လက်ရှိ အာဆင်နယ် line-up မှာ ချဲလ်ဆီး ကြယ်ပွင့် တဦးစီသာ ဝင်ဆံ့ကြောင်း အခိုင်အမာ ဖွင့်ဆိုလိုက်ကြတဲ့ အိုဟားရားနဲ့ ကယ်ဗင် ကမ်းဘဲလ်

ချဲလ်ဆီး အသင်းဟာ မနက်ဖြန်ည စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ အာဆင်နယ် အသင်းနဲ့ လန်ဒန်ဒါဘီပွဲ ဧည့်ခံ ကစားဖို့ ရှိနေပါတယ် ။ ဒါဟာ ပရီးမီးယားလိဂ် title race မှာ ရှိနေတဲ့ အာဆင်နယ်နဲ့ ချန်ပီယံလိဂ် ဝင်ခွင့် တနေရာ ရဖို့ ကြိုးစားနေတဲ့ ချဲလ်ဆီးတို့ ထိပ်တိုက် တွေ့ဆုံမှု ဖြစ်ပါတယ် ။

နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ချဲလ်ဆီး က အဝေးကွင်းမှာ ဘရိုက်တန်ကို မထင်မှတ်ပဲ ၄ – ၁ ရလဒ်နဲ့ ဂိုးပြတ် ရှုံးခဲ့ပြီး ၊ အာဆင်နယ်ကတော့ တန်းတက် နော်တင်ဟမ် ဖောရက်စ်ကို အိမ်ကွင်းမှာ ၅ဂိုးပြတ် အနိုင်ရကာ အမှတ်ပေးဇယားထိပ်ကို ဆက်လက် ဦးဆောင်နေပါတယ် ။

ဒီ ၂သင်း အကြား စာရွက်ပေါ်က ကစားသမား စာရင်း ကွာခြားမှု မရှိသလောက် နည်းပေမယ့် ၊ ကွင်းတွင်း စွမ်းဆောင်ရည်မှာတော့ အာဆင်နယ်က လောလောဆယ်မှာ သိသိသာသာ ပိုကောင်းနေတာ ငြင်းဆန်လို့ မရပါဘူး ။

တော့တင်ဟမ် ကွင်းလယ်လူဟောင်း ဂျေမီ အိုဟားရားနဲ့ အာဆင်နယ် တိုက်စစ်မှူးဟောင်း ကယ်ဗင် ကမ်းဘဲလ်တို့ကတော့ လက်ရှိ အာဆင်နယ်ရဲ့ ပွဲထွက် line-up ထဲကို ချဲလ်ဆီး ကစားသမား သီယာဂို ဆေးလ်ဗားနဲ့ ကီပါတို့သာ ဝင်နိုင်ဖို့ အခွင့်အရေး ရှိကြောင်း အခုလိုပဲ ဖွင့်ဟလာပါတယ် ။

Talksport နဲ့ တွေ့ဆုံခဲ့ရာမှာ အိုဟားရား က ” ဂျေဆုစ်က အခုအချိန်မှာ ပိုကောင်းနေတာကြောင့် ခင်ဗျား ဟာဗက်ဇ် ဝင်နိုင်တယ်လို့ ပြောလို့မရပါဘူး ။ မေဆင်မောင့်နဲ့ ဂါဘရီရယ် မာတင်နယ်လီမှာလည်း ကျွန်တော် မာတင်နယ်လီပဲ ရွေးပါမယ် ။ ရာဟင်း စတာလင် အစား ဘူကာယို ဆာကာပဲ ကျွန်တော် ရွေးပါမယ် ။ ”

” အိုဒီဂါ့ဒ်ထက် အခုအချိန် ဘယ်ချဲလ်ဆီး ကွင်းလယ်လူက ပိုသာမှာလဲ ? သူက လုံးဝ အံ့သြဖွယ်ပါ ။ ဆီဆာ အက်ဇ်ပီလီကွီတာဟာ လွန်ခဲ့တဲ့ နှစ်တွေမှာ အံ့သြဖွယ်ကောင်းတဲ့ ကစားသမား တယောက် ဖြစ်ပေမယ့် ၊ အခုအချိန်မှာတော့ ဘန်ဝှိုက်က သူ့ထက် ပိုကောင်းနေတယ်လို့ ကျွန်တော် ထင်ပါတယ် ။ ”

” ချဲလ်ဆီးက ပေါင် ၂၇၅ သန်းလောက် သုံးထားတော့ လူတိုင်းက သူတို့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို စိန်ခေါ်သင့်တဲ့ အကြောင်း ပြောကြပါတယ် ။ အခုအချိန် ကျွန်တော် အာဆင်နယ်ကို ကြည့်တဲ့အခါ ၊ သူတို့က ပိုကောင်းတဲ့ အသင်း ဖြစ်နေပါတယ် ။ ဒီအပတ်ပွဲ အတွက် အာဆင်နယ်က ယုံကြည်မှု ပိုရှိနေမှာ သေချာပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ကမ်းဘဲလ် က ” အခုအချိန်မှာတော့ ချဲလ်ဆီးက ဘယ်သူမှ အာဆင်နယ် line-up ဆီ မဝင်နိုင်ပါဘူး ။ ပြင်းထန်လွန်းတယ် ဆိုပေမယ့် ကျွန်တော် ပြောရပါမယ် ။ လက်ရှိ အဆင့်အတန်း အရ မဖြစ်မနေ ထည့်ရမယ် ဆိုရင်တော့ ကီပါပေါ့ ။ ကီပါဟာ လတ်တလောမှာ အံ့သြဖွယ် စွမ်းဆောင်ရည်တွေ ပြသထားပါတယ် ။ ”

” ဒီရာသီ အာဆင်နယ် လုပ်ပြထားတဲ့ အရာတွေကို ခင်ဗျားတို့ ကြည့်ပါ ။ သူတို့ဟာ ဇယားထိပ်မှာ ဒီနံပါတ်တွေကြောင့် ရောက်နေရခြင်း ဖြစ်ပါတယ် ။ ကျွန်တော်ကတော့ ဘယ် ချဲလ်ဆီး ကစားသမားမှ အာဆင်နယ် ပွဲထွက် line-up ဝင်လိမ့်မယ်လို့ မထင်မိပါဘူး ။ ”

” ချဲလ်ဆီး ကစားသမားတွေက ထိပ်တန်း မဟုတ်ဘူးလို့ ကျွန်တော် ပြောနေတာ မဟုတ်ပါဘူး ။ သူတို့သာ ပုံစံကောင်း ရနေရင် ၊ အာဆင်နယ် line-up ထဲကို ပိုပြီးတော့တောင် ဝင်မှာပါ ။ ဒါပေမယ့် သူတို့ကိုက လတ်တလော မစွမ်းဆောင်ပြနေပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR