အချိုရည်မကြိုက်တဲ့ လန်ဒန် ၊ နောက်တဆင့်တက်တဲ့ ချန်ပီယံ ၊ World Cup အတွက် လူစာရင်းတွေနဲ့ . . . နံနက်ခင်း အားကစားသတင်းများ

 

ခါရာဘောင် ဖလား ရဲ့ ၃၂ သင်းအဆင့် ပွဲစဉ်တွေကို မနေ့က ယှဉ်ပြိုင် ကစားသွားခဲ့ကြပါတယ် ။ ဒီလို ကစားရာမှာတော့ လန်ဒန် အခြေစိုက် ပရီးမီးယားလိဂ် အသင်းတွေဟာ ထူးဆန်း တိုက်ဆိုင်စွာနဲ့ အားလုံး အရေးနိမ့်ပြီး ပြိုင်ပွဲကို လက်ပြ နှုတ်ဆက် ခဲ့ရပါတယ် ။ မနေ့က တရက်တည်းမှာတင် လန်ဒန် ကလပ် ၆ သင်း အထိ ခါရာဘောင် ကနေ ထွက်ခွာ ခဲ့ရတာပါ ။

 

အာဆင်နယ် ဟာ အိမ်ကွင်းမှာ ဘရိုက်တန် ကို ၃-၁ နဲ့ ရှုံးနိမ့်ခဲ့ သလို ဝက်စ်ဟမ်း ကလည်း ဘလက်ဘန်း ကို ပင်နယ်တီ အဆုံးအဖြတ် နဲ့ ရှုံးနိမ့်ခဲ့ ပါတယ် ။

နောက်ထပ် လန်ဒန် ကလပ်တွေ ဖြစ်ကြတဲ့ ဘရန့်ဖိုဒ့် ၊ ခရစ္စတယ် ပဲလေ့စ် တို့ဟာလည်း ဂီလ်လင်ဟမ် ၊ နယူးကာဆယ် တို့ကို ပင်နယ်တီ အဆုံးအဖြတ်တွေနဲ့ အရေးနိမ့်သွား ခဲ့ကြပါတယ် ။

 

ချဲလ်ဆီး ကလည်း အဝေးကွင်းမှာ မန်ချက်စတာ စီးတီး ကို ၂-၀ နဲ့ ရှုံးနိမ့်ခဲ့ ပါတယ် ။ စီးတီး အတွက် ဂိုးတွေ ကိုတော့ မာရက်ဇ် နဲ့ အယ်လ်ဗာရက် တို့က သွင်းယူ ပေးခဲ့ကြတာပါ ။

အန်တိုနီယို ကွန်တီ ရဲ့ တော့တင်ဟမ် ဟော့စပါး ကလည်း နော်တင်ဟမ် ဖောရက်စ် ကို ၂-၀ နဲ့ ရှုံးသွားခဲ့ ပါတယ် ။

 

လက်ရှိ ချန်ပီယံ လီဗာပူး ကတော့ ဒါဘီ ကောင်တီ အသင်းကို ပင်နယ်တီ အဆုံးအဖြတ် ခံယူ ခဲ့ရပြီး အရန် ဂိုးသမားလေး ခယ်လီဟာ ရဲ့ လက်စွမ်းပြမှု နဲ့ အနိုင်ရကာ နောက်တဆင့်ကို တက်လှမ်း သွားခဲ့ ပါတယ် ။

ကမ္ဘာ့ဖလား ကျင်းပဖို့ ၁၀ ရက်သာ လိုတော့ချိန်မှာတော့ လက်ရွေးစင် အသင်းတွေဟာ အပြီးသတ် လူစာရင်းတွေကို တသင်းပြီး တသင်း ကြေညာလာခဲ့ ပါတယ် ။

လက်ရှိ ချန်ပီယံ ပြင်သစ် ဟာ ကာတာ ကို သွားမယ့် ၂၆ ယောက် စာရင်းကို မနေ့က ထုတ်ပြန် ကြေညာ သွားခဲ့ပြီး ဒဏ်ရာ ရနေတဲ့ အမာခံ ကွင်းလယ်လူတွေ ဖြစ်တဲ့ ပေါ့ဘာ နဲ့ ကန်တီ တို့ နေရာမှာ ဂွမ်ဒိုဇီ ၊ ဗာရီတော့ဒ် ၊ ဖိုဖာနာ တို့ကို ထည့်သွင်း သွားခဲ့ ပါတယ် ။

ဒဏ်ရာ ရှိနေသေးတဲ့ ယူနိုက်တက် ခံစစ်မှူး ရာဖေး ဗာရန်း ဟာလည်း ပြင်သစ် အသင်းရဲ့ လူစာရင်းမှာ ပါဝင်သွားခဲ့တယ်လို့ သိရပါတယ် ။

အင်္ဂလန် နည်းပြ ဆောက်ဂိတ် ဟာ သူ့ရဲ့ ၂၆ ယောက် စာရင်းကို ဒီကနေ့ ရွေးချယ်မှာ ဖြစ်ပြီး ယူနိုက်တက် တိုက်စစ်မှူး မားကပ် ရက်ဖိုဒ့် ၊ မန်စီးတီး နောက်ခံလူ ကိုင်လ်ဝေါ်ကာ တို့ ပါဝင်လာဖွယ် ရှိပြီး လက်စတာ ကွင်းလယ်လူ မက်ဒီဆင် နဲ့ အေစီမီလန် နောက်ခံလူ တိုမိုရီ တို့ ကျန်ရစ်ခဲ့တယ် ဆိုပြီး သတင်းတွေ ထွက်ပေါ်နေခဲ့ ပါတယ် ။

တော့တင်ဟမ် ဟော့စပါး ဟာ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ မှာ စီးရီးအေ ကနေ ကစားသမားတွေ ထပ်မံ ခေါ်ယူဖို့ အစီအစဉ် ရှိနေပြီး ယူဗင်တပ် ကွင်းလယ်လူ ဝက်စတန် မက်ကိန်း နဲ့ အင်တာမီလန် နောက်ခံလူ ဘတ်စတိုနီ တို့ ကို စိတ်ဝင်စား နေတယ်လို့ သိရပါတယ် ။

အင်တာမီလန် အသင်းတော့ ယူဗင်တပ် ကို အရေးနိမ့်တဲ့ ပွဲအပြီး တညတည်းမှာ မီလန် ကလပ် ကို သွားရောက် ပျော်ပါးခဲ့တဲ့ ( ချစ်သူရဲ့ မွေးနေ့ပါတီဟု သိရှိရ ) တိုက်စစ်မှူး လူတာရို မာတီနက် ကို စည်းကမ်းပိုင်း ဆိုင်ရာ အရေးယူမှု ပြုလုပ်သွားမယ်လို့ သိရပါတယ် ။

ရီးရဲ မက်ဒရစ် နည်းပြကြီး အန်ဆယ်လော့တီ ဟာ ဘန်ဇီးမား က ကမ္ဘာ့ဖလား အတွက် ခွန်အား ချွေတာ ကစားခဲ့တာကြောင့် နောက်ပိုင်း ပွဲတွေ မှာ ပုံစံကောင်း မပြနိုင်ခဲ့တာ ဖြစ်တယ်ဆိုတဲ့ ယူဆချက်တွေ အပေါ် ဘာမှတ်ချက်မှ ပေးစရာ မရှိပါဘူးလို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

ဆောက်သမ်တန် ဟာ ဝေးလ် လူမျိုး နည်းပြ နေသန် ဂျုံးစ် ကို နည်းပြသစ် အဖြစ် ခန့်အပ် သွားခဲ့ပါတယ် ။ နေသန် ဂျုံးစ် ဟာ မနေ့ညက ကစားခဲ့တဲ့ ခါရာဘောင်ပွဲကို ပွဲကြည့်စင် ပေါ်ကနေ ကြည့်ရှုခဲ့ပြီး လာမယ့် ပိတ်ရက် ပွဲကနေ စတင် ကိုင်တွယ် သွားမှာ ဖြစ်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အပါအဝင် ပရီးမီးယားလိဂ် ကလပ် အသင်းတွေဟာ စပို့တင်း လစ္စဘွန်း အသင်းရဲ့ လူငယ် ကြယ်ပွင့်လေး Abdul Fatawu Issahaku ကို စောင့်ကြည့် နေတယ်လို့ သိရပါတယ် ။

 

ယူနိုက်တက် ဟာ ချဲလ်ဆီး ၊ နယူးကာဆယ် တို့နဲ့ ပွဲတွေတုန်းက ဒိုင်လူကြီး ကို ဝိုင်းဝန်း စောဒကတက်မှုတွေ အတွက် ပေါင် ၈၂၀၀၀ ဒဏ်ငွေ ပေးဆောင်ဖို့ FA က သတ်မှတ် ခဲ့တယ်လို့လည်း သိရှိရ ပါတယ် ခင်ဗျာ . . . . . ။

 

SPORTS MYANMAR