အမ်ဘာပေ ကို စိတ်ဆိုးစေမယ့် ကမ္ဘာ့တန်ဖိုးအမြင့်ဆုံး ကစားသမားစာရင်း

PSG တိုက်စစ်မှူးလေး ခီလီယံ အမ်ဘာပေ ဟာ အနာဂါတ် ဘောလုံး ကမ္ဘာရဲ့ အထွန်းတောက်ဆုံး ဘောလုံးစတား ဖြစ်လာမယ်လို့ ထင်ကြေးပေး သတ်မှတ် ခံထားရသူပါ ။ ဒါကြောင့်လည်း ပြင်သစ်သားလေး ဟာ ၂၀၂၂ အစမှာ ကမ္ဘာ့တန်ကြေး အမြင့်ဆုံး ဘောလုံးသမား ဖြစ်လာခဲ့တာ ပါပဲ ။

ပြင်သစ် နဲ့ ရတဲ့ ကမ္ဘာ့ဖလား အောင်ပွဲတွေ ၊ PSG နဲ့ ပြသနေတဲ့ ခြေစွမ်းတွေ ၊ ဂိုးမှတ်တမ်းတွေ ဟာ အမ်ဘာပေ ကို ယူရို သန်း ၁၇၀ တန်ကြေးရှိတဲ့ ဘောလုံးသမား တယောက် ဖြစ်လာစေခဲ့ ပါတယ် ။

ဒီရာသီမှာလည်း ဘာပေ ဟာ PSG တိုက်စစ်ကို ဦးဆောင် နေပြီး မက်ဆီ ၊ နေမာ တို့နဲ့ အတူ ဂိုးပေါင်း မြောက်များစွာ သွင်းယူပေး ထားခဲ့ ပါတယ် ။

ဘာပေ ဟာ ပြင်သစ်လီဂူး မှာ ဂိုးသွင်း ဘုရင် ဖြစ်ဖို့ ထိပ်ဆုံးက ဦးဆောင်နေသလို လာမယ့် ကာတာ ကမ္ဘာ့ဖလား မှာလည်း ပြင်သစ် လက်ရွေးစင် အသင်းရဲ့ တိုက်စစ်ကို ဦးဆောင်မယ့် ကစားသမား ဖြစ်လာမှာပါ ။

ဒါပေမယ့် နောက်ဆုံး ထွက်ပေါ် လာတဲ့ သတင်းကတော့ အမ်ဘာပေ ကို ပျော်ရွှင် နိုင်စေမှာ မဟုတ်တော့ ပါဘူး ။ ဘာလို့လည်း ဆိုတော့ သူ့ရဲ့ ကမ္ဘာ့တန်ကြေး အမြင့်ဆုံး ဘောလုံးသမား ဆိုတဲ့ ရာထူး ကို သူများက လုယူ သွားလို့ ပါပဲ ။

အဲ့ဒိ လူကတော့ အာလင်း ဟာလန်း ပါ ။

မန်စီးတီး ကို ဒေါ့မွန် ကနေ အခု ရာသီမှာ ပြောင်းရွှေ့ လာခဲ့တဲ့ နော်ေ၀ တိုက်စစ်မှူးလေး ဟာ ပရီးမီးယားလိဂ် ရာသီဝက် မပြည့်ခင် မှာဘဲ ဟက်ထရစ် ၃ ကြိမ် သွင်းယူ နိုင်ခဲ့ ပါပြီ ။ လက်ရှိမှာ ဒဏ်ရာကြောင့် ၂ ပွဲဆက်တိုက် နားနေရပေမယ့် ဟာလန်း ရဲ့ ဂိုးသွင်းနှုန်း ကတော့ တကယ် လက်ဖျားခါလောက်အောင် ဖြစ်ခဲ့ရ ပါတယ် ။

ဟာလန်း ဟာ ၂၀၂၂ အစ မှာ ယူရို သန်း ၁၅၆ သန်း နဲ့ ဘာပေ ရဲ့ နောက် ဒုတိယ နေရာမှာ ရပ်တည်နေသူပါ ။ ဒါပေမယ့် အခု ရာသီ အတွင်း ပြသနေတဲ့ ပုံစံကောင်းတွေ ၊ သွင်းဂိုး မှတ်တိုင်တွေကြောင့် ဟာလန်း ရဲ့ တန်ဖိုးဟာ ရုတ်ချည်း မြင့်တက် လာပြီး နောက်ဆုံး Update မှာ ဘာပေ ကို ကျော်ဖြတ်ပြီး နံပါတ် ၁ ဖြစ်လာ ခဲ့တာပဲ ဖြစ်ပါတယ် ။

Transfer Market ကနေ ထုတ်ပြန် ခဲ့တဲ့ နောက်ဆုံး အခြေအနေမှာ ဟာလန်း ဟာ ယူရို သန်း ၁၇၀ တန်ကြေး ရှိလာခဲ့ပြီး ဘာပေ ကတော့ နှစ်စကထက် ၁၀ သန်း ပြန်ကျကာယူရို သန်း ၁၆၀ နဲ့ ဒုတိယ အများဆုံး နေရာကို ဆင်းပေး လိုက်ရပြီ ဖြစ်ပါတယ် ။

သူတို့ရဲ့ နောက်မှာတော့ ရီးရဲမက်ဒရစ် နဲ့ ဘရာဇီး စတားလေး ဗီနီဆီယပ် ဂျူနီယာ က ယူရို သန်း ၁၂၀ နဲ့ ရပ်တည် နေပါတယ် ။ ဗီနီဆီယပ် ဟာ ၂၀၂၂ နှစ်စ ကတည်းက တတိယ နေရာမှာ ရှိနေသူ ဖြစ်ပြီး ဟာလန်း ၊ ဘာပေ တို့ကို အနာဂါတ် မှာ အကောင်းဆုံး ယှဉ်ပြိုင် နိုင်မယ့်သူ အဖြစ် သတ်မှတ် ခံထားရပါတယ် ။

စတုတ္ထနေရာမှာတော့ ဒီနှစ် ထဲမှာ ပိုကောင်းလာတဲ့ မန်စီးတီး ကြယ်ပွင့်လေး ဖီးလ်ဖိုဒန် က ယူရို သန်း ၁၁၀ တန်ကြေး နဲ့ ရပ်တည်နေပြီး ဘာစီလိုနာ ကြယ်ပွင့်လေး ပက်ဒရီ က ပဉ္စမမြောက် တန်ကြေးအမြင့်ဆုံး ဘောလုံးသမား အဖြစ် ရှိနေခဲ့ ပါတယ် ။

Transfer Market ဟာ ဘောလုံးသမား တယောက်ရဲ့ လက်ရှိ စာချုပ်သက်တမ်း ၊ ပြသနေတဲ့ ခြေစွမ်း ၊ အနာဂါတ် မှာ ဘယ်လောက်ထိ ထွန်းတောက် နိုင်ချေ ရှိမရှိဆိုတဲ့ အချက်အလက်တွေ အပေါ် မူတည်ကာ ဈေးကွက် တန်ကြေးကို အကဲခတ် ဈေးဖြတ် ဖော်ပြပေးနေတဲ့ ဝက်ဘ်ဆိုက် တခု ဖြစ်ပါတယ် ။

PSG မှာ ဘာပေ နဲ့ အတူကစားနေတဲ့ ရွှေဘောလုံး ၇ ဆုရှင် မက်ဆီ ဟာ ဒီရာသီမှာ ၈ ကြိမ်မြောက် ရွှေဘောလုံးကို ရလောက်တဲ့ ခြေစွမ်းနဲ့ ကစားပြ နေပေမယ့် အသက်အရွယ် ကြီးလာတာ ၊ စာချုပ်သက်တမ်း မကျန်ရှိတော့တာတွေ ကြောင့် ယူရို သန်း ၅၀ သာ တန်ကြေး သတ်မှတ် ခံထားရ ပါတယ် ။

မက်ဆီ ရဲ့ ပြိုင်ဘက် ဖြစ်ခဲ့ဖူးတဲ့ ခရစ္စတီယာနို ရိုနယ်ဒို ကတော့ မန်ယူနိုက်တက် မှာ နေရာမရမှု ၊ ခြေစွမ်းမပြ နိုင်မှု ၊ သွင်းဂိုးတွေ နည်းပါးနေမှုတွေကြောင့် ယူရို သန်း ၂၀ ခန့်သာ တန်ကြေး ရှိတော့သူ ဖြစ်လာခဲ့တယ်လို့လည်း နောက်ဆုံး Update မှာ ဖော်ပြ သွားခဲ့ ပါတယ် ။

 

SPORTS MYANMAR