ခံယူချက် လွဲမှားနေတဲ့ ချဲလ်ဆီး ကြယ်ပွင့် တဦးကို ထုတ်နုတ် ဝေဖန်လိုက်တဲ့ ပေါလ်ပါကား

ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ စျေးကွက်ရဲ့ Deadline Day မှာ ချဲလ်ဆီး အသင်းဟာ ဘာစီလိုနာ အသင်းကနေ ဂါဘွန်လက်ရွေးစင် ဝါရင့် တိုက်စစ်မှူး ပီယာအမ်းမရစ် အူဘားမီးယန်းကို ယူရို ၁၃သန်း ၊ ၂နှစ် စာချုပ်နဲ့ ခေါ်ယူခဲ့ကာ ၊ ပွဲထွက် တိုက်စစ်မှူး အဖြစ် အသုံးပြုလျက်ရှိပါတယ် ။

မနက်ဖြန်မှာတော့ အူဘားမီးယန်း ဟာ သူ ၄နှစ်တာ ကစားခဲ့တဲ့ အသင်းဟောင်း အာဆင်နယ် အသင်းနဲ့ ပြန်လည် ရင်ဆိုင်ရဖို့ ရှိပြီး ၊ ပြီးခဲ့တဲ့ ရာသီ သူနဲ့ အဆင်မပြေ ဖြစ်ကာ ဆိုးဆိုးရွားရွား အနေအထားနဲ့ လမ်းခွဲခဲ့ရတဲ့ နည်းပြ ဆရာဟောင်း မီခေးလ် အာတီတာကို သူ့ရဲ့ စွမ်းဆောင်နိုင်စွမ်းနဲ့ ပတ်သက်ပြီး သက်သေပြသွားမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ် ။

အသက် ၃၃နှစ် အရွယ်ရှိ အူဘားမီးယန်းဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ အစက ကစားခဲ့တဲ့ ခရစ်စတယ်ပဲလေ့စ်နဲ့ လန်ဒန်ဒါဘီပွဲမှာ ချဲလ်ဆီး အတွက် ပထမဆုံးဂိုး သွင်းပေးခဲ့ပြီး ၊ ထိုနောက်ပိုင်း ကစားခဲ့တဲ့ အေစီမီလန်နဲ့ အုပ်စုတွင်း ၂ကျော့လုံးမှာ ဂိုးသွင်းနိုင်ခဲ့ပါတယ် ။

သို့ပေမယ့် ထိုနောက်ပိုင်း အူဘားမီးယန်း တယောက် ဂိုးသွင်းခြေ ပျောက်ဆုံးနေခဲ့ကာ ၊ အခွင့်အရေး အချို့ကို ဂိုးအဖြစ် မပြောင်းလဲထားနိုင်ခဲ့ပါဘူး ။ အချို့တွေကလည်း ၄င်းရဲ့ ကစားပုံကို လေးလံထိုင်းမှိုင်းတဲ့ အကြောင်း ဝေဖန်ထားကြပါတယ် ။

BemyBet ဝက်ဘ်ဆိုက်နဲ့ တွေ့ဆုံခဲ့ရာမှာ မန်ချက်စတာ ယူနိုက်တက် နောက်ခံလူဟောင်း ပေါလ်ပါကားကတော့ အူဘားမီးယန်းရဲ့ ကွင်းတွင်း ခံယူချက် မှားယွင်းနေကြောင်း ဝေဖန်သွားခဲ့ကာ ၊ ပိုက်ဆံ ရနေလို့သာ လန်ဒန် အခြား တဖက်က အသင်း အတွက် ကစားပေးနေခြင်း ဖြစ်ကြောင်း သုံးသပ်သွားပါတယ် ။

ပေါလ်ပါကား က ” ခင်ဗျားတို့ အနေနဲ့ အူဘားမီးယန်းရဲ့ သွင်းဂိုး အချက်အလက်တွေကို တနေ့လုံး ထိုင်ကြည့်နေနိုင်ပါတယ် ။ ဒါပေမယ့် ကစားသမား တယောက် အနေနဲ့ သူ့ကို အကဲဖြတ်တဲ့အခါ ၊ ကစားသမား ဖြစ်သူကို ကြည့်ရင်း ၊ အချက်အလက်တွေက သူ့ရဲ့ လက်ရှိ စွမ်းဆောင်ရည်နဲ့ သက်ဆိုင်လို့လား ဆိုပြီး မေးရပါမယ် ။ ”

” အချက်အလက်တွေဟာ စွမ်းဆောင်ရည်နဲ့ ဘာမှ မသက်ဆိုင်ပါဘူး ။ သူ့ရဲ့ ခံယူချက်က လုံလုံလောက်လောက် ကောင်းမွန်ခြင်း မရှိပါဘူး ။ ဒီအကြောင်းသာ လူတိုင်း ပြောသင့်ပါတယ် ။ သူဟာ မှားယွင်းတဲ့ ခံယူချက်မျိုးနဲ့ ကစားသမားတိုင်းကို ပျင်းရိစရာကောင်းတဲ့ အငွေ့အသက်မျိုး ပေးစေပါတယ် ။ ”

” ဘောလုံး ကစားတဲ့အခါမှာ ခင်ဗျားဟာ ပြင်းပြတဲ့ ခံယူချက်မျိုး ထားရပါမယ် ။ အူဘားမီးယန်းမှာ ကျွန်တော် ဒီလို ပုံစံမျိုး မမြင်တွေ့နေရပါဘူး ။ ချဲလ်ဆီး ပရိသတ်တွေကလည်း သူ့ရဲ့ ဒီလို ခံယူချက်ကို သဘောကျကြမှာ မဟုတ်ပါဘူး ။ သူတို့ဟာ အူဘားမီးယန်း ရောက်လာတာကို ပျော်ရွှင်ကြတဲ့ပုံ မပေါ်ပါဘူး ။ ”

” ဒါပေမယ့် သူကတော့ မတူညီတဲ့ အခြား လန်ဒန် ကလပ် တသင်းမှာ ပိုက်ဆံတွေရ ၊ ပျော်ရွှင်စရာကောင်းတဲ့ ဘဝ တခု ဖြတ်သန်းခွင့် ရတဲ့ အတွက် ပျော်ရွှင်ကောင်း ပျော်ရွှင်နေပါလိမ့်မယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR