ကစားသမားဘ၀ရဲ့ အခက်ခဲဆုံး ပြိုင်ဘက် တိုက်စစ်မှုးကို ထုတ်ဖော်လိုက်တဲ့ ဗန်ဒိုက်

ဗာဂျယ်ဗန်ဒိုက်က ချဲလ်ဆီး နဲ့ အာဆင်နယ် တိုက်စစ်မှုးဟောင်း ဖြစ်သူ အိုလီဗာဂျီရူးဟာ သူ့ကစားသမား ဘ၀ တစ်လျှောက် ရင်ဆိုင်ခဲ့ဖူးတဲ့ ပြိုင်ဘက်တွေထဲမှာ အခက်ခဲဆုံး ဖြစ်တယ်လို့ ဆိုလိုက်ပြီး သူ့ကို တစ္ဆေတစ်ကောင်လို ခြောက်လှန့်မှုတွေ ပေးနိုင်သူလို့ ရည်ညွှန်းလိုက်ပါတယ်။ ပြင်သစ် ဝါရင့် တိုက်စစ်မှုးဟာ လွန်ခဲ့တဲ့ ၂၀၂၁ နွေရာသီက အေစီမီလန်ကို မပြောင်းရွေ့မီ အာဆင်နယ် ချဲလ်ဆီး တို့နဲ့ အတူ ပရီးမီးယားလိဂ်မှာ ၉ နှစ်ကြာ ဖြတ်သန်းခဲ့ပြီး ဂိုးတွေ အများကြီး သွင်းယူနိုင်ခဲ့တဲ့ ကစားသမား ဖြစ်ပါတယ်။

ဂျီရူးဟာ ပြီးခဲ့တဲ့ ရာသီက အေစီမီလန်ကို ဆယ်စုနှစ်အတွင်း ပထမဦးဆုံး အကြိမ် စီးရီးအေဖလား ဆွတ်ခူးနိုင်အောင် အဓိက ကူညီပေးခဲ့တဲ့ အပြင် ဒီရာသီမှာလည်း the Rossoneri တို့အတွက် ဂိုးတွေ သွင်းကာ ခြေစွမ်းပြနေဆဲ ဖြစ်ပါတယ်။ ဗန်ဒိုက်ဟာ သူ့ရဲ့ ကစားသမား ဘ၀ တစ်လျှောက် ကမ္ဘာပေါ်က ထိပ်တန်း တိုက်စစ်မှုး တော်တော်များများကို အသာစီး ရယူနိုင်ခဲ့တဲ့ ကစားသမား ဖြစ်ပေမယ့် ဂျီရူးနဲ့ တွေ့ဆုံတဲ့ အခါမှာတော့ ၎င်းကို ဂိုးမသွင်းနိုင်အောင် တားဆီးရတာ ခက်ခဲခဲ့တယ်လို့ ၀န်ခံသွားပါတယ်။

ဗန်ဒိုက်က “ဂျီရူးနဲ့ ပက်သက်ပြီး ရယ်စရာကောင်းတာကတော့ ပွဲအတွင်းမှာ ကျွန်တော် သူ့ကို ကောင်းကောင်း ထိန်းချုပ်နိုင်တယ်လို့ ခံစားမိပေမယ့် သူဟာ အမြဲတမ်း တနည်းနည်းနဲ့ ရအောင် ဂိုးသွင်းသွားလေ့ ရှိတာပါပဲ။ အာဆင်နယ်မှာပဲ ဖြစ်ဖြစ် ချဲလ်ဆီးမှာပဲ ဖြစ်ဖြစ် ပြင်သစ်မှာပဲ ဖြစ်ဖြစ် အဲဒီလို ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့တဲ့ ရာသီတုန်းက ချဲလ်ဆီးကို ၅-၂ နဲ့ နိုင်ခဲ့တဲ့ ပွဲစဉ်မှာ ကျွန်တော်တို့ ၃-၀ နဲ့ ဦးဆောင်နေချိန်မှာ သူဟာ ကသမ်းကယန်း ပုံစံနဲ့ ဂိုးသွင်းသွားခဲ့ပါတယ်။

သူသွင်းယူခဲ့တဲ့ ပုံစံကို အတိအကျ မမှတ်မိတော့ပေမယ့် ဘာတန်းကို ထိကာ ၀င်သွားခဲ့တယ် ထင်ပါတယ်။ ပွဲအပြီးမှာ ‘မင်း…ဂိုးသွင်းသွားပြန်ပြီ’ ဆိုပြီး ကျွန်တော် သူ့ကို ပြောခဲ့ပါတယ်။ သူဟာ ကျွန်တော်နဲ့ ရင်ဆိုင် ကစားတဲ့ အခါတိုင်း အမြဲလိုလို ဂိုးသွင်းလေ့ ရှိသူ ဖြစ်ကာ ကျွန်တော့်ကို စိတ်အနှောက်အယှက် ဖြစ်စေတဲ့သူ ဖြစ်ပါတယ်။ အရမ်းကို ကောင်းတဲ့ တိုက်စစ်မှုးတွေနဲ့ ကျွန်တော် ရင်ဆိုင်ခဲ့ဖူးပါတယ်။ မက်ဆီ အဂွေးရိုး ဟာလန်း စတဲ့ သူတွေနဲ့ ရင်ဆိုင်ရတာ ခက်ခဲပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ဟာ ပြီးပြည့်စုံတဲ့ တိုက်စစ်မှုးတွေ ဖြစ်လို့ပါ။ ဂျီရူး ကတော့ ကျွန်တော့် အတွက် တစ္ဆေတကောင်လို ပါပဲ။ စိတ်အနှောက်အယှက် ဖြစ်စရာပါ။” လို့ ပြောသွားပါတယ်။

ဗန်ဒိုက်ဟာ ပြီးခဲ့တဲ့ရာသီတွေ အတွင်း လီဗာပူးရဲ့ အောင်မြင်မှုတွေမှာ အဓိက အခန်းကဏ္ဍကနေ ပါ၀င်ခဲ့သူ ဖြစ်ပေမယ့်လည်း ဒီရာသီမှာတော့ သူ့ရဲ့ ပုံမှန် ခြေစွမ်းအောက်ကို ရောက်ရှိနေကာ လီဗာပူး နဲ့ အတူ ပရီးမီးယားလိဂ်မှာ ရုန်းကန်နေရပါတယ်။ ဒီအတွက်ကြောင့်လည်း ဗန်ဒိုက်ဟာ ဝေဖန်မှုတွေ ခံနေရပါတယ်။ ဗန်ဒိုက်က သူ့အပေါ် ဝေဖန်မှုတွေကို ရင်ဆိုင်ရတာဟာ တစ်ခါတစ်ရံမှာတော့ ကြီးမားတဲ့ ဒုက္ခ ဖြစ်တယ်လို့ ၀န်ခံသွားပါတယ်။

လီဗာပူးနောက်ခံလူက “ကမ္ဘာ့အကောင်းဆုံး နောက်ခံလူ အဖြစ် လူတွေရဲ့ အသိအမှတ် ပြုမှုကို ရခဲ့တာဟာ ကောင်းတဲ့ အရာပါ။ ဒါပေမယ့် ကျွန်တော် ဘောလုံးကို ပျော်ရွှင်စွာပဲ ကစားပါတယ်။ ဒီခေတ်မှာ ကျွန်တော်တို့ဟာ အနီးကပ် စောင့်ကြည့်မှုကို ပိုမို ခံရပြီး အားလုံးဟာ အမြင်တွေ အမျိုးမျိုးနဲ့ပါ။ ဒါဟာ မလွယ်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ အနေနဲ့ ဒါတွေကို ရင်ဆိုင်သွားရပါမယ်။ ဒါဟာ အိုကေပါတယ်။ ဒါပေမယ့် တစ်ခါတစ်ရံမှာတော့ ဒါဟာ မလွယ်ကူပါဘူး။

ဝေဖန်မှုတွေရဲ့ ၉၀% ဟာ ကျွန်တော့်ကို သက်ရောက်မှု မရှိစေပါဘူး။ ဒါပေမယ့် တစ်ခါတစ်ရံ မှာတော့ ဒါဟာ ကိုယ့်ရဲ့ စိတ်ကို ထိခိုက်စေပါတယ်။ ဒါနဲ့ပက်သက်ပြီး ဘာမှလည်း ပြန်ပြောလို့ မရပါဘူး။ ဒါကို ကွင်းထဲက Performance နဲ့ ဖြေရှင်းဖို့ ကြိုးစားရပါတယ်။ ဘာလို့လဲဆိုတော့ ဒါဟာ တစ်ခုတည်းသော နည်းလမ်း ဖြစ်နေလို့ပါပဲ။

ဒါပေမယ့် ကျွန်တော်တို့ဟာ ဝေဖန်မှုတွေကို ပြီးတဲ့ လူသားတွေ မဟုတ်ပါဘူး။ အရင်တုန်းက သတင်းစာတွေမှာပဲ ပါတာ ဖြစ်ပေမယ့် ဒီခေတ်မှာတော့ ဆိုရှယ်မီဒီယာတွေနဲ့ အတူ အားလုံးဟာ ကိုယ့်ဆီကို တနည်းနည်းနဲ့ ရောက်လာကြပါတယ်။ ကျွန်တော် ကတော့ ဒါတွေ အပေါ် သိပ်ပြီး စိတ်မ၀င်စားပါဘူး။ ဒါဟာ ကောင်းတဲ့ အရာပဲ ဖြစ်ပါတယ်။” လို့ တုန့်ပြန်လိုက်ပါတယ်။

SM