Super Sunday လန်ဒန်ဒါဘီ ဖြစ်တဲ့ ချဲလ်ဆီး – အာဆင်နယ် ပွဲအတွက် ပေါလ်မာဆင်ရဲ့ ခန့်မှန်းချက်

လာမယ့် တနင်္ဂနွေနေ့ စတမ်းဖို့ဒ်ဘရစ်ခ်ျကွင်းမှာ ယခုတပတ် Super Sunday ရဲ့ လန်ဒန်ဒါဘီ Big Match အဖြစ် ချဲလ်ဆီးနဲ့ အာဆင်နယ် အသင်းတို့ အကြိတ်အနယ် ရင်ဆိုင် ကစားကြဖို့ ရှိနေပါတယ် ။ လက်ရှိ အချိန် ဒီ ၂သင်း အကြား ရမှတ် ကွာဟမှု က ၁၀မှတ် အထိ ရှိနေပါတယ် ။

နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ချဲလ်ဆီး အသင်းဟာ ဘရိုက်တန် အသင်းကို အဝေးကွင်းမှာ အံ့အားသင့်ဖွယ် ၄ – ၁ ရလဒ်နဲ့ အရေးနိမ့်ခဲ့ပြီး ၊ ဇယားထိပ်က အာဆင်နယ်ကတော့ တန်းတက် နော်တင်ဟမ်ဖောရက်စ် အသင်းကို ၅ – ၀ ရလဒ်နဲ့ သက်တောင့်သက်သာ နိုင်ခဲ့ပါတယ် ။

Sportskeeda ရဲ့ ဆောင်းပါး တပုဒ်မှာ အာဆင်နယ် ကွင်းလယ်လူဟောင်း ပေါလ်မာဆင်က ယခုတပတ် လန်ဒန်ဒါဘီ Big Match ဟာ တဖက် တဂိုးစီ သရေ ရလဒ်နဲ့ အဆုံးသတ်မယ်လို့ ခန့်မှန်းရင်း ၊ ဒီရလဒ်နဲ့ အတူ အာဆင်နယ်တို့ ဇယားထိပ်မှာ အချိန်အကြာကြီး ဆက်ရှိနိုင်မယ်လို့ သုံးသပ်သွားပါတယ် ။

ပေါလ်မာဆင် က ” ဒါဟာ ၂သင်းလုံး အတွက် မတူညီတဲ့ အကြောင်းပြချက်တွေနဲ့ အရေးပါတဲ့ ပွဲတပွဲ ဖြစ်ပါတယ် ။ အာဆင်နယ်သာ ဒီပွဲမှာ အနိုင်ရခဲ့တဲ့ ချဲလ်ဆီးကို ၁၃မှတ် ဖြတ်နိုင်လိုက်မှာပါ ။ ကျွန်တော်တို့ လက်တွေ့ဆန်ဆန်ပဲ ပြောကြရအောင် ။ မန်ချက်စတာ ယူနိုက်တက် ၊ လီဗာပူးနဲ့ ချဲလ်ဆီးတို့ဟာ ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံဆုကို စိန်ခေါ်နိုင်တော့မှာ မဟုတ်ပါဘူး ။ ”

” သူတို့ အတွက် title race က ပြီးဆုံးသွားပါပြီ ။ ဒီတော့ သူတို့ဟု Top 4 တနေရာစာ ရဖို့ပဲ အာရုံစိုက်ရပါတော့မယ် ။ ဂန်းနားတို့က ဒီပွဲမှာ အနိုင်ရသွားရင် ၊ သူတို့ နောက်ပိုင်း ပွဲတွေမှာ ၅ပွဲလောက် ရှုံးမှ ချဲလ်ဆီးက လိုက်မှီမှာပါ ။ ဒါတောင် ချဲလ်ဆီးက သူတို့ ရှုံးနေတဲ့ အချိန် နိုင်ပွဲတွေ ဆက်တိုက် ရဖို့ လိုပါတယ် ။ ”

” ဒါက အာဆင်နယ် အတွက် ကြီးကျယ်တဲ့ ပွဲတပွဲ ဖြစ်ပါတယ် ။ သူတို့ အရှုံး ရလဒ်ကို ရှောင်လွှဲနိုင်ဖို့ လိုပါမယ် ။ အရေးကြီးတဲ့ အချိန်မှာ အဖျားရှူးသွားတဲ့ bully တွေ မဟုတ်ကြောင်း သူတို့ သက်သေပြဖို့ လိုပါတယ် ။ ဒီပွဲကိုသာ သူတို့ မရှုံးရင် ပရီးမီးယားလိဂ် title race မှာ အချိန် အကြာကြီး သူတို့ ဆက်ရှိနေနိုင်ပါတယ် ။ ”

” ဒီပွဲမှာ ချဲလ်ဆီးက ဘယ်သူတွေကို ပွဲထုတ် ကစားမလဲ ဆိုတာ ကျွန်တော် မသိပေမယ့် ၊ အာဆင်နယ်က ဘယ်သူတွေနဲ့ ပွဲထုတ်မယ် ဆိုတာတော့ သိထားပါတယ် ။ ဒါကြောင့်လည်း သူတို့ဟာ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ဦးဆောင်နေတာပါ ။ သူတို့ဟာ တူညီတဲ့ line-up ကိုပဲ အပတ်တိုင်း ထုတ်သုံး ကစားပါတယ် ။ အလုပ်တော့ ဖြစ်နေတာပေါ့ ။ ”

” ပြိုင်ပွဲပေါင်းစုံမှာ ယှဉ်ပြိုင်နိုင်ချင်ရင်တော့ အာဆင်နယ်ဟာ ကြီးမားတဲ့ ကစားသမား အင်အား လိုအပ်ပါမယ် ။ သူတို့ဟာ ပရီးမီးယားလိဂ် ဇယားကို ဦးဆောင်နေပြီး ၊ ယူရိုပါလိဂ်မှာလည်း အခြေအနေ ကောင်းနေပါတယ် ။ ကီရန် တီယာနေးလို ကစားသမားမျိုး သူတို့ အသင်းမှာ ဆက်ထိန်းထားဖို့ လိုပါမယ် ။ ”

” ချဲလ်ဆီးဖက်က ကြည့်ရင်တော့ ရာဟင်း စတာလင်ဟာ wing-back မဟုတ်ပါဘူး ။ ဒီနေရာ က ကစားရခက်ပါတယ် ။ ကြုံရာ ကစားသမား တဦးဦးကို အဲဒီ နေရာမှာ သွားကစားခိုင်းလို့ မရပါဘူး ။ ပြီးခဲ့တဲ့ အပတ်က ပွဲမှာ ဂရေဟမ် ပေါ်တာ အကြီးကြီး မှားခဲ့ပါတယ် ။ ”

” ကြီးကျယ်တဲ့ wing-back တွေဟာ ဘယ်သောအခါမှ ထိုက်တန်တဲ့ ချီးကျူးမှုမျိုး ရလေ့မရှိပါဘူး ။ သူတို့ဟာ တောင်ပံ တခြမ်းလုံးကို ရှေ့တက်လိုက် နောက်ဆင်းလိုက် မနားတမ်း တာဝန်ယူရပါတယ် ။ ကျွန်တော့ကို ဂိုးစောင့်ခိုင်းသလိုမျိုး ရာဟင်း စတာလင်ဟာ wing-back နေရာ မကစားနိုင်ပါဘူး ။ ”

” လောလောဆယ် အာဆင်နယ်ဟာ ပရီးမီးယားလိဂ်မှာ အမြင့် ပျံသန်းနေပါတယ် ။ သူတို့ အနေနဲ့ ကမ္ဘာ့ဖလား ရှိလို့ ဆိုပြီး ကစားသမားတွေကို အနားပေးဖို့ မလိုပါဘူး ။ သူတို့ဟာ ပုံစံကောင်း ဆက်တိုက် ပြသနေပြီး ၊ ဖောရက်စ်နဲ့ ပွဲမှာ အံ့သြဖွယ်ကောင်းခဲ့ပါတယ် ။ ကျွန်တော်ကတော့ ဒီပွဲက တဂိုးစီ သရေနဲ့ ပြီးလိမ့်မယ်လို့ ထင်ပါတယ် ။ ဒါက အာဆင်နယ် အတွက် ရလဒ်ကောင်းပါပဲ ။ ” လို့ ရေးသားခဲ့ပါတယ် ။

SPORTS MYANMAR