အဆင့် ၁ ရောက်လာတဲ့ ဘာဆာ နဲ့ စီးတီး ၊ ထပ်ကြားရပြန်တဲ့ ဒဏ်ရာတွေ ၊ ဖလားယူတဲ့ ဘေးလ် ၊ အိုင်ဗန်တိုနေး အတွက် သတင်းဆိုး တို့နဲ့ . . . နံနက်ခင်း အားကစားသတင်းများ

မနေ့ ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေ မှာတော့ မန်ချက်စတာ စီးတီး ဟာ အိမ်ကွင်းမှာ ဖူလ်ဟမ် အသင်းကို အာလင်း ဟာလန်း ရဲ့ နောက်ဆုံး မိနစ် ပင်နယ်တီ နဲ့ အနိုင် ရပြီး အဆင့် ၁ နေရာကို တက်လှမ်း လာနိုင်ခဲ့ ပါတယ် ။

စီးတီး ဟာ တိုက်စစ်မှူး အယ်ဗာရက် ရဲ့ ဂိုး နဲ့ ပွဲကို ဦးဆောင်နိုင်ခဲ့ ပေမယ့် ကန်ဆယ်လို အနီကတ် နဲ့ ထုတ်ခံရပြီး ပင်နယ်တီ ပါ ပေးခဲ့ရတာကြောင့် ဧည့်သည်အသင်းရဲ့ ပြန်လည် ချေပမှု ကို မိနစ် ၉၀ ကျော်တဲ့ အထိ ရင်ဆိုင်ခဲ့ရ ပါတယ် ။

အခြား ပွဲတွေ မှာတော့ ဖောရက်စ် နဲ့ ဘရန့်ဖိုဒ့် တို့ ၂ ဂိုးစီ သရေ ၊ ဘရိုက်တန် က ဝုဗ် ကို ၃-၂ ၊ လိဒ် က ဘုန်းမောက် ကို ၄-၃ ၊ လက်စတာ က အဝေးကွင်းမှာ အဲဗာတန် ကို ၂-၀ ရလဒ်တွေ အသီးသီး ထွက်ပေါ်ခဲ့ ပါတယ် ။

စပိန် လာလီဂါ မှာတော့ ဘာစီလိုနာ ဟာ အယ်မာရီယာ အသင်းကို ၂-၀ နဲ့ အနိုင်ရခဲ့ပြီး အဆင့် ၁ နေရာကို တက်လှမ်း သွားနိုင်ခဲ့ ပါတယ် ။ ဘာစီလိုနာ အတွက် ဒမ်ဘီလီ နဲ့ ဖရန်ကီ ဒီယွန် တို့က ၁ ဂိုးစီ သွင်းပေး ခဲ့ကြတာပါ ။

ဒီပွဲဟာ ဘာစီလိုနာ ဝါရင့် ခံစစ်မှူးကြီး ပီကေး ရဲ့ ကစားသမား ဘ၀ နောက်ဆုံး ပွဲလည်း ဖြစ်ခဲ့ ပါတယ် ။ ဘာစီလိုနာ အသင်းသားတွေဟာ ပီကေး ရဲ့ ကျောနံပါတ် ၃ ကို ဝတ်ဆင်ပြီး ကွင်းထဲကို ဝင်ရောက်ခဲ့ကြသလို ပွဲ အပြီးမှာလည်း ပီကေး ကို ပွေ့ဖက် မြှောက်ပင့်ကာ ဂုဏ်ပြု ပေးခဲ့ကြပါတယ် ။

 

ပီကေး ကလည်း သူဟာ ဘာစီလိုနာ မှာ မွေးတယ် ၊ ဘာစီလိုနာမှာ ကြီးပြင်းတယ် ၊ ဘာစီလိုနာ မှာပဲ သေဆုံးပါမယ်လို့ ပြောပြီး ပရိသတ်တွေကို နှုတ်ဆက်ခဲ့ ပါတယ် ။

ပွဲချိန် အတွင်းမှာ ဘာစီလိုနာ ပင်နယ်တီ ရခဲ့ပြီး ပီကေး က သူ့ကို ပေးကန်ဖို့ ပြောခဲ့ပေမယ့် လီဝန်ဒေါ့စကီး က ကိုယ်တိုင် ကန်သွင်းခဲ့ပါတယ် ။ ဒါပေမယ့် ဂိုးမဝင်ခဲ့ ပါဘူး ။

အီတလီ စီးရီးအေ ပွဲစဉ်တွေမှာတော့ အဆင့် ၁ နေရာက နာပိုလီ ဟာ အဝေးကွင်းမှာ အတ္တလန်တာ ကို ၂-၁ နဲ့ အနိုင် ကစားပြီး အဆင့် ၁ နေရာကို ဆက်လက် ထိန်းသိမ်း ထားခဲံ ပါတယ် ။ ဥရောပ မှာ နာပိုလီ ရှုံးပွဲတွေ့ သွားပေမယ့် စီးရီးအေ မှာတော့ ရှုံးပွဲ မကြုံရသေးပါဘူး ။

အေစီမီလန် ကလည်း အိမ်ကွင်းမှာ စပီဇီယာ ကို ၂-၁ နဲ့ အနိုင်ရခဲ့ပါတယ် ။ နောက်ဆုံးမိနစ် မှာ မီလန် အတွက် အနိုင်ဂိုး သွင်းပေးခဲ့တဲ့ တိုက်စစ်မှူးကြီး ဂျီရူး ကတော့ ဂိုးသွင်း အပြီးမှာ အကျီချွတ် အောင်ပွဲ ခံခဲ့တာကြောင့် ဒုတိယ အဝါကတ် ပြသခံရပြီး ထုတ်ပယ် ခံခဲ့ရပါတယ် ။

ဒါကြောင့် ဂျီရူး ဟာ နိုဝင်ဘာ ၉ ရက်နေ့မှာ ကစားမယ့် စီးရီးအေ ပွဲကို လွဲချော်တော့မှာပါ ။

ဂျာမန် ဘွန်ဒစ်လီဂါ မှာတော့ ဘိုင်ယန် ရော ဒေါ့မွန် ပါ နိုင်ခဲ့ကြပါတယ် ။ ဘိုင်ယန် အတွက် ချူပိုမိုတင်း ဂိုးသွင်းခြေ တွေ့ နေပြီး ဒီတပွဲ မှာလည်း ၂ ဂိုး သွင်းပေးခဲ့ ပါတယ် ။ ဒေါ့မွန် အတွက်တော့ လူငယ် တိုက်စစ်မှူးလေး မိုကိုကို ခြေစွမ်းပြ ခဲ့ကာ ၂ ဂိုး သွင်းပြီး အိမ်ကွင်းမှာ ဘိုချန် ကို ၃-၀ နဲ့ အနိုင် ရရှိ စေခဲ့ ပါတယ် ။

ကမ္ဘာ့ဖလား နဲ့ နီးကပ်လာချိန် မှာတော့ ဒဏ်ရာ ပြဿနာတွေ ဟာ လက်ရွေးစင် အသင်းတွေ အတွက် အိပ်မက်ဆိုးတွေ ဖြစ်လာခဲ့ရ ပါတယ် ။

မနေ့ ညက အဲဗာတန် တိုက်စစ်မှူး ဒိုမီနစ် ကယ်လ်ဗက် လီဝင်း ဟာ ဒဏ်ရာ ရရှိသွားခဲ့ပြီး တံကောက်ကြော ဒဏ်ရာ ဖြစ်ဖို့ အလားအလာ ရှိနေတယ်လို့ ကြားသိရ ပါတယ် ။

ဘိုင်ယန် ရဲ့ ကနေဒါ လက်ရွေးစင် အယ်လ်ဖွန်ဆို ဒေဗီးစ် ကလည်း ဒဏ်ရာ ရခဲ့တယ်လို့ သိရှိရ ပါတယ် ။

လီယွန်နယ် မက်ဆီ ကတော့ ဒဏ်ရာ ရရှိနေတယ်လို့ သတင်း ထွက်လာခဲ့ပြီး ဒီတပတ် ကစားမယ့် PSG ရဲ့ ပွဲကို ပါဝင် ကစားတော့မှာ မဟုတ်ပါဘူး ။ မက်ဆီ ဟာ ကမ္ဘာ့ဖလား ကို မလွဲချော်လိုတာကြောင့် ဒဏ်ရာ သတင်းလွှင့်ပြီး ကြိုတင် အနားယူခဲ့တယ်လို့ ယူဆမှုတွေလည်း ထွက်ပေါ် လာခဲ့ ပါတယ် ။

မေဂျာလိဂ် ကလပ် LAFC မှာ ကစားနေတဲ့ ဂါရတ်ဘေးလ် ဟာ မနေ့က ကစားခဲ့တဲ့ MLS Cup ဗိုလ်လုပွဲ မှာ အယ်လ်အေ အသင်းအတွက် အဖိုးတန် ချေပဂိုး ကို သွင်းယူပေးခဲ့ ပါတယ် ။ အချိန်ပို ၁၂၀+၈ မိနစ် မှာ သွင်းခဲ့တဲ့ ဘေးလ် ရဲ့ ဂိုးကြောင့် တဘက် ၃ ဂိုးစီ သရေ နဲ့ အဆုံးသတ် ခဲ့ကာ ပင်နယ်တီ အဆုံးအဖြတ် မှာတော့ LAFC ဟာ ဖီလာဒဲလ်ဖီးယား အသင်းကို ၃-၀ နဲ့ အနိုင်ရပြီး ဗိုလ်စွဲ သွားခဲ့ ပါတယ် ။

ဂျရတ်ပီကေး ရဲ့ အနားယူသွားမှုဟာ ဘာစီလိုနာ ကို ဘဏ္ဍာရေး အကြပ်အတည်းကနေ များစွာ အဆင်ပြေ စေခဲ့ပြီး လာမယ့် ဇန်နဝါရီမှာ နည်းပြ ဇာဗီ အလိုရှိနေတဲ့ ဘာနာဒို ဆေးလ်ဗား ကို ခေါ်ယူဖို့ ကြိုးစား နိုင်တော့မယ်လို့လည်း သတင်းထွက်လာခဲ့ ပါတယ် ။

အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် FA ဟာ ဘရန့်ဖိုဒ့် တိုက်စစ်မှူး အိုင်ဗန် တိုနေး ကို လောင်းကစားမှု နဲ့ ပါဝင် ပတ်သက်နေတယ်လို့ သံသယ ရှိတာကြောင့် စုံစမ်း စစ်ဆေးမှု စတင် ပြုလုပ် နေပြီလို့ သတင်း ထွက်လာခဲ့ ပါတယ် ။ ဒါပေမယ့် ဒီ စုံစမ်းမှု ဟာ ၄-၅-၆ လ ခန့် ကြာနိုင်တာကြောင့် တိုနေး ရဲ့ ကမ္ဘာ့ဖလား အိပ်မက် ကိုတော့ ထိခိုက်ဖို့ အလားအလာ နည်းပါတယ်လို့ သိရှိရ ပါတယ် ။

 

SPORTS MYANMAR