ကလော့ ကို ပြစ်ဒဏ်ထပ်ချမယ့် FA ၊ FA ကို ဝေဖန်တဲ့ ကွန်တီ ၊ ဒဏ်ရာကနေ ပြန်ကောင်း လာကြသူတွေနဲ့ . . . နံနက်ခင်း အားကစားသတင်းများ

ပရီးမီးယားလိဂ် ဒိုင်လူကြီး အဖွဲ့ ဟာ မန်ချက်စတာ စီးတီး နဲ့ ပွဲမှာ အထုတ်ပယ် ခံခဲ့ရတဲ့ လီဗာပူး နည်းပြ ဂျာဂင် ကလော့ ကို ပွဲမပယ်ဘဲ ပေါင် ၃ သောင်းသာ ဒဏ်ငွေ ပေးဆောင်စေတဲ့ FA ရဲ့ ဆုံးဖြတ်ချက် အပေါ် အံ့အားသင့် မကျေမနပ် ဖြစ်ခဲ့ ကြပြီး ဂျာမန်နည်းပြကြီး ကို ပွဲပယ် အပြစ်ဒဏ် ချမှတ်သင့်ကြောင်း အယူခံ တင်သွင်း ခဲ့ကြတယ်လို့ သိရှိရ ပါတယ် ။

ချဲလ်ဆီး နည်းပြသစ် ဂရေဟမ် ပေါ်တာ က သူဟာ အခု အပတ်မှာ ရင်ဆိုင် ကစားရမယ့် အာဆင်နယ် အသင်းရဲ့ နည်းပြ အာတီတာ အပေါ် အာဆင်နယ် အသင်း တာဝန်ရှိသူတွေ ယုံကြည်ပေးထားမှု နဲ့ ပတ်သက်ပြီး နှစ်သက် အားကျ ခဲ့ကြောင်း ပြောဆို ချီးမွမ်းသွားခဲ့ ပါတယ် ။

အဲဗာတန် နည်းပြ ဖရန့် လမ်းပတ် ဟာ အသင်းရဲ့ တောင်ပံ ကစားသမားလေးတွေ ဖြစ်ကြတဲ့ ဂေါ်ဒွန် နဲ့ မက္က်နီးလ် တို့ ထံကနေ သွင်းဂိုးတွေ ပိုမို ရရှိလိုကြောင်း ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

၂၁ နဲ့ ၂၂ နှစ်သာ ရှိသေးတဲ့ အင်္ဂလန် ကြယ်ပွင့်လေးတွေဟာ အဲဗာတန် အတွက် အခုရာသီမှာ ၃ ဂိုး နဲ့ ၂ ဂိုးစီ အသီးသီး သွင်းယူပေး ထားခဲ့ကြ ပါတယ် ။

တော့တင်ဟမ် ဟော့စပါး ခံစစ်မှူး အဲရစ် ဒိုင်ယာ ဟာ မကြာခင်က ကွယ်လွန် သွားတဲ့ အသင်းရဲ့ နည်းပြ အဖွဲ့ဝင် ဂီယန် ပီယာရို ဗန်တရုန်း ရဲ့ မိသားစုထံ အမှတ်တရ ဂျာစီတထည် လက်ဆောင် ပေးပု့ိခဲ့ပြီး ကွယ်လွန်သူ နည်းပြကြီး က သူ့အပေါ် ဘယ်လို ကျေးဇူး ရှိခဲ့တယ်ဆိုတာကိုပါ ရေးသား ထည့်သွင်းပေးသွားခဲ့ ပါတယ် ။

ပဲလေ့စ် နည်းပြ ပက်ထရစ် ဗီယာရာ ကတော့ အသင်းရဲ့ အဓိက တောင်ပံ ကစားသမား ဝီလ်ဖရိုက် ဇာဟာ ကို အခုချိန်ထိ စာချုပ် သက်တမ်းမတိုး နိုင်သေးတာဟာ ကစားသမား နဲ့ရော ကလပ် အသင်းနဲ့ ပါ သက်ဆိုင် တယ်လို့ ပြောဆိုခဲ့ပြီး ဇာဟာ ကို ပဲလေ့စ် မှာ ဆက်နေဖို့ တိုက်တွန်း သွားမယ်လို့လည်း ထုတ်ဖော် ပြောဆိုခဲ့ ပါတယ် ။

မန်စီးတီး တိုက်စစ်မှူး အာလင်း ဟာလန်း ဟာ ဒီတပတ် ကစားမယ့် ဖူလ်ဟမ် အသင်းနဲ့ ပွဲမှာ ပြန်လည် ပါဝင် လာနိုင်ချေ ရှိတယ်လို့ နည်းပြ ပက် ဂွာဒီယိုလာ က ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

ချဲလ်ဆီး နောက်ခံလူ ရစ်ဆီ ဂျိမ်းစ် ကလည်း သူ့အနေနဲ့ ဒူးဒဏ်ရာ ကနေ ပြန်လည် သက်သာစ ပြုလာပြီ ဖြစ်တာကြောင့် အင်္ဂလန် အသင်းရဲ့ ကမ္ဘာ့ဖလား လူစာရင်းမှာ ပါဝင်ခွင့် ရရှိဖို့ မျှော်လင့်ထားကြောင်း ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

တော့တင်ဟမ် ဟော့စပါး ရဲ့ ဆွီဒင် တောင်ပံ ကစားသမား ဒီဂျန် ကူလူဆက်ဗ်စကီး ဟာ ဒဏ်ရာ ကနေ ပြန်လည် ကောင်းမွန်လာပြီး အသင်းနဲ့ လေ့ကျင့်မှု ပြန်လည် ပြုလုပ် နိုင်ခဲ့ကြောင်း သတင်းကောင်း ကြားသိရ ပါတယ် ။

ဒါကြောင့် ကူလူဆက်ဗ်စကီး ဟာ လီဗာပူး နဲ့ ကစားမယ့် ပွဲမှာ ပါဝင်လာနိုင်ဖို့ အလားအလာ များလာခဲ့ ပါတယ် ။

လာလီဂါ ထိပ်သီး အက်သလက်တီကို မက်ဒရစ် ဟာ မန်စီးတီး နဲ့ စာချုပ် သက်တမ်း ကုန်တော့မယ့် ဂျာမန် ကွင်းလယ်လူ ဂွန်ဒိုဝမ် ကို အလွတ် နဲ့ ခေါ်ယူဖို့ စိတ်ဝင်စား နေတယ်လို့ သိရှိရ ပါတယ် ။

လိဒ် ယူနိုက်တက် ဟာ ကလပ် အသင်းထံ ပြောင်းရွှေ့ခြင်း မပြုခဲ့တဲ့ ဂျန် ကယ်ဗင် သြဂတ်စတင် အတွက် အယူခံဝင်မှု ရှုံးနိမ့် ခဲ့တာကြောင့် ဂျာမန် ကလပ် လိုက်ပ်ဇစ် ကို ပေါင် ၁၈ သန်း ပေးချေ ရမယ်လို့ ကြားသိရ ပါတယ် ။ ဒါပေမယ့် လိဒ် ကတော့ နောက်ထပ် အယူခံ တင်သွင်း သွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ် ။

စပါး နည်းပြ အန်တိုနီယို ကွန်တီ ကတော့ ကမ္ဘာ့ဖလား ဗိုလ်လုပွဲ အပြီး ၃ ရက် အကြာမှာ ပြန်လည် စတင်မယ့် ( ခါရာဘောင်ဖလားပွဲစဉ် ) အင်္ဂလိပ် ဘောလုံးအဖွဲ့ချုပ် ရဲ့ ဆုံးဖြတ်ချက် အပေါ် နားမလည် နိုင်အောင် ဖြစ်ခဲ့ ပါတယ် လို့ ဖွင့်ဟ ပြောဆို သွားခဲ့ပါတယ် ။

အင်္ဂလိပ် လိဂ်တွေ ဟာ ဥရောပ မှာ ကမ္ဘာ့ဖလား မတိုင်ခင် နောက်ဆုံးမှ ပိတ်သိမ်းမယ့် လိဂ် ဖြစ်ပြီး အရင်ဆုံး ပြန်ကစားမယ့် လိဂ်လည်း ဖြစ်ပါတယ် ။

 

SPORTS MYANMAR