မန်စီးတီးကို အရေးနိမ့်ခဲ့တဲ့ ကာရာဘောင် ဖလားပွဲမှာ အထူး ခြေစွမ်းပြခဲ့တဲ့ ချဲလ်ဆီး ကြယ်ပွင့် တဦးကို ထုတ်နုတ် ချီးကျူးလိုက်တဲ့ ဂရေဟမ် ပေါ်တာ

ချဲလ်ဆီး အသင်းဟာ မနေ့ည က ကစားခဲ့တဲ့ ကာရာဘောင် ဖလား တတိယ အဆင့်ပွဲမှာ မန်စီးတီး အသင်းကို အဝေးကွင်းမှာ ရင်ဆိုင်ခဲ့ရာကာ ၊ ဒုတိယပိုင်းက ပေးဂိုး ၂ဂိုးနဲ့ အတူ ၂ – ၀ ရလဒ်နဲ့ ပြိုင်ပွဲကနေ စောစောစီးစီး နှုတ်ဆက် ထွက်ခွာခဲ့ရပြီ ဖြစ်ပါတယ် ။

ဒီပွဲမှာ ချဲလ်ဆီး နည်းပြ ဂရေဟမ် ပေါ်တာ ဟာ အဓိက ပွဲထွက်စာရင်းမှာ အရန်တဝက်လောက် အသုံးပြုခဲ့ပြီး ၊ ထိုအထဲမှာ အကယ်ဒမီကနေ ခေါ်လာတဲ့ အသက် ၁၈နှစ် အရွယ် ဘယ်နောက်ခံလူ လူးဝစ်ဟောလ်လည်း တဦး အပါအဝင် ဖြစ်ပါတယ် ။

ဟောလ်ဟာ ယခုနှစ် ရာသီ ကူကူရယ်လာ wing-back နေရာမှာ ကစားခဲ့တာတွေထက် အဆပေါင်းများစွာ သာလွန်ကောင်းမွန်ခဲ့ကာ ၊ တိုက်စစ် ခံစစ် မျှမျှတတ လိုက်လံ အားဖြည့်ပေးနိုင်ခဲ့လို့ ၊ အကယ်ဒမီ လူငယ် တဦးနဲ့ပင် မတူခဲ့ပဲ ၊ ဝါရင့် စီနီယာ အလားသဏ္ဍာန် ရှိခဲ့ပါတယ် ။

ဒါ့အပြင် ဟောလ်ဟာ ပထမပိုင်းမှာ တကြိမ် ၊ ဒုတိယပိုင်းမှာ တကြိမ် အကောင်းဆုံး ဂိုးသွင်းခွင့်တွေ ရခဲ့ပေမယ့် ၊ မန်စီးတီး ဂိုးသမား စတက်ဖန် အိုတေဂါကြောင့် ပထမဆုံး စီနီယာ သွင်းဂိုး မရခဲ့တာ ဖြစ်ပါတယ် ။ မနေ့ညက ပွဲမှ ခြေစွမ်းကြောင့် ချဲလ်ဆီး ပရိသတ်တွေကတော့ လာမယ့် စနေနေ့ နယူးကာဆယ်နဲ့ ပွဲမှာ ၄င်းကို ထပ်မံ ပွဲထုတ်ဖို့ တောင်းဆိုလာကြပါတယ် ။

ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာတော့ ဂရေဟမ် ပေါ်တာ က လူးဝစ်ဟောလ်ရဲ့ ကိုယ်ရည်ကိုယ်သွေးကို ချီးကျူးရင်း ၊ ဒီလို ပုံစံမျိုး မတူညီတဲ့ နေ့မှာဆို ၄င်းအတွက် ပထမဆုံး စီနီယာ သွင်းဂိုး ရနိုင်ကြောင်း အခုလိုပဲ မှတ်ချက်ပြုခဲ့ပါတယ် ။

ပေါ်တာ က ” လူးဝစ်ရဲ့ စွမ်းဆောင်ရည်ကို ကျွန်တော် အားရ ကျေနပ်မိပါတယ် ။ သူဟာ တာဝန် ကျေပွန်မှု ရှိခဲ့ပြီး ၊ ကျဉ်းမြောင်းတဲ့ ဧရိယာတွေကို အရဲစွန့် ကျော်ဖြတ်ဖို့ ကြိုးစားခဲ့ပါတယ် ။ ပြိူင်ဖက်ရဲ့ ပင်နယ်တီ ဧရိယာထဲကို ဝင်ရောက် တိုက်ခိုက်ပြီး ၊ တခြား နေ့မျိုးမှာဆို သူ ၂ဂိုးလောက် သွင်းနိုင်ခဲ့မှာပါ ။ ”

” ဒီတော့ အရမ်းကောင်းပြီး ရင့်ကျက်မှု ရှိတဲ့ စွမ်းဆောင်ရည် တရပ် ဖြစ်ကြောင်း ပြောပါရစေ ။ သူဟာ အေးအေးဆေးဆေး နေတတ်တဲ့ ချာတိတ် တဦး ဖြစ်ပေမယ့် ၊ ကိုယ့်အလုပ်အပေါ်မှာ ကိုယ် အပြည့်အဝ အာရုံစိုက်တတ်ပါတယ် ။ ကျွန်တော်ကတော့ သူ့ရဲ့ ခြေစွမ်း အပေါ်မှာ အရမ်း အားရမိပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

မနေ့ည က ပွဲက ချဲလ်ဆီး အသင်းရဲ့ ခြေစွမ်းဟာ တနင်္ဂနွေနေ့က အာဆင်နယ်ကို ၀ – ၁ နဲ့ ရှုံးခဲ့တဲ့ လန်ဒန်ဒါဘီပွဲကထက် အပုံကြီး သာခဲ့ပါတယ် ။ မန်စီးတီးကလည်း အရန် အများအပြားနဲ့ ကစားခဲ့တယ် ဆိုပေမယ့် ၊ ဂိုးကံခေခဲ့လို့သာ ချဲလ်ဆီးတို့ ဂိုးမရခဲ့တာ ဖြစ်ပါတယ် ။

ဒါနဲ့ ပတ်သက်ပြီး ပေါ်တာ က ” ဒီနေ့မှာ အပေါင်း လက္ခဏာ ဆောင်တဲ့ အရာ အနည်းငယ် ရှိခဲ့တယ်လို့ ကျွန်တော် မြင်ပါတယ် ။ ဟုတ်ပါတယ် ။ ရလဒ်ပိုင်းနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ စိတ်ပျက်ခဲ့မိပေမယ့် ၊ ကစားပုံ အရ ကျွန်တော်တို့ဟာ အရမ်းကောင်းတဲ့ အခွင့်အရေး အချို့ ဖန်တီးနိုင်ခဲ့ပါတယ် ။ ဒီနေ့မှာ ပိုကောင်းတဲ့ အသင်းလိုက် ကစားဟန် ၊ စွမ်းဆောင်ရည်ကို တွေ့မြင်ခဲ့ရပါတယ် ။ ”

” ဒီနေ့ အသင်းဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အာဆင်နယ်နဲ့ ပွဲမှာ ကျွန်တော်တို့ ဖြစ်ချင်ခဲ့တဲ့ အနေအထားနဲ့ ပိုပြီး နီးစပ်မှု ရှိပါတယ် ။ အသင်းသားတွေဟာ ထိပ်တန်း ပြိုင်ဖက် အသင်းနဲ့ ရင်ဆိုင်ရတဲ့ အချိန်မှာ ရဲရင့်မှုကို ပြသနိုင်ခဲ့ကြပါတယ် ။ ပြိုင်ဖက် ဂိုးသမားက Man of the Match ရသွားတယ် ဆိုတာက ဒီနေ့ပွဲ အကြောင်း တစိတ်တပိုင်း ပြောပြနေသလိုပါပဲ ။ ဒါပေမယ့် ခြုံပြောရရင် ဒါက ခြေတလှမ်း ရှေ့တိုးနိုင်ခဲ့တာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR