လာမည့် တနင်္ဂနွေနေ့မှာ သူတို့ ဘယ်လို တော့တင်ဟမ်ကို မျှော်လင့်ထားသလဲဆိုတာ ပြောပြလိုက်တဲ့ ကလော့

လီဗာပူး မန်နေဂျာ ယာဂန်ကလော့က လာမည့် တနင်္ဂနွေနေ့ တော့တင်ဟမ်ကို အဝေးကွင်းမှာ သွားရောက် ကစားရမယ့် ပွဲစဉ်ဟာ ဒီရာသီ ခြေစွမ်း မတည်မငြိမ် ဖြစ်နေတဲ့ သူ့ရဲ့ အသင်း အတွက် တကယ့်ကို အရေးကြီးတဲ့ ပွဲစဉ် ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။ လီဗာပူးဟာ ချန်ပီယံလိဂ်မှာ ၆ ပွဲကစား ရမှတ် ၁၅ မှတ်နဲ့ ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့ပေမယ့်လည်း ပရီးမီးယားလိဂ်မှာတော့ နိုင်ပွဲ ၄ ပွဲ နဲ့ ရမှတ် ၁၆ မှတ်သာ ရရှိထားခဲ့ကာ အဆင့် ၉ နေရာကို ရောက်နေပါတယ်။

ပြီးခဲ့တဲ့ ကြားရက်မှာ လီဗာပူးဟာ ဥရောပရဲ့ ပုံစံ အကောင်းဆုံး ရနေတဲ့ နာပိုလီကို ၂-၀ နဲ့ အနိုင်ယူခဲ့တဲ့ အပြင် မန်စီးတီး ကိုလည်း ကွန်မြူနတီဒိုင်း နဲ့ ပရီးမီးယားလိဂ်မှာ အနိုင်ရယူထားခဲ့ပါတယ်။ ဒါပေမယ့် ပြည်တွင်း ပြိုင်ပွဲမှာ လီဗာပူးဟာ ဖောရက်စ် နဲ့ လိဒ် တို့ကို နောက်ဆုံး ၂ ပွဲဆက် ရှုံးထားခဲ့ပြီး အဆင့် ၄ နေရာက နယူးကာဆယ်နဲ့ ၈ မှတ် ကွာဟတဲ့ အနေအထားကို ရောက်နေကာ ချန်ပီယံလိဂ် ၀င်ခွင့်ရဖို့ အတော် ကြိုးစားရမှာ ဖြစ်ပါတယ်။

လီဗာပူးဟာ စပါးနဲ့ နောက်ဆုံး တွေ့ဆုံခဲ့တဲ့ ၉ ကြိမ်မှာ ရှုံးပွဲမရှိခဲ့ဘဲ (နိုင်ပွဲ ၆ ပွဲ ၊ သရေ ၃ ပွဲ) ရလဒ်ကို ရထားခဲ့ကာ လက်ရှိမှာ တတိယနေရာက လန်ဒန်ကလပ်နဲ့ ၁၀ မှတ်အကွာမှာ ရှိနေပါတယ်။ ဒါ့ကြောင့် လီဗာပူးဟာ ချန်ပီယံလိဂ် ၀င်ခွင့် အတွက် မျှော်လင့်ချက် ပြန်လည် အားကောင်းလာစေရန် တော့တင်ဟမ်ကို အဝေးကွင်းမှာ အနိုင်ကစားဖို့ လိုအပ်နေပါတယ်။

ကလော့က “ဒါဟာ ကျွန်တော်တို့ အတွက် အရေးကြီးပွဲစဉ်ပါ။ စပါးနဲ့ အဝေးကွင်း ပွဲစဉ်ဟာ အမြဲတမ်း ခက်ခဲပါတယ်။ သူတို့နဲ့ ကျွန်တော်တို့ကြား ရမှတ် ကွာဟမှုကို ခေါင်းထဲ မထည့်ထားပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ သူတို့ကို အနိုင်ရအောင် တိုက်ပွဲ၀င်သွားမှာပါ။ ဒါဟာ ခက်ခဲမယ်ဆိုတ ကျွန်တော်တို့ သိပါတယ်။ တော့တင်ဟမ်ဟာ စုစည်းမှု တအားကောင်းကာ ခံစစ်ကစားပုံ ကျစ်လစ်တောင့်တင်းပြီး တန်ပြန်တိုက်စစ်က တအား ထက်မြက်တယ် ဆိုတာ ကျွန်တော်တို့ သိထားပြီးသားပါ။

စပါးဟာ ကောင်းမွန်တဲ့ အခိုက်အတန့်မှာ ရှိနေပါတယ်။ သူတို့ဟာ နောက်ဆုံး ပွဲစဉ် ၂ ပွဲမှာ နောက်ဆုံး မိနစ် သွင်းဂိုးတွေနဲ့ ရလဒ်တွေ ပြောင်းလဲနိုင်ခဲ့ပါတယ်။ မာဆေးကို နိုင်ခဲ့တဲ့ ပွဲစဉ် ကတော့ သူတို့ အတွက် တကယ့်ကို ကြီးမားတဲ့ နိုင်ပွဲ ပါပဲ။ ဒါ့ကြောင့် စပါးဟာ ယုံကြည်မှု ပြည့်ဝနေပြီး တောင့်တင်းနေမှာ ဖြစ်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

ဒ့ါအပြင် လီဗာပူးဟာ ကောင်းမွန်တဲ့ ပြိုင်ဘက်တွေနဲ့ကျမှ ပိုမို ကောင်းမွန်တဲ့ ကစားပုံ ထွက်လာတယ်ဆိုတဲ့ ပြောဆိုမှုတွေ ကိုလည်း ပယ်ချသွားခဲ့ပါတယ်။

ကလော့က “ကျွန်တော်တို့ဟာ ထိပ်တန်း အသင်းတွေနဲ့ တွေ့မှ ကစားပုံ ပိုကောင်းတက်တာ မဟုတ်ပါဘူး။ ဘုန်းမောက် နဲ့ ပွဲမှာ ကျွန်တော်တို့ ၉-၀ နဲ့အနိုင်ရခဲ့သလို ရိန်းဂျားနဲ့ ပွဲမှာလည်း ၇-၁ နဲ့ နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ပြသနာ ကတော့ ကစားသမားတွေရဲ့ available ဖြစ်မှု အပေါ် မူတည်ပြီး system တွေ အပြောင်းအလဲ လုပ်နေရမှု ၊ ဒဏ်ရာ ရရှိမှုတွေနဲ့ ခံစစ်ပိုင်းက ကျစ်လစ်မှု မရှိတာတွေပဲ ဖြစ်ပါတယ်။

များသောအားဖြင့် ကျွန်တော်တို့ရဲ့ ပြသနာက ခံစစ်ကို unit တစ်ခု အနေနဲ့ မကစားနိုင်တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ နာပိုလီနဲ့ ပွဲမှာ ခံစစ်ကစားပုံ တအား ကောင်းခဲ့ပါတယ်။ ကျွန်တော်တို့ မှန်ကန်တဲ့ ဟာကွက်တွေကို ပိတ်နိုင်ခဲ့သလို counter-press တွေ ၊ ဘောလုံး ပြန်လည်လုယူမှုတွေ နဲ့ last line ကလည်း ရှေ့ကို တက်ကစားနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ဟာ ဒီ system မှာ ပြီးခဲ့တဲ့ ၅ ပတ် ၆ ပတ်လောက်ကထက် ပိုကောင်းအောင် defend လုပ်နိုင်ခဲ့ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

SM