ပရီးမီးယားလိဂ် စံချိန် မှတ်တမ်း တစ်ခု ပိုင်ဆိုင်သွားတဲ့ ယူနိုက်တက် ဂိုးသမား ဒေးဗစ် ဒီဂီယာ

ပြီးခဲ့တဲ့ တစ်ပါတ်က အက်စတွန် ဗီလာ အသင်းကို 3 – 1 ဆိုတဲ့ ရလဒ် နဲ့ ရှုံးနိမ့်သွားခဲ့ရတဲ့ ပွဲစဥ် အပြီးမှာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နံပါတ် တစ် ဂိုးသမား ဖြစ်သူ ဒေဗစ် ဒီဂီယာဟာ ပရီးမီးယားလိဂ် စံချိန် တစ်ခုကို ပိုင်ဆိုင််သွားခဲ့ပါတယ် ။

ပြီးခဲ့တဲ့လတုန်းက နယူးကာဆယ် ယူနိုက်တက် အသင်းနဲ့ ဂိုးမရှိ သရေ ရလဒ် ထွက်ပေါ်ခဲ့တဲ့ ပွဲစဥ်မှာ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် ပြိုင်ပွဲစုံ ပွဲ 500 ပြည့်မြောက်သွားခဲ့တဲ့ ယူနိုက်တက် ဂိုးသမား ဒီဂီယာဟာ အခုတော့ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ပွဲကစားချိန် မိနစ် အများဆုံံး ပိုင်ဆိုင်တဲ့ ကစားသမား ဖြစ်သွားခဲ့ပါပြီ ။

ဒီဂီယာဟာ အခုတော့ ဒီပြိုင်ပွဲမှာ ပွဲကစားချိန် မိနစ် 3 သောင်းခွဲ ကျော်သွားတဲ့ ပထမဆုံးကစားသမား ဖြစ်လာခဲ့တာပဲ ဖြစ်ပါတယ် ။ ယူနိုက်တက်ကို 9 ပွဲဆက် ရှုံးပွဲမရှိအောင် ကူညီပေးနိုင်ခဲ့တဲ့ ဒီဂီယာဟာ အက်စတွန် ဗီလာနဲ့ ပွဲစဥ်အပြီးမှာ ပွဲကစားချိန် မိနစ် 35,039 မိနစ် ပိုင်ဆိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။

ယခင်တုန်းကတော့ ဒီမှတ်တမ်းကို ပိုင်ဆိုင်ထားခဲ့သူက ယူနိုက်တက် ဂိုးသမားဟောင်း ဘင် ဖော်စတာ ပဲ ဖြစ်ခဲ့ရပါတယ် ။ ဘင် ဖော်စတာ ဟာ ယူနိုက်တက် ၊ ဘာမင်ဂမ် ၊ ဝက်ဖို့ဒ် ၊ ဝက်စ်ဘရွန်း အသင်းတွေမှာ စုစုပေါင်း 34959 မိနစ် ကစားပြီးနောက် ဒီမှတ်တမ်းကို ပိုင်ဆိုင်ထားခဲ့တာပဲ ဖြစ်ပါတယ် ။

အခုတော့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဦးစားပေး ပွဲထွက်ခွင့် ရရှိနေခဲ့တဲ့ ဒီဂီယာဟာ အဆိုပါ မှတ်တမ်းကို ကျော်ဖြတ်လိုက်နိုင်ခဲ့ပြီပဲ ဖြစ်ပါတယ် ။ သူဟာ ဒီရာသီိ နည်းပြသစ် အဲရစ် တန်တဟ်ရဲ့ လက်အောက်မှာ ပြိုင်ပွဲဲတိုင်း နံပါတ်တစ် ဦးစားပေး အဖြစ် ပွဲထွက်ခွင့် ရရှိထားနိုင်ခဲ့ပြီး ပုံစံကောင်း ပြထားနိုင်ခဲ့ပါတယ် ။

လက်ရှိ အချိန်မှာ ဘောလုံး ကစားနေဆဲ ဖြစ်တဲ့ ကစား သမားတွေ အနက် ဒီဂီယာ ရဲ့ စံချိန် မှတ်တမ်းကို လိုက်မီဖို့ အနီးစပ်ဆုံး ဖြစ်နေသူကတော့ လီဗာပူး အသင်းရဲ့ ဝါရင့် ကစားသမား ဖြစ်သူ ဂျိမ်းစ် မီလ်နာပဲ ဖြစ်ပါတယ် ။ သူဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ စုစုပေါင်း 32,079 မိနစ် ကစားထားခဲ့တာပဲ ဖြစ်ပါတယ် ။

ဒါပေမဲ့ သူဟာ ကစားသမား ဘဝရဲ့ နေဝင်ချိန်ကို ရောက််လုနီး ဖြစ်နေပြီမို့ ဒီဂီယာရဲ့ ဒီမှတ်တမ်းကို ကျော်ဖြတ်နိုင်ဖို့ မရှိတော့ပါဘူး ။ ဒီစာရင်းရဲ့ ထိပ်ပိုင်းမှာ ပါဝင်နေကြတဲ့ နောက်ထပ် ကစားသမားတွေကတော့ ပီတာချက် ၊ လေတန် ဘိန်းစ် ၊ ဂါးရတ် ဘယ်ရီ နဲ့ တင် ဟောင်းဝက်ဘ် တို့ပဲ ဖြစ်ကြပါတယ် ။

အဲ့ဒီထဲမှာ ဦးဆောင်နေသူကတော့ ပီတာချက် (33,324 မိနစ်) ပဲ ဖြစ်ပါတယ် ။ ဒီဂီယာဟာ ဒီရာသီအကုန် အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားဖို့ ရှိနေပါတယ် ။ ဒါပေမဲဲ့ ယူနိုက်တက်ဖက်ကတော့ အသက် 32 နှစ် ပြည့်ခါနီးနေပြီ ဖြစ်တဲ့ ကစားသမားရဲ့ တစ်နှစ် စာချုပ် သက်တမ်းတိုးနိုင်ခွင့်ကို အသက်သွင်းသွားဖွယ် ရှိနေပါတယ် ။

အကယ်လို့ ဒီဂီယာသာ စာချုပ်သက်တမ်း တိုးနိုင်ခဲ့မယ်ဆိုရင် သူ့ရဲ့ လက်ရှိ မှတ်တမ်းကို နောက်ထပ် မိနစ်ပေါင်း 5000 လောက် ထပ်ပေါင်းသွားရဖွယ် ရှိလာပါလိမ့်မယ် ။ ဒီဂီယာဟာ ပြီးခဲ့တဲ့ ရာသီစတင်ကတည်းက ယူနိုက်တက် အတွက် ပရီးမီးယားလိဂ် ပွဲစဥ်တိုင်း ပွဲထွက်ခွင့် ရရှိထားခဲဲ့သူပဲ ဖြစ်ပါတယ် ။

#Sports_Myanmar