ချဲလ်ဆီး အသင်းရဲ့ ကစားသမားတစ်ဦးသာ အာဆင်နယ် အသင်းမှာ ပွဲထွက် ကစားဖို့ အရည်အချင်းပြည့်မှီတယ်လို့ဆိုတဲ့ အိုဟားရား

စပါး အသင်းရဲ့ ကွင်းလယ်လူဟောင်း အိုဟားရား က ချဲလ်ဆီး အသင်း ရဲ့ ဝါရင့် နောက်ခံလူ သီယာဂိုး ဆေးလ်ဗား တစ်ဦးတည်းသာ လက်ရှိ အာဆင်နယ် အသင်းမှာ ပွဲထွက် ကစားခွင့် ရနိုင်တဲ့သူ ဖြစ်တယ်လို့ သုံးသပ် ပြောကြား လိုက်ပါတယ် ။

ချဲလ်ဆီး အသင်း နဲ့ အာဆင်နယ် အသင်းဟာ ဒီနေ့ မြန်မာ စံတော်ချိန် ၆ နာရီ မိနစ် ၃၀ မှာ ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပါတယ် ။ အာဆင်နယ် အသင်းဟာ မနေ့က မန်စီးတီး အသင်း ရဲ့နိုင်ပွဲကြောင့် ဒုတိယနေရာကို ဆင်းပေး ခဲ့ရပြီး ချဲလ်ဆီး ကို အနိုင်ရမှ အမှတ်ပေး ဇယား ထိပ်ဆုံးကို ပြန်လည် တက်လှမ်း နိုင်မှာပါ ။

နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာတော့ အာဆင်နယ် အသင်းဟာ နော်တင်ဟမ် ဖောရက်စ် အသင်းကို ၅ ဂိုးပြတ် အနိုင်ရထားပြီး ချဲလ်ဆီး အသင်းကတော့ ဘရိုက်တန် အသင်းကို လေးဂိုး တစ်ဂိုးနဲ့ အရေးနိမ့် ခဲ့ရပါတယ် ။ ကြားရက်မှာ ကစားခဲ့တဲ့ ဥရောပ ပြိုင်ပွဲတွေမှာတော့ နှစ်သင်းစလုံး နိုင်ပွဲ ကိုယ်စီ ရယူ နိုင်ခဲ့ကြပါတယ် ။

စပါး အသင်းရဲ့ ကစားသမားဟောင်း အိုဟားရား ကတော့ လန်ဒန် ဒါဘီ ပွဲ မတိုင်မှီမှာ ချဲလ်ဆီး အသင်းရဲ့ တိုက်စစ် ကစားသမားတွေဟာ အာဆင်နယ် အသင်းမှာဆို နေရာ ရမယ့်သူ မဟုတ်ကြောင်း ဆိုလိုက်ပြီး သီယာဂို ဆေးလ်ဗား သာလျှင် ဂါဘရီယဲလ် ရဲ့ နေရာကို အစားဝင် နိုင်လိမ့်မယ်လို့ ​ပြောကြား သွားခဲ့ပါတယ် ။

” ဟားဗက်ဇ် ကို ထည့်ပြောလို့ မရပါဘူး ၊ ဂျေးဇု က သူ့ထက် အများကြီး ပိုကောင်းတဲ့ ကစားသမားပါ ၊ မေဆင်မောင့် နဲ့ မာတင်နယ်လီ တို့ နှစ်ဦးမှာဆိုလည်း ကျွန်တော် ကတော့ မာတင်နယ်လီ ကိုပဲ ရွေးပါမယ် ၊ စတာလင် ထက်စာရင်လည်း ဆာကာ ကို ရွေးမှာပါ ၊ မာတင် အော်ဒီဂတ် ထက် သာတာလည်း ချဲလ်ဆီး အသင်းမှာ ဘယ်သူ ရှိလို့တုန်းဗျ ။သူက သိပ်ကို ကောင်းနေတဲ့ ကစားသမားပါ ။ ”

” အက်ပလီဇီကွီတာ က ပြီးခဲ့တဲ့နှစ်တွေ အတွင်းမှာ အတော်လေး ကောင်းခဲ့ပါတယ် ၊ ဒါပေမယ့် အခု အချိန်မှာတော့ ဘန်ဝှိုက် က သူ့ထက် ပိုပြီး ပုံစံကောင်း ရနေတဲ့ ကစားသမား ဖြစ်ပါတယ် ၊ ပြီးခဲ့တဲ့ နွေရာသီမှာ ပေါင် ၂၇၅ သန်း အထိ သုံးခဲ့တဲ့ ချဲလ်ဆီးအသင်း အကြောင်း လူတော်တော်များများ ပြောခဲ့ကြပါတယ် ။ ”

” ချဲလ်ဆီး အသင်း အနေနဲ့ ချန်ပီယံဆုကို စိန်ခေါ် နိုင်တဲ့ အသင်း ဖြစ်ရမယ့် အသင်းပါ ။ အာဆင်နယ် အသင်းကို ကြည့်လိုက်တော့ သူတို့က ချဲလ်ဆီး အသင်းထက် ပိုကောင်းတဲ့ အသင်း ဆိုတာ တွေ့ရပါတယ် ၊ ဒီတစ်ပတ် ကစားရမယ့် ပွဲအတွက်လည်း အာဆင်နယ် အသင်းမှာ ယုံကြည်မှု အပြည့် ရှိနေကြမှာပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

ဒါ့အပြင် အိုဟားရား က ရစ်ဆီဂျိမ်းစ် သာ ဒဏ်ရာ မရဘဲ ကြံ့ခိုင်မှု ပြည့်ဝ နေရင် အာဆင်နယ်အသင်း ရဲ့ ပွဲထွက် လူစာရင်း မှာ နေရာ ရမယ့်သူ ဖြစ်ကြောင်း ဆိုသွားခဲ့ပါတယ် ။

SM