ကမ္ဘာ့ဖလားမှာ အလက်ဇန်းဒါးအာနိုးကို ယုံကြည်လို့ မရနိုင်ဘူးလို့ ဆိုခဲ့တဲ့ ဂယ်ရီနဗီးရဲ့ မှတ်ချက်အပေါ် တုန့်ပြန်လိုက်တဲ့ ကလော့

ယာဂန်ကလော့က အလက်ဇန်းဒါးအာနိုးရဲ့ ခံစစ် ကစားပုံ အပေါ် လူတွေ ဘာကြောင့် မကြာခဏ ဝေဖန်နေကြသလဲဆိုတာ နားမလည်နိုင်အောင် ဖြစ်မိတယ်လို့ ဆိုလိုက်ပြီး မန်ယူနိုက်တက် နောက်ခံလူဟောင်း ဂယ်ရီနဗီးဟာ လီဗာပူး ညာနောက်ခံလူ အပေါ် နောက်ဆုံး မေးခွန်းထုတ်ခဲ့တဲ့သူ ဖြစ်ပါတယ်။ Sky Sports ရဲ့ Pundity ဖြစ်တဲ့ နဗီးက အင်္ဂလန် နည်းပြ ဂါရက်ဆောက်ဂိတ် အနေနဲ့ ကာတာကမ္ဘာ့ဖလားရဲ့ နောက်ဆုံး အဆင့်တွေမှာ အလက်ဇန်းဒါးအာနိုး အပေါ် ယုံကြည်ထားလို့ မရနိုင်ဘူးလို့ ပြောလိုက်ပြီး ဒီအတွက်ကြောင့် ၎င်းကို ကမ္ဘာ့ဖလား ပြိုင်ပွဲဆီကို ခေါ်သွားဖို့တောင် မသေချာဘူးလို့ ဆိုခဲ့ပါတယ်။

ဒါပေမယ့်လည်း လီဗာပူး ညာနောက်ခံလူဟာ မနေ့က ကမ္ဘာ့ဖလား အတွက် ထုတ်ပြန်တဲ့ အင်္ဂလန်ရဲ့ အပြီးသတ် လူစာရင်းမှာ ညာနောက်ခံလူ နေရာ အတွက် ထရစ်ပီးယား ဝေါ်ကာ တို့နဲ့ အတူ ပါ၀င်လာခဲ့ပြီး ရိစ်ဂျိမ်းကတော့ ဒူးဒဏ်ရာကြောင့် ပြိုင်ပွဲနဲ့ လွဲချော်ခဲ့ပါတယ်။ လီဗာပူး အကယ်ဒမီထွက် ကစားသမားဟာ ဒီရာသီမှာ ၎င်းရဲ့ ခံစစ်ကစားပုံ အတွက် မကြာခဏ ဆိုသလို ဝေဖန်မှုတွေ ခံနေရသူ ဖြစ်ပေမယ့် ကလော့ကတော့ သူ့အနေနဲ့ ပရီးမီးယားလိဂ် နဲ့ ချန်ပီယံလိဂ် ဖလား ကို ဆွတ်ခူးထားတဲ့ အလက်ဇန်းဒါးအာနိုးလို ကစားသမားမျိုးကို သူ့အသင်းမှာ ပျော်ပျော်ကြီး ရှိစေချင်တယ်လို့ ဆိုလိုက်ပါတယ်။

ဆောက်သမ်တန်နဲ့ ပွဲမတိုင်မီ သတင်းစာ ရှင်းလင်းပွဲမှာ ကလော့က “အင်္ဂလန်မှာ ရွေးချယ်ခံခဲ့ရမှုနဲ့ ပက်သက်ပြီး ကျွန်တော် သူနဲ့ စကား မပြောဖြစ်သေးပါဘူး။ ကျွန်တော် ထရန့် အကြောင်းကို သိလာတာ ကြာနေပါပြီ။ ဒီအတွက် သူ ပျော်ရွှင်နေမှာပါ။ သူဟာ ဘောလုံး ကစားတာကလွဲပြီး တခြား ဘာကိုမှ လွှမ်းမိုးခံမယ့်သူ မဟုတ်ပါဘူး။ ထရန့်ကို ရှုံးထွက်အဆင့်တွေမှာ ယုံကြည်လို့ မရနိုင်ဘူးဆိုပြီး ဂယ်ရီနဗီး ပြောခဲ့တာကို ကျွန်တော် ကြားခဲ့ပါတယ်။

ဒါပေမယ့် အလက်ဇန်းဒါးအာနိုးဟာ ဖိုင်နယ် တစ်ချို့မှာလည်း ဗိုလ်စွဲထားခဲ့ပြီး ဖြစ်ပါတယ်။ ဖိုင်နယ် ပွဲစဉ်တွေမှာ သူ့အနေနဲ့ ခံစစ်ကို အကောင်းဆုံး ကစားမှ ရမှာပါ။ သူဟာ အမြဲတမ်း နေရာကောင်းမှာ ရှိနေသလို ခံစစ်ကိုလည်း ကောင်းကောင်း ကစားနိုင်ခဲ့ပါတယ်။ ဘာကြောင့် သူ့ရဲ့ ခံစစ် ကစားပုံနဲ့ ပက်သက်ပြီး ဆွေးနွေးမှု လုပ်နေရသလဲ ဆိုတာ ကျွန်တော် မသိပါဘူး။ ဂါရက် အနေနဲ့ သူ့လို ကစားသမားမျိုး အသင်းမှာ ရှိနေတဲ့ အတွက် ပျော်ရွှင်နေမှာပါ။

ထရန့်ဟာ တအားကို တည်ငြိမ်စွာ ရှိနေကာ တိုးတက်မှု ရှိလာဖို့ အတွက် ကြိုးစားနေပါတယ်။ သူ့ကိုသာ မရွေးချယ်ဘူးဆိုရင်တော့ စိတ်ပျက်စရာ ဖြစ်လာမှာပါ။ အခုတော့ သူ အရမ်း ပျော်ရွှင်နေတာကို ကျွန်တော် တွေ့ခဲ့ရပါတယ်။ ဒါဟာ ကောင်းပါတယ်။ သူဟာ ဒီသတင်းနဲ့ ပက်သက်ပြီး တအား ကျေနပ်နေပါတယ်။ ကျွန်တော်လည်း သူ့အတွက် ပျော်ရွှင်မိပါတယ်။” လို့ ဆိုလိုက်ပါတယ်။

အလက်ဇန်းဒါးအာနိုးဟာ ကမ္ဘာ့ဖလားမှာ နိုင်ငံအတွက် ကိုယ်စားပြုခွင့်ရတဲ့ လီဗာပူး ကစားသမား ၇ ဦးထဲက တစ်ဦး ဖြစ်ပြီး ဟန်ဒါဆန် နူးနက် ဗန်ဒိုက် ဖာဘင်ညို အလီဆွန် ကိုနာတေး တို့ဟာ ကာတာမှာ သွားရောက် ယှဉ်ပြိုင်ခွင့်ရမှာ ဖြစ်ပြီး ဂိုးမက်ဇ် တီယာဂို ဖာမီနို တို့ကတော့ ရွေးချယ်ခံခဲ့ရခြင်း မရှိခဲ့ပါဘူး။

SM