‘ ရှက်စရာကောင်းတယ် ‘ လို့ အာဆင်နယ်ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲအပြီး ချဲလ်ဆီး ကြယ်ပွင့် တဦးအပေါ် ဝေဖန်လိုက်တဲ့ အလန်ရှီးယား

မနေ့ည အစောပိုင်းက ကစားခဲ့တဲ့ လန်ဒန်ဒါဘီ Big Match မှာ ချဲလ်ဆီး အသင်းဟာ title race ထဲမှာ ရှိနေတဲ့ အာဆင်နယ် အသင်းကို အိမ်ကွင်းမှာ အဖက်ဖက်က မယှဉ်နိုင်ခဲ့ပဲ ၀ – ၁ ရလဒ်နဲ့ အရေးနိမ့်ခဲ့လို့ ၊ နောက်ဆုံး ပရီးမီးယားလိဂ် ၄ပွဲဆက် နိုင်ပွဲ ပျောက်ခဲ့ရပြီ ဖြစ်ပါတယ် ။

ဒဏ်ရာ ပြဿနာ အများအပြား ရှိနေပေမယ့် အကောင်းဆုံးနီးပါး ဖြစ်တဲ့ ကစားသမား အင်အားကို ချဲလ်ဆီးတို့ ထုတ်သုံးသွားခဲ့ပေမယ့် အသင်း တဝက်လောက် အသက်ကြီး ကစားသမားတွေ ရှိနေတဲ့ ချဲလ်ဆီးတို့ ငယ်ရွယ်ဖျတ်လတ်တဲ့ အာဆင်နယ်ကို ပွဲအရှိန် မြင့်လာတာနဲ့ အမျှ ဘယ်လိုမှ ယှဉ်နိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး ။

အထူးသဖြင့် ညာခြမ်းက အက်ဇ်ပီလီကွီတာရဲ့ နေရာက ပွဲအချိန် အများစု ထိန်းချုပ်ရ ခက်ခဲခဲ့ကာ ၊ ဘယ်ခြမ်းက ကူကူရယ်လာကလည်း ဘရိုက်တန်က ခြေစွမ်းမျိုးနဲ့ လုံးဝ နီးစပ်ခဲ့ခြင်း မရှိပါဘူး ။ ကြားရက်က အရန်နဲ့ လူငယ်တွေ နေရာပေးခဲ့ရမယ့် ပွဲမျိုးမှာ လူစုံ ထုတ်သုံးခဲ့တဲ့ ဂရေဟမ် ပေါ်တာရဲ့ ဆုံးဖြတ်ချက်က ဒီပွဲမှာ သက်ရောက်မှု ကြီးမားခဲ့ပါတယ် ။

ပွဲအပြီး BBC Match of the Day အစီအစဉ်မှာ နယူးကဆယ် ဂန္တဝင် တိုက်စစ်မှူးဟောင်း အလန်ရှီးယား က အာဆင်နယ်ဖက်ကို ဂိုးပေးခဲ့ရတဲ့ ထောင့်ကန်ဘောမှာ ဘောလုံး မရှင်းနိုင်ခဲ့တဲ့ ချဲလ်ဆီး စတား ၂ဦးကို ဝေဖန်ရင်း ၊ နေရာကနေ မလှုပ်ခဲ့တဲ့ ကူကူရယ်လာကိုလည်း အခုလိုပဲ ထိုးနှက်သွားပါတယ် ။

ရှီးယား က ” ချဲလ်ဆီးဖက်က ကြည့်ရင် ဒါက ရှက်စရာကောင်းပါတယ် ။ ဂိုးပေးခဲ့ရတဲ့ ထောင့်ကန်ဘောက ဖြတ်တင်ဘောဟာ သေသပ်လှပတဲ့ ဖြတ်တင်ဘောတောင် မဟုတ်ပါဘူး ။ ဒီတော့ ပင်နယ်တီ ဧရိယာ အတွင်းက ချဲလ်ဆီး ကစားသမား အများအပြား ဒီဘောလုံးကို ရှင်းထုတ်ဖို့ အခွင့်အရေး အများကြီး ရှိပါတယ် ။ ကိုင်ဟာဗက်ဇ် ဒါမှမဟုတ် ဆေးလ်ဗားပေါ့ ။ ”

” ဂိုးသမား အတွက် ဒီနေရာမှာ တားဆီးခွင့် လုံးဝ မရှိခဲ့ပါဘူး ။ ကူကူရယ်လာကို ကြည့်ပါ ။ အဲဒီအချိန် သူဆို လှုပ်တောင် မလှုပ်ခဲ့ပါဘူး ။ ဒီအတိုင်းပဲ ရှာကာကို ထိန်းပြီး ရပ်ကြည့်နေခဲ့တာပါ ။ သူ့ဆီကနေ ဘာဆိုဘာမှ ကြိုးစားအားထုတ်မှု ဆိုတာ မမြင်ခဲ့ရပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

အလန်ရှီးယားရဲ့ သုံးသပ်ချက်ကို ထောက်ခံတဲ့ အနေနဲ့ မန်စီးတီး နောက်ခံလူဟောင်း မီကာရစ်ချတ် က ” ကူကူရယ်လာကို ကြည့်ရတာ သူ့စိတ်ထဲမှာ ‘ ဒီလူ ဂိုးမသွင်းနိုင်လောက်ပါဘူး ‘ လို့ တွက်ထားတဲ့ပုံပါ ။ သူ့အတွက် လုပ်စရာ လိုခဲ့တာက ဘယ်ခြမ်းကို တလက်မလောက် လှည့်ပြီး ၊ ဘောလုံး ရှင်းထုတ်ရုံပါပဲ ။ သူ အဲဒီအချိန် ဘာတွေ စဉ်းစားနေခဲ့လဲ ဆိုတာ ကျွန်တော်ဖြင့် နားမလည်နိုင်တော့ပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဆက်လက်ပြီး ရှီးယား က ” တိုက်စစ်ရဲ့ Final third zone မှာ အရည်အသွေး မရှိနေတာကြောင့် ဒီပွဲကို အခုအချိန်အထိ သူတို့ ဆက်ကစားပါစေဦး ၊ သူတို့ အခုအချိန်အထိ ဂိုးသွင်းနိုင်မှာ မဟုတ်ပါဘူး ။ ဒီနေ့မှာ ပြိုင်ဖက်ရဲ့ ပင်နယ်တီ ဧရိယာ အတွင်းဆီ ထိရောက်တဲ့ ဘောလုံး ပေးပို့မှု ၂ကြိမ် ၃ကြိမ်လောက်ပဲ လုပ်နိုင်ခဲ့တာပါ ။ ဘယ်လောက်မှ မရှိခဲ့ပါဘူး ။ ”

” ဒီလို အခွင့်အရေး နည်းနည်းပဲ ဖန်တီးနိုင်တဲ့ အချိန် နောက်ဆုံး အဆုံးသတ် ဘောလုံး ပေးပို့ပုံတွေက ဆိုးဆိုးရွားရွားပါပဲ ။ ဟာဗက်ဇ်ဆို ပင်နယ်တီ ဧရိယာ အတွင်း ဘောလုံး ရတဲ့အချိန် ထိချက်တွေ အရမ်း များခဲ့ပါတယ် ။ အာဆင်နယ် အတွက် ပြန်ပြီး ဘောလုံး တားဆီးယူဖို့ အင်မတန်မှ လွယ်ကူခဲ့ပါတယ် ။ ဒီနေ့မှာ သူတို့ ဂိုးသွင်းဖို့ အခွင့်အရေး ဘာဆိုဘာမှ မရခဲ့ပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR