အာဆင်နယ်နဲ့ ပွဲကို ဘန်ချေဝဲလ် ၊ ကီပါ အပြင် နောက်ထပ် ချဲလ်ဆီး ကြယ်ပွင့် တဦးပါ လွဲချော်ဦးမှာ ဖြစ်ကြောင်း အတည်ပြုလိုက်တဲ့ ဂရေဟမ် ပေါ်တာ

ချဲလ်ဆီး အသင်းဟာ ပြီးခဲ့တဲ့ ကြားရက်က ချန်ပီယံလိဂ် အုပ်စု နောက်ဆုံးပွဲ မတိုင်ခင် အထိ အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီ ပွဲအတွက် ဒဏ်ရာကြောင့် လွဲချော်မယ့် ကစားသမား ၄ဦး အထိ ရှိထားပါတယ် ။ ဒိုင်နမိုဇာဂရက်နဲ့ ကြားရက်မှာ ကစားအပြီးမှာတော့ နောက်ထပ် ဒဏ်ရာရ ကစားသမား တဦး ထပ်တိုးခဲ့ပါတယ် ။

အဲဒီ ကစားသမားကတော့ ဘယ်နောက်ခံလူ ဘန်ချေဝဲလ် ဖြစ်ပြီး ၊ ၄င်းဟာ ကံဆိုးစွာနဲ့ နာကျင် အချိန်ပိုမှာ အနည်းဆုံး တလလောက် နားရနိုင်တဲ့ တံကောက်ကြော ဒဏ်ရာမျိုး ရရှိခဲ့ပါတယ် ။ ထိုပွဲဟာ ချဲလ်ဆီး အတွက် ဘာအမှတ်မှ မလိုတဲ့ပွဲ ဖြစ်တာကြောင့် ချေဝဲလ်က ဒဏ်ရာနဲ့ အလဟဿ စတေး ပေးခဲ့ရပါတယ် ။

ထိုပွဲမတိုင်ခင် ကတည်းက ချဲလ်ဆီးမှာ ကာလရှည် ဒဏ်ရာ အသီးသီး ရထားတဲ့ ကွင်းလယ်လူ အန်ဂိုလို ကန်တေ ၊ နောက်ခံလူ ရိစ်ဂျိမ်းစ်နဲ့ ဝက်စ်လေ ဖိုဖာနာတို့ ရှိနေပါတယ် ။ အားထားရတဲ့ ဂိုးသမား ကီပါကလည်း ပြီးခဲ့တဲ့ အပတ်က ဘရိုက်တန်နဲ့ ပွဲမှာ ခြေထောက် ဒဏ်ရာ ရခဲ့လို့ ၊ ကမ္ဘာ့ဖလား မတိုင်ခင် ချဲလ်ဆီး အသင်းရဲ့ ပွဲအားလုံးကို လွဲချော်မှာ ဖြစ်ပါတယ် ။

နောက်ဆုံး ဒဏ်ရာ ရခဲ့သူကတော့ ဆယ်ကျော်သက် လူငယ် ကွင်းလယ်လူ ကာနီ ချူကွီမက်ကာ ဖြစ်ပါတယ် ။ မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ပေါ်တာ က ဘန်ချေဝဲလ် ၊ ကီပါနဲ့ ချူကွီမက်ကာတို့ရဲ့ ဒဏ်ရာ အခြေအနေ အကြောင်း အခုလိုပဲ အသိပေးခဲ့ပါတယ် ။

ပေါ်တာ က ” ချေဝဲလ်ရဲ့ ဒဏ်ရာကို ဒီနေ့ နေ့လယ်မှာ scan ဖတ်ဖို့ ရှိပါတယ် ။ ဒီတော့ သူ ဘယ်လောက် နားရနိုင်လဲ ဆိုတာ ကျွန်တော်တို့ အဲဒီအခါကျရင် သိရပါမယ် ။ မနက်ဖြန်မှာတော့ သူ့ဒဏ်ရာ အကြောင်း update သတင်းသိရတော့မှာပါ ။ လောလောဆယ် သူ အိုကေနေပါတယ် ။ ဒါပေမယ့် ဒဏ်ရာကိုတော့ သတိထားနေရတာပေါ့ ။ ”

” သူ့ရဲ့ တံကောက်ကြော ယောင်ကိုင်းနေတာကို အရင်ဆုံး ပြေလျော့သွားအောင် လုပ်ရဖို့ လိုနေပါတယ် ။ ဒါက scan ဖတ်တာကို နှောင့်နှေးစေနိုင်ပါတယ် ။ ဒါပေမယ့် နောက်ပိုင်းမှာ ကျွန်တော်တို့ သူ့ဒဏ်ရာ အကြောင်း ပိုသိရမှာပါ ။ ကျွန်တော်ကတော့ အဆိုးဆုံး အခြေအနေကို မမျှော်လင့်ထားပါဘူး ။ ”

” သူရခဲ့တဲ့ ဒဏ်ရာ အမျိုးအစားကို ကျွန်တော်တို့ အားလုံး တွေ့ဖူးပါတယ် ။ ဒီတော့ အပေါင်း လက္ခဏာ ဆောင်နေတယ်လို့တော့ ကျွန်တော် မပြောလိုပါဘူး ။ ဒါပေမယ့် ကျွန်တော်တို့ scan ရလဒ်ကို စောင့်ကြည့်ရပါမယ် ။ ပြောရတော့ ခက်ပါတယ် ။ စိတ်ပိုင်းဆိုင်ရာ အရတော့ သူ အိုကေနေပါတယ် ။ ”

” ဆေးစစ်ချက် မထွက်လာသေးခင်တော့ ကျွန်တော်တို့ ဆုတောင်းရုံပဲ ရှိတာပေါ့ ။ ဒီကနေပြီး သူ အမြန် ပြန်သက်သာလာအောင် ကျွန်တော်တို့ ကြိုးစား ပံ့ပိုးပေးရမှာပါ ။ စိတ်ပျက်စရာတော့ ကောင်းပါတယ် ။ ရိစ်ဂျိမ်းစ်နဲ့ ဖိုဖာနာတို့နဲ့ ပတ်သက်ပြီးတော့ update သတင်း မရှိပါဘူး ။ ”

” ကီပါကတော့ ကမ္ဘာ့ဖလား မတိုင်ခင် ကျွန်တော်တို့ အတွက် ပြန်ကစားပေးနိုင်မယ်လို့ မထင်မိပါဘူး ။ မတ်တီယိုကတော့ ဒီနေ့ ကျွန်တော်တို့နဲ့ အတူ ထရိန်နင် ပြန်စနိုင်ခဲ့ပါတယ် ။

ဒီတော့ သူ လာမယ့်ပွဲမှာ ပြန်ပါပါလိမ့်မယ် ။ ကာနီကတော့ တံကောက်ကြောမှာ အသေးစား ပြဿနာ တခု ရှိနေပြီး ၊ ဒါက ကျွန်တော်တို့ နောက်ဆုံးရတဲ့ ဒဏ်ရာ အခြေအနေ အကုန်ပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR