ပင်နယ်တီ အဆုံးအဖြတ်မှာ ကယ်လီဟာ ဟီးရိုးဖြစ်ခဲ့ပြန်တဲ့….လီဗာပူး ၀-၀ ဒါဘီ (၃-၂) ပွဲစဉ်မှ ထူးထူးခြားခြား ပြောစရာများ

 

ကွီမင်းကယ်လီဟာဟာ မနေ့ညက ဒါဘီကောင်တီကို ပင်နယ်တီ အဆုံးအဖြတ်မှာ ၃-၂ နဲ့ အနိုင်ရရှိခဲ့တဲ့ ကာရာဘောင်ဖလား ပွဲစဉ်မှာ လီဗာပူးအတွက် ပင်နယ်တီ ၃ လုံးကို ကာကွယ်ကာ နောက်တစ်ကြိမ် ဟီးရိုး ဖြစ်ခဲ့ပြန်ပါတယ်။

လီဗာပူးဟာ မိနစ် ၉၀ အတွင်းမှာ ဒါဘီကို အနိုင်မကစားနိုင်ခဲ့တာကြောင့် ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရတာ ဖြစ်ပါတယ်။ ဒီပွဲစဉ်မှ ထူးထူးခြားခြား ပြောစရာတွေကတော့

၁~လူငယ်ကြယ်ပွင့် ၆ ဦး

ကလော့ဟာ ဒီပွဲစဉ်မှာ ရမ်ဆေး ဘက်ဂျာတစ် ဖရန်းဒေ့ါ ဘော်ဘီကလပ် နဲ့ လေတန်စတီး၀မ် တို့ကို ပွဲထွက်စာရင်းမှာ အသုံးပြုခဲ့ပြီး ဒါဟာ ဒီလူငယ်တွေ အတွက် မမေ့နိုင်စရာ အခိုက်အတန့်ပါပဲ။ ဘက်ဂျာတစ်ရဲ့ တည်ငြိမ်မှု နဲ့ awareness ကတော့ မျက်စိကျစရာ ဖြစ်နေပြီး ကလပ်ဟာ ကောင်းမွန်တဲ့ ပြေးလွှားမှုတွေ လုပ်ပေးခဲ့ကာ ဖရန်းဒေါ့ကတော့ သူ့အတွက် နေရာလွတ်တွေကို ကိုယ်တိုင်ဖန်တီးခဲ့ပါတယ်။ စတီး၀မ်ရဲ့ ခြေစွမ်းကတော့ မစွံခဲ့ဘဲ အကောင်းဆုံး အခွင့်အရေးကိုလည်း အသုံးမချနိုင်ခဲ့သလို ပြိုင်ဘက်ခံစစ်ကိုလည်း ဒုက္ခမပေးနိုင်ခဲ့ပါဘူး။

 

လူစား၀င် ကစားသမား ဖြစ်တဲ့ ၁၆ နှစ်အရွယ် ဘန်ဒုတ်ဟာ ဒီပွဲစဉ်မှာ သူ့ရဲ့ debut ကို ရရှိခဲ့ပြီး ပွဲထွက်ခွင့် ရခဲ့တဲ့ ကာဗယ်ဟို ထက်တောင် ပိုကောင်းအောင် ကစားနိုင်ခဲ့တာကို မြင်ခဲ့ရပါတယ်။ ရမ်ဆေး အကြောင်းကို အောက်မှာ ဖော်ပြသွားမှာ ဖြစ်ပြီး လီဗာပူးတို့ နောက်တဆင့် တက်နိုင်ခဲ့တာကြောင့် ဒီလူငယ်တွေ ဆက်ပြီး အခွင့်အရေး ရအုံးမှာ ဖြစ်ပါတယ်။

၂~သူဘာလဲဆိုတာ ပြသခဲ့တဲ့ ရမ်ဆေး

စကော့တလန် အသင်းကြီးအတွက် ပထမဦးဆုံး ရွေးချယ်ခံခဲ့ရတဲ့ နေ့မှာပဲ ရမ်ဆေးဟာ လီဗာပူး အသင်းကြီး အတွက် ပထမဦးဆုံး ပွဲထွက်ခွင့် ရခဲ့ပါတယ်။ ယုံကြည်မှု ပြည့်၀တဲ့ အပြင် အန္တရာယ်ကိုလည်း အနံ့ခံနိုင်ပြီး စွမ်းအင်မြင့် ကစားဟန်ကိုလည်း ပြသခဲ့ပါတယ်။ ဒါပေမယ့် တိုက်စစ်ကို ပံ့ပိုးတဲ့ နေရာမှာတော့ ဒီထက် အရည်အသွေး ပိုတိုးတက်ဖို့ လိုပါသေးတယ်။ စကော့တလန်သားဟာ ဒဏ်ရာကြောင့် လနဲ့ချီ နားခဲ့ရသူ ဖြစ်ကာ ဒီအတိုင်း ဆက်လက် တိုးတက်နေမယ် ဆိုရင်တော့ ဝေဖန်မှုတွေ ခံနေရတဲ့ အလက်ဇန်းဒါးအာနိုးရဲ့ ပွဲထွက် နေရာကို ခြိမ်းခြောက်လာနိုင်မှာပါ။

 

လီဗာပူးဟာ ကော့စတပ်ဆီမီကတ်ကြောင့် ရောဘတ်ဆန်ကို ကောင်းကောင်း အနားပေး ကစားနိုင်တဲ့ အကျိုးကျေးဇူးတွေ ရရှိခဲ့ကာ ရမ်ဆေးသာ ဆက်လက် တိုးတက်လာအုံးမယ် ဆိုရင် ညာခြမ်းခံစစ်မှာ ကလော့ အနေနဲ့ ဒီလိုမျိုး လုပ်လာနိုင်မှာပါ။

၃~မေးခွန်းထုတ်စရာ စီနီယာများ

ကာတစ်ဂျုံး or ဟန်ဒါဆန် တို့ တစ်ဦးဦး ဒီပွဲစဉ်မှာ ပါမလာတာ ကတော့ အံ့သြစရာ ဖြစ်ကာ ကလော့ဟာ ပထမအသင်းသားတွေ ဖြစ်တဲ့ ဂိုးမက်ဇ် ဆီမီကတ်စ် အယ်လီယော့ ဖာမီနို ဒါ၀င်နူးနက် ကာဗယ်ဟို နဲ့ ချိန်ဘာလိန် တို့ကို ဒီပွဲစဉ်အတွက် လူစာရင်းမှာ ထည့်သွင်းခဲ့ပါတယ်။ လူငယ် ကစားသမားတွေ အများအပြား ပါ၀င်နေချိန်မှာ ကာဗယ်ဟို ချိန်ဘာလိန် နဲ့ ဆီမီကတ်စ် တို့ အနေနဲ့ ဒီထက် ပိုကောင်းအောင် ကစားနိုင်ခဲ့သင့်တာတော့ အမှန်ပါပဲ။ ပြီးခဲ့တဲ့ရာသီက လီဗာပူးဟာ အိုရီဂီ မီနာမီနို တို့လို အရေးပါတဲ့ ဂိုးတွေ သွင်းယူကာ လူငယ် ကစားသမားတွေကို ဖိအားလျော့စေခဲ့သူတွေ ရှိခဲ့ပေမယ့် ဒီနှစ်မှာတော့ ဒီလို မဟုတ်ခဲ့ပါဘူး။

ကယ်ဗယ်ဟိုဟာ နောက်တစ်ကြိမ် ဘယ်ခြမ်းမှာ ပျောက်ဆုံးနေခဲ့ပြီး သူ့အတွက် အကောင်းဆုံး နေရာက ဘယ်နေရာလဲ ဆိုတာ မပြောနိုင်သလို လူစား၀င် ကစားသမား တစ်ဦး ဖြစ်တဲ့ နူးနက် ကလည်း တိုက်စစ်မှာ ဘာတစ်ခုမှ မလုပ်ပြနိုင်ခဲ့ပါဘူး။ ဒဏ်ရာပြသနာတွေသာ မရှိဘူးဆိုရင် လီဗာပူးကို ဒီထက် တောင့်တင်းတဲ့လူစာရင်းကို မြင်ရမှာ ဖြစ်ပေမယ့် စီနီယာတွေဟာ လူငယ်တွေကို ဒီထက်တော့ ပိုမို ကူညီနိုင်ခဲ့သင့်ပါတယ်။

၄~ပင်နယ်တီမှာ နောက်တစ်ကြိမ် ဟီးရိုးဖြစ်ခဲ့တဲ့ ကယ်လီဟာ

ကယ်လီဟာဟာ ဒဏ်ရာပြသနာတွေကြောင့် ဒီရာသီမှာ ပထမဦးဆုံး ပွဲကစားခွင့် ရခဲ့တာ ဖြစ်ပါတယ်။ ၎င်းဟာ ပင်နယ်တီ အဆုံးအဖြတ်မှာ အမြဲတမ်း တောက်ပတဲ့ ဂိုးသမားလို့ ဆိုနိုင်ပြီး အခုဆိုရင် ပင်နယ်တီ shootout မှာ ၄ ကြိမ် အနိုင်ရထားခဲ့ကာ ဒါဟာ ကလပ်သမိုင်းမှာ စံချိန်တစ်ခု ဖြစ်ပါတယ်။ ကယ်လီဟာ အနေနဲ့ တစ်ပွဲလုံးမှာ သိပ်ပြီး မလုပ်မများခဲ့ပေမယ့်လည်း နောက်ဆုံးမှာတော့ ပွဲကို အဆုံးအဖြတ် ပေးသူ ဖြစ်လာခဲ့ကာ လီဗာပူး အတွက် ပင်နယ်တီ ၃ လုံးကို လက်စွမ်းပြ ကာကွယ်ပေးသွားခဲ့ပါတယ်။

ထုံးစံအတိုင်းပဲ ပွဲအပြီးမှာ ကယ်လီဟာ အနေနဲ့ အလီဆွန်ရဲ့ အရန်အဖြစ် ဘယ်လောက်ကြာကြာ ဆက်ရှိနိုင်မလဲ? ဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်လာခဲ့ကာ လက်ရှိမှာတော့ ကယ်လီဟာဟာ လီဗာပူးကို စတုတ္ထအဆင့်ကို ပို့ဆောင်ကာ ချန်ပီယံဆုကို ကာကွယ်သွားမယ့် မျှော်လင့်ချက်ကို ဆက်လက် အသက်သွင်းပေးခဲ့ပါတယ်။

၄~တစ်ပွဲအလို

ကလော့ဟာ လာမည့် စနေနေ့ ဆောက်သမ်တန်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ်ကို အထူး အာရုံစိုက်ထားတဲ့ အနေနဲ့ ဒီပွဲစဉ်မှာ အဓိက ကစားသမား အများအပြားကို အနားပေးသွားခဲ့ပြီး လူငယ် ကစားသမား အများအပြားကို အခွင့်အရေး ပေးခဲ့ပါတယ်။ ဒါ့ကြောင့် ကြည့်ရတာ ချောချောမွေ့မွေ့ မရှိတဲ့ အပြင် အသင်းရဲ့ ရစ်သမ်လည်း ပျောက်နေခဲ့ပါတယ်။ ဒါပေမယ့် ပင်နယ်တီမှာ အနိုင်ရခဲ့တာကြောင့် အလုပ် ပြီးမြောက်ခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

ကမ္ဘာ့ဖလားမတိုင်မီ တစ်ပွဲသာ ကစားရဖို့ ရှိတော့ပြီး လီဗာပူး အနေနဲ့ လာမည့် စနေနေ့ ဆောက်သမ်တန်နဲ့ ပွဲစဉ်မှာ အနိုင် ၃ မှတ် ရယူကာ အပေါ်က အသင်းတွေနဲ့ ရမှတ် ကွာဟမှုကို လျော့ချထားဖို့ လိုအပ်နေပါတယ်။ ပထမရာသီ၀က်မှာ လီဗာပူးတို့ ရုန်းကန် ခဲ့ရပေမယ့်လည်း လာမည့် ဒီဇင်ဘာလမှာတော့ လူစုံတက်စုံ ဖြစ်လာမယ့် လီဗာပူးရဲ့ ပုံစံကောင်းကို ပြန်လည် မြင်တွေ့ရမယ်လို့ မျှော်လင့်မိပါတယ်။

sm