်းကမှ ပြသနာ မရှိခဲ့ပါဘူး။ ပရော်ဖက်ရှင်နယ် မကျတဲ့ attitude ကတော့ သူ့ရဲ့ အသင်းဖော်တွေ အတွက် မတရားပါဘူး။

ကျွန်တော် ကတော့ ဒါမျိုးကို စိတ်ပျက်ပါတယ်။ အဝေးကွင်းမှာ သရေတစ်မှတ် ရခဲ့တယ် ဆိုတာ ဆိုးရွားတဲ့ ရလဒ်တော့ မဟုတ်ပါဘူး။ ကျွန်တော့် အသင်းရဲ့ ယေဘူယျ attitude အပေါ် ပျော်ရွှင်မိပါတယ်။” လို့ ဆိုလိုက်ပါတယ်။

ဘယ်ကစားသမားကို ဦးတည်ကာ ဝေဖန်နေသလဲ ဆိုတဲ့ မေးခွန်းကို ပေါ်တူဂီ နည်းပြက “ကျွန်တော် ခင်ဗျားတို့ကို ပြောသွားမှာ မဟုတ်ပါဘူး။ ဒီညမှာ ကစားသမား ၁၆ ဦး ၀င်ကစားသွားခဲ့ပါတယ်။ ကျွန်တော့် အနေနဲ့ ကစားသမား ၁၅ ဦးရဲ့ စိတ်ဓာတ်ပိုင်းနဲ့ အားထုတ်မှုပိုင်းကို နှစ်သက်ပါတယ်။ ဇန်နဝါရီမှာတော့ သူ့အနေနဲ့ အခြား ကလပ်တစ်ခုကို ရှာဖွေသွားဖို့ လိုအပ်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

Corriere Dello Sport ရဲ့ ဖော်ပြချက်အရ မော်ရင်ညို ရည်ညွှန်းခဲ့တဲ့ ကစားသမားဟာ ကွင်းလယ်လူ ရစ်ကားစ်ဒေ့ါ ဖြစ်တယ်လို့ သိရပါတယ်။ နယ်သာလန် ကစားသမားဟာ ၆၅ မိနစ်မှာ လူစား၀င် ကစားသမား အဖြစ် ၀င်ရောက် ကစားခဲ့တာ ဖြစ်ပြီး ကွင်းထဲမှာ ရုန်းကန်ခဲ့ရသလို ဆာဆူအိုလိုရဲ့ နောက်ကျ ချေပဂိုးမှာလည်း ၎င်းရဲ့ အမှား မကင်းခဲ့ပါဘူး။ ကားစ်ဒေါ့ဟာ ၂၀၁၇ ခုနှစ်က ရိုးမားကို ရောက်ရှိလာခဲ့သူ ဖြစ်ပြီး ကလပ် အတွက် ၁၂၂ ပွဲ ကစားထားခဲ့ပြီး ဖြစ်ပါတယ်။

အေဗရာဟမ်ဟာ ရိုးမား အတွက် ဦးဆောင်ဂိုးကို မိနစ် ၈၀ မှာ သွင်းယူပေးခဲ့ပေမယ့် ပီနာမွန်တီရဲ့ နောက်ကျ ချေပဂိုးဟာ မော်ရင်ညိုရဲ့ အသင်းကို စိတ်ပျက်လက်ပျက် ဖြစ်စေခဲ့ပါတယ်။ ဒီရလဒ်ကြောင့် ရိုးမားဟာ စီးရီးအေမှာ အဆင့် ၆ နေရာ ရောက်သွားခဲ့ပြီး လာမည့် တနင်္ဂနွေနေ့မှာ တိုရီနိုနဲ့ ကစားသွားရမှာ ဖြစ်ပါတယ်။

SM