အနီ ၂ ကတ်နဲ့ ၅ မှတ်ဖြတ်လိုက်တဲ့ ဘာဆာ ၊ ဒဏ်ရာ နဲ့ အပြောင်းအရွှေ့ အကြောင်းအချို့နဲ့ . . . နံနက်ခင်း အားကစားသတင်းများ

မနေ့ ညက ကစားသွားတဲ့ လာလီဂါ ပွဲစဉ်မှာတော့ ဘာစီလိုနာ ဟာ အဝေးကွင်းမှာ အိုဆာဆူနာ အသင်း ကို ၂-၁ နဲ့ အနိုင် ကစားပြီး ( ရီးရဲ ပွဲ မတိုင်ခင် ) အဆင့် ၁ နေရာ ကနေ ၅ မှတ်ဖြတ်ကာ ဦးဆောင် သွားခဲ့ ပါတယ် ။

ဘာစီလိုနာ အတွက် ပက်ဒရီ က ချေပဂိုး သွင်းပေးခဲ့ပြီး ၈၅ မိနစ်မှာ ရာဖင်ညာ က အနိုင်ဂိုး သွင်းယူ ပေးသွားခဲ့တာပဲ ဖြစ်ပါတယ် ။

ဒီပွဲမှာ ဘာစီလိုနာ ဘက်က တိုက်စစ်မှူး လီဝန်ဒေါ့စကီး အနီကတ် ထိခဲ့သလို အရန်ခုံတန်းက ပီကေး ဟာလည်း ကွင်းလယ်ဒိုင် ဖြစ်သူကို ပြောဆို ခဲ့မှုကြောင့် အနီကတ်ပြသ ခံခဲ့ရ ပါတယ် ။

ဂျာမန်ဘွန်ဒစ်လီဂါ မှာတော့ ဘိုင်ယန်မြုးနစ် ဟာ ဝါဒါဘရီမင် အသင်းကို ၆-၁ ရလဒ် နဲ့ အပြတ်အသတ် အနိုင် ကစားပြီး အဆင့် ၁ နေရာကို ဆက်လက် ထိန်းသိမ်း နိုင်ခဲ့ ပါတယ် ။ ဘိုင်ယန် အတွက် ဂနာဘရီ က ဟက်ထရစ် သွင်းယူ ပေးခဲ့တာပါ ။

အီတလီ စီးရီးအေ မှာလည်း နာပိုလီ ဟာ သူတို့ရဲ့ ပြည်တွင်း ရှုံးပွဲ မရှိမှု ကို ၁၄ ပွဲ အထိ ဆွဲဆန့် နိုင်ခဲ့ပြီး အိမ်ကွင်းမှာ အမ်ပိုလီ အသင်းကို ၂-၀ နဲ့ အနိုင် ကစားခဲ့ပါတယ် ။

အပြောင်းအရွှေ့ သတင်းတွေ မှာတော့ အေစီမီလန် ၊ ချဲလ်ဆီး နဲ့ အာဆင်နယ် တို့ဟာ ပေါ်တို တိုက်စစ်မှူး မက်ဒီ တာရီမီ ကို စောင့်ကြည့်ဖို့ ကင်းထောက်တွေ စေလွှတ်ထားတယ်လို့ ကြားသိရ ပါတယ် ။

အာဆင်နယ် ဟာ နွေရာသီက ခေါ်ယူထားတဲ့ ၁၉ နှစ် အရွယ် ဘရာဇီး တောင်ပံ ကစားသမားလေး မာကွင်ဟိုစ့် ကို ဇန်နဝါရီ မှာ အငှား စေလွှတ်ဖို့ စိတ်ကူး နေတယ်လို့ သတင်း ထွက်လာခဲ့ ပါတယ် ။

ယူဗင်တပ် ကွင်းလယ်လူ ပေါလ် ပေါ့ဘာ ရဲ့ အေးဂျင့် ကတော့ သူ့ရဲ့ ကစားသမားဟာ ဒဏ်ရာ ကနေ အမြန်ဆုံး သက်သာ လာအောင် လုပ်ဆောင်နေပါတယ်လို့ ထုတ်ဖော် ပြောဆိုခဲ့ ပါတယ် ။

ပေါ့ဘာ ဟာ ဒီရာသီမှာ ဒဏ်ရာတွေနဲ့ ရုန်းကန် နေရပြီး ကမ္ဘာ့ဖလား ကိုလည်း လွဲချော်ခဲ့ပြီ ဖြစ်ပါတယ် ။

အင်္ဂလန် နည်းပြ ဆောက်ဂိတ် ဟာ မနက်ဖြန် မှာ ကမ္ဘာ့ဖလား အတွက် အပြီးသတ် ၂၆ ယောက် စာရင်းကို ရွေးချယ်တော့မှာ ဖြစ်ပြီး ဒဏ်ရာ ရှိနေတဲ့ ချဲလ်ဆီး ညာနောက်ခံလူ ရစ်ဆီ ဂျိမ်းစ် ကို ချန်လှပ် ထားခဲ့ဖို့ အလားအလာ များနေတယ်လို့ သတင်းထွက်ပေါ် နေခဲ့ ပါတယ် ။

ခရစ္စတယ် ပဲလေ့စ် အသင်းမှာ ကစားနေတဲ့ နောက်ခံလူ ခရစ် ရစ်ချတ် ဟာလည်း ဒဏ်ရာကြောင့် ကမ္ဘာ့ဖလား ပြိုင်ပွဲဝင်မယ့် အမေရိကန် အသင်းရဲ့ လူစာရင်း ကနေ လွဲချော် သွားခဲ့ပြီလို့ သိရှိရ ပါတယ် ။

မန်ချက်စတာ စီးတီး အသင်းကတော့ လိင်ပိုင်းဆိုင်ရာ ကျုးလွန်မှုကြောင့် အမှုရင်ဆိုင် နေရတဲ့ နောက်ခံလူ ဘင်ဂျမင် မန်ဒီ ကို လစာ ပေးချေနေမှု ရပ်ဆိုင်း ထားတယ်လို့ သိရပါတယ် ။ စီးတီး ဟာ မန်ဒီ ကို တပတ် ပေါင် ၁ သိန်း လုပ်ခ ကို ( အမှုရင်ဆိုင် နေရပြီး ပွဲမကစားရပေမယ့် ) ၂၀၂၁ စက်တင်ဘာ ကတည်းက မပေးချေဘဲ ဆိုင်းငံ့ထားခဲ့တာ ဖြစ်တယ်လို့လည်း သိရှိရ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် နည်းပြ ရာထူးကနေ ထုတ်ပယ် ခံထားရအပြီး ပရို အသင်းတွေကို ကိုင်တွယ်ခြင်း မပြု သေးတဲ့ အိုလေဂန်နာ ဆိုးရှား ကတော့ နော်ေ၀ က သား ဖြစ်သူ ရဲ့ ယူ-၁၄ အသင်း ကိုသာ ဆက်လက် နည်းပြ နေတယ်လို့ ကြားသိရ ပါတယ် ။

လီဗာပူး ကို FSG က ရောင်းချမယ်လို့ သတင်းထွက်လာ အပြီးမှာ နာမည်ကျော် UFC စတားကြီး ကော်နာ မက်ဂရီဂေါ် ဟာ ဆိုရှယ်မီဒီယာ ထက်မှာ လီဗာပူး ကို ဝယ်ယူလိုကြောင်း ကျီစယ် ရေးသားခဲ့ပါတယ် ။ ကော်နာ ဟာ မန်ချက်စတာ ယူနိုက်တက် အမာခံ ပရိသတ် တယောက် ဖြစ်ပြီး လီဗာပူး ကို ဝယ်ယူဖို့ အစီအစဉ် မရှိဘဲ စနောက် ရေးသားခဲ့တာလို့ သိရပါတယ် ။

ဗြိတိန် ရဲ့ အကြွယ်ဝဆုံး စီးပွားရေး လုပ်ငန်းရှင် ဖြစ်သူ ဆာ ဂျင် ရတ်ကလစ်ဖ် ကလည်း လီဗာပူး ကို ဝယ်ယူဖို့ အစီအစဉ် မရှိဘူးလို့ သိရပါတယ် ။

အီကွေဒေါ အသင်း ဟာ နိုင်ငံသား မှတ်ပုံတင် မရှိတဲ့ ကစားသမား တယောက်ကို ထည့်သွင်း ကစားခဲ့ကြောင်း သက်သေ တွေ့ရှိ ခဲ့ရ ပေမယ့် ကမ္ဘာ့ဖလား ပြိုင်ပွဲ ကို ပါဝင်ယှဉ်ပြိုင် ခွင့် ရရှိ သွားခဲ့ ပါတယ် ။

ဒါပေမယ့် လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေ ပြန်လည် စတင်ချိန် မှာတော့ ၃ မှတ်နှုတ် ပြစ်ဒဏ် ချမှတ် ခံရမယ်လို့ သိရှိရ ပါတယ် ။

မနေ့ညက ကစားခဲ့တဲ့ ခါရာဘောင် ဖလား ပွဲစဉ်တွေ မှာတော့ ဘရန့်ဖိုဒ့် အသင်းဟာ လိဂ်တူး ကလပ် ဂီလင်ဟမ် အသင်းကို ပင်နယ်တီ အဆုံးအဖြတ် မှာ အရေးနိမ့်ပြီး ပြိုင်ပွဲ ကနေ ထွက်ခွာ သွားခဲ့ရ ပါတယ် ။

ဖရန့် လမ်းပတ် ရဲ့ အဲဗာတန် အသင်းဟာလည်း ဘုန်းမောက် အသင်းကို ၄-၁ နဲ့ အရေးနိမ့်ပြီး လက်ပြ နှုတ်ဆက် ခဲ့ရ ပါတယ် ။

လက်စတာ စီးတီး ကတော့ နယူးပို့ အသင်းကို ၃-၀ နဲ့ အနိုင် ကစားပြီး နောက်တဆင့်ကို တက်လှမ်း သွားနိုင်ခဲ့ ပါတယ် ခင်ဗျာ . . . . . ။

 

SPORTS MYANMAR