ပုံစံကောင်း ပျောက်ဆုံးနေတဲ့ စတာလင်ကို ပြိုင်ဖက် အဖြစ်နဲ့ ပြန်လည် ရင်ဆိုင်ရမယ့် အပေါ် မှတ်ချက်ပြုလိုက်တဲ့ ဂွာဒီယိုလာ

ယနေ့ည ကာရာဘောင် ဖလား တတိယ အဆင့်ပွဲများစွာ အနက် ပရိသတ်တွေ အထူး မျှော်လင့် စောင့်စားကြမယ့် ပွဲကတော့ အီတီဟတ်မှာ အင်အားကြီး ကလပ် ၂သင်း ဖြစ်တဲ့ မန်စီးတီးနဲ့ ချဲလ်ဆီးတို့ ထိပ်တိုက် တွေ့ဆုံကြမယ့် ပွဲဖြစ်ပါတယ် ။

လတ်တလော ခြေစွမ်းနဲ့ ရလဒ်ပိုင်း အရ ဒီ ၂သင်း အကြား ကွာခြားမှု ကြီးမားပေမယ့် ၊ ရှုံးထွက်ဖလားပွဲ ဖြစ်တာကြောင့် ဘယ်အသင်းမဆို အနိုင်ရသွားနိုင်ပါတယ် ။ ဒါ့အပြင် ဒီပွဲဟာ အင်္ဂလန် လက်ရွေးစင် တောင်ပံ ကစားသမား ရာဟင်း စတာလင် အတွက် အိမ်ပြန်ခရီးပွဲလည်း ဖြစ်ပါတယ် ။

ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ စျေးကွက် အတွင်း မန်စီးတီးကနေ ချဲလ်ဆီးသို့ ယူရိုသန်း ၅၀နဲ့ ပြောင်းရွှေ့ခဲ့တဲ့ စတာလင် အတွက် ဒါဟာ အသင်းဟောင်းကို ပြိုင်ဖက် အနေနဲ့ ပထမဆုံး အကြိမ် ပြန်လည် ရင်ဆိုင်ရခြင်း ဖြစ်ပါတယ် ။ သို့သော်လည်း စတာလင်ဟာ လတ်တလော ဂိုးသွင်းနိုင်ဖို့ အပြင် ခြေစွမ်းပြဖို့ပါ ရုန်းကန်နေရတာကြောင့် အိမ်ရှင် ပရိသတ်တွေ အဖို့ လွမ်းလောက်စရာ စွမ်းဆောင်ရည်မျိုး မတွေ့ရဖို့ အလားအလာ များနေပါတယ် ။

မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ မန်စီးတီး နည်းပြ ပက်ဂွာဒီယိုလာ က သူ့တပည့်ဟောင်း စတာလင်ရဲ့ လတ်တလော ခြေစွမ်းအပေါ် အကဲဖြတ် ဝေဖန်ဖို့ ငြင်းဆန်ရင်း ၊ ယနေ့ညမှာ စီးတီး ပရိသတ်တွေဆီက အကောင်းမြင်တဲ့ ကြိုဆိုမှုတွေသာ မြင်ရဖို့ မျှော်လင့်ကြောင်း ဖွင့်ဟလာပါတယ် ။

ဂွာဒီယိုလာ က ” ကျွန်တော် သူ ကစားခဲ့တဲ့ ပွဲအနည်းငယ် ကြည့်ဖြစ်ပါတယ် ။ အကုန်လုံးတော့ မဟုတ်ပါဘူး ။ ချဲလ်ဆီးမှာ သူ ဘယ်လို ကစားနေရလဲ ၊ ဘာတွေ လုပ်နေရလဲ ဆိုတာက အဓိက မကျပါဘူး ။ သူနဲ့ ပတ်သက်ပြီး ကျွန်တော် ဘယ်လို သဘောထားသလဲ ဆိုတာ ခင်ဗျားတို့လည်း သိထားပြီးသားပါ ။ ”

” သူ ချဲလ်ဆီးမှာ ကစားတဲ့ ပုံစံနဲ့ ပတ်သက်ပြီး ကျွန်တော့မှာ အကဲဖြတ်ခွင့် မရှိပါဘူး ။ ချန်ပီယံရှစ် ရောက်သွားတဲ့ ဇက်ခ် စတက်ဖန် ၊ အိုလက်ခ် ( ဇင်ချန်ကို ) ၊ ဂတ်ဘီ ( ဂျေဆုစ် ) ၊ ရာဟင်း ( စတာလင် ) … သူတို့ အားလုံးကို ကျွန်တော် တထပ်တည်းပဲ သဘောထားပါတယ် ။ ကြိုးစားမှုတွေ အားလုံး အတွက် ကျွန်တော် သူတို့ကို ချီးကျူးလိုပါတယ် ။ ”

” အထူးသဖြင့် ရာဟင်းပေါ့ ၊ သူက ကျွန်တော့ အတွက် အထူး အားထားခဲ့ရတဲ့ ကစားသမား တဦးပါ ။ ဒီတော့ အသင်းသစ်မှာ အကောင်းဆုံး ဖြစ်ပါစေလို့ ရာဟင်း အတွက် ကျွန်တော် ဆုတောင်းပေးသလို ၊ အဲဒီမှာ သူ ပျော်ရွှင်ဖို့လည်း ကျွန်တော် မျှော်လင့်ပါတယ် ။ ”

” ရာဟင်း မန်စီးတီး ပရိသတ်တွေဆီက ကောင်းမွန်တဲ့ ဧည့်ခံမှုမျိုး ရဖို့ မျှော်မှန်းထားသလား ? အဲလိုပဲ ဖြစ်ဖို့ မျှော်လင့်တာပေါ့ ။ ကိုယ့်အသင်းမှာ အဓိက အခန်းကဏ္ဍကနေ နှစ်များစွာ ပါဝင် ကစားပေးခဲ့ဖူးတဲ့ ကစားသမားဟောင်းကို တချိန်ချိန် ပြိုင်ဖက် အနေနဲ့ ပြန်လည် ရင်ဆိုင်ရတဲ့ အချိန်မှာလည်း ကောင်းကောင်းမွန် ကြိုဆိုပေးတတ်တဲ့ ကလပ်တွေကို ကျွန်တော် အမြဲ နှစ်သက်ပါတယ် ။ ”

” ပြီးခဲ့တဲ့ လအနည်းငယ်က အကြောင်းအရာတွေကြောင့် ခင်ဗျား မေ့ကောင်းမေ့နိုင်ပါတယ် ။ ဒါပေမယ့် ဒါက လွန်ခဲ့တဲ့ ၆နှစ် ၊ ၇နှစ် အတွင်း သူ လုပ်ပြခဲ့တာတွေနဲ့ တခုမှ ထပ်တူမကျပါဘူး ။ ဒီတော့ သူ ကောင်းမွန်တဲ့ ကြိုဆိုမှုနဲ့ ထိုက်တန်တယ်လို့ ကျွန်တော် ထင်ပါတယ် ။ ဟုတ်ပါတယ် ။ ကျွန်တော်တို့လည်း ဒီပွဲကို အနိုင်ရချင်တာပေါ့ ။ ”

” ကျွန်တော်တို့ ၂ဦးဟာ ဒီအသင်းမှာ ၆နှစ်ကြာ အတူ ပွဲပေါင်းများစွာ ဖြတ်သန်းရင်း ၊ ပျော်ပျော်ရွှင်ရွှင် အတူ လက်တွဲ အလုပ်လုပ်ခဲ့တာပါ ။ အရေးပါဆုံးပွဲလို့ ပြောလို့ရမယ့် ချန်ပီယံလိဂ်ဖိုင်နယ်မှာတောင် သူ ရှိခဲ့ပါတယ် ။ ဒီတော့ သူ ချဲလ်ဆီးမှာ ပျော်ရွှင်တယ်ဆိုရင် ကျွန်တော်လည်း ပျော်ရွှင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR