လန်ဒန်ဒါဘီ နိုင်ပွဲအပြီး အမှတ်ပေး ချန်ပီယံဆု နဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို ပါးပါးနပ်နပ် ဖြေကြားသွားခဲ့တဲ့ အာတေတာ

မန်စီးတီး အသင်း ကို အဆင့် တစ်နေရာ ခဏ ပေးထိုင်လိုက် ၊ ပြီးရင် ပြန်ယူလိုက် နဲ့ လုပ်နေတာ အာဆင်နယ် အသင်း နှစ်ပတ် ဆက်တိုက် ရှိသွားခဲ့ပါပြီ ။ ဆောင်းဝင်ရင် ခြေချော်တတ်တယ်လို့ troll ခံနေရတဲ့ အာဆင်နယ် အသင်းဟာ ဒီတစ်ပတ်မှာလည်း မြို့ခံပြိုင်ဘက် ချဲလ်ဆီး အသင်းကို အနိုင်ယူပြီး ထိပ်ဆုံးမှာ ဆက်လက် ရပ်တည် နေပါတယ် ။

လက်ရှိ အချိန်မှာ အာဆင်နယ် အသင်းဟာ အမှတ်ပေး ဇယား ထိပ်ဆုံးမှာ ရပ်တည်ပြီး ဒုတိယနေရာက မန်ချက်စတာစီးတီး အသင်းကို ၂ မှတ် ဖြတ်ထား နိုင်ပါတယ် ။ ချဲလ်ဆီး အသင်းကို အနိုင်ရခဲ့တဲ့ ပွဲအပြီးမှာ သတင်းထောက်တွေဟာ နည်းပြ အာတေတာ ကို အမှတ်ပေး ချန်ပီယံဆု နဲ့ ပတ်သက်တဲ့ မေးခွန်းတွေ မေးခဲ့ကြပါတယ် ။

နည်းပြ အာတေတာ ကတော့ သတင်းထောက်တွေရဲ့ မေးခွန်းကို ပါးပါးနပ်နပ် ဖြေကြားပြီး လက်ရှိ ချန်ပီယံ မန်စီးတီး အသင်း အပေါ် လေးစားမှု ရှိကြောင်း ပြသ သွားခဲ့ပါတယ် ။ အမှတ်ပေး ချန်ပီယံဆု အကြောင်း တွေးနေပြီလား ဆိုတဲ့ မေးခွန်းကို ” ကျွန်တော်တို့ တစ်စုံတစ်ခုကို အရင် လုပ်ပြဖို့ လိုအပ်ပါတယ် ။ ”

” ပြီးခဲ့တဲ့ ခြောက်နှစ်အတွင်း မန်စီးတီး အသင်း လုပ်​ပြ ထားခဲ့တဲ့ အရာတွေကို ကြည့်ကြည့်ပါ ။ ကမ္ဘာ့အကောင်းဆုံး မန်နေဂျာ နဲ့ အတူ ကမ္ဘာ့ အကောင်းဆုံး အသင်း တစ်သင်း ဖြစ်ခဲ့ပါတယ် ၊ သူတို့က ပြိုင်ပွဲ တိုင်းမှာ ခြေစွမ်းပိုင်း တည်ငြိမ် ကောင်းမွန်မှုကို ပြသနိုင် ခဲ့ပါတယ် ။ ကျွန်တော်တို့ အနေနဲ့ သူတို့ လုပ်ခဲ့တဲ့ အရာတွေကို လေးစားမှု ထားဖို့ လိုအပ်ပါတယ် ။ ”

” ကျွန်တော်တို့က ပိုကောင်းတဲ့ အသင်း တစ်သင်း ဖြစ်လာနေပြီး အရင်ကထက် ပိုမို ယှဉ်ပြိုင် ကစားနိုင်စွမ်း ရှိလာတာ ဟုတ်ပါတယ် ။ ရလဒ်ကောင်းတွေလည်း ရယူထားနိုင်ပါတယ် ၊ ဒါပေမယ့် ကျွန်တော်တို့ လျှောက်ရမယ့် ခရီးလမ်း က အရှည်ကြီး ရှိနေပါသေးတယ် ။ ”

ချန်ပီယံဆု ကို စိန်ခေါ် နိုင်တဲ့ အသင်း ဖြစ်နေပြီလား ဆိုတဲ့ မေးခွန်းကိုလည်း အာတေတာ က ” ကျွန်တော်တို့ ဒီနေ့ ချန်ပီယံ ခြေစွမ်း ပြ နိုင်ခဲ့ပါတယ် ။ ဒါပေမယ့် ဒီနေ့ နဲ့ မနက်ဖြန် က ကွဲပြား ခြားနားမှု ရှိနိုင်ပါတယ် ၊ ဒါကြောင့် ဒီနေ့ ညတော့ နိုင်ပွဲအတွက်ပဲ ပျော်ပျော်ကြီး အောင်ပွဲ ခံကြတာပေါ့ဗျာ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

ကမ္ဘာ့ ဖလား ပြိုင်ပွဲစတင်မှီ မှာ အာဆင်နယ် အသင်းဟာ ဘရိုက်တန် အသင်း နဲ့ EFL ပွဲ ကစားရဖို့ ရှိပြီး ၊ အဲ့ဒီ ပွဲပြီးရင်တော့ ဝုလ်ဗာဟမ်တန် အသင်း နဲ့ ကစားရမှာ ဖြစ်ပါတယ် ။

SM