ယူရိုပါလိဂ် play-off tie မှာ မန်ချက်စတာယူနိုက်တက်ကို ဘယ်အသင်းနဲ့ တွေ့ဆုံစေချင်သလဲဆိုတာ ပြောပြလိုက်တဲ့ ပေါလ်စခိုးလ်

မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူဟောင်း ဖြစ်တဲ့ ပေါလ်စခိုးလ်က လာမည့် ယူရိုပါလိဂ် play-off tie မှာ သူ့ရဲ့ အသင်းဟောင်းကို ဘာစီလိုနာ နဲ့ တွေ့ဆုံစေချင်တယ်လို့ ပြောလိုက်ပါတယ်။ ယူနိုက်တက်ဟာ မနေ့ညက စပိန်မြေမှာ ရီးရဲယ်ဆိုဆီဒက်ကို ၁-၀ နဲ့ အနိုင်ရရှိခဲ့ပေမယ့်လည်း အုပ်စု E မှာ ထိပ်ဆုံးနေရာ ရရှိဖို့ မလုံလောက်ခဲ့တာကြောင့် လက်ရှိမှာ အဲရစ်တန်းဟတ်ရဲ့ အသင်းဟာ ယူရိုပါလိဂ် ပြိုင်ပွဲရဲ့ နောက်ဆုံး ၁၆ သင်း အဆင့်ကို တက်ရောက်နိုင်ဖို့ အတွက် play-off tie ကို အနိုင်ရဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

 

ယူနိုက်တက်နဲ့ တွေ့ဆုံနိုင်ခြေ ရှိတဲ့ အသင်းတွေထဲမှာ ဘာစီလိုနာ အိုင်ယက် ယူဗင်တပ် တို့လို အသင်းကြီးတွေ ပါ၀င်နေပြီး အဆိုပါ အသင်းတွေဟာ ချန်ပီယံလိဂ်မှာ တတိယနေရာသာ ရရှိခဲ့တာကြောင့် ယူရိုပါလိဂ်ကို ဆင်းကန်ရမှာ ဖြစ်ပါတယ်။ စခိုးလ်ကတော့ ယူနိုက်တက် အနေနဲ့ ဘာစီလိုနာနဲ့ တွေ့ဆုံနိုင်ခြေ ရှိတဲ့ အရေးကို ရင်ခုန်စိတ်လှုပ်ရှားနေပြီး ယူရိုပါလိဂ် play-off tie အတွက် မဲခွဲမှုကို နို၀င်ဘာ ၇ ရက်နေ့မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

စခိုးလ်က “အသင်းတော်တော်များများဟာ လာမည့် အဆင့်မှာ ဘာစီလိုနာ ကိုပဲ ရှောင်ချင်ကြလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော်ကတော့ ယူနိုက်တက်ကို ဘာစီလိုနာနဲ့ တွေ့ဆုံစေချင်ပါတယ်။ ဒီပွဲကို ကြည့်ရတာဟာ အတော် အရသာ ရှိမယ့် အပြင် အိုးထရပ်ဖို့ဒ် မှာကော ကမ့်နူးမှာပါ atmosphere က တအားကို ကောင်းမှာ ဖြစ်ပါတယ်။ ကျွန်တော် ကတော့ ယူနိုက်တက်ဟာ ဘာစီလိုနာကို အနိုင်ယူနိုင်စွမ်း ရှိနေတယ်လို့ ထင်ပါတယ်။ အခြား တစ်ဖက်မှာလည်း ဘာစီလိုနာဟာ တကယ် ကောင်းတဲ့ အသင်းဆိုတာ ကျွန်တော်တို့ သိပြီးသားပါ။

ယူနိုက်တက် ပရိတ်သတ်တွေ ရှောင်ရှားချင်တဲ့ တစ်ခုတည်းသော အသင်းက ဘာစီလိုနာပဲ ဖြစ်နိုင်ပါတယ်။ ကျွန်တော်ကတော့ သူတို့နဲ့ တွေ့ဆုံစေချင်ပါတယ်။” လို့ ပြောသွားပါတယ်။

တစ်ချိန်တည်းမှာပဲ ယူနိုက်တက် ကွင်းလယ်လူဟောင်း အို၀င်ဟားဂရေ့စ်က လာမည့် ယူရိုပါလိဂ် play-off အဆင့်မှာ ယူနိုက်တက်ဟာ ဘယ်သူနဲ့ပဲ တွေ့တွေ့ လွယ်ကူမှာ မဟုတ်ဘူးလို့ ဆိုလိုက်ပါတယ်။

ဟားဂရေ့စ်က “ကျွန်တော်ကတော့ စခိုးလ် နဲ့ မတူပါဘူး။ သူတို့ ဘာစီလိုနာကို ရှောင်နိုင်ဖို့ မျှော်လင့်မိပါတယ်။ ဘာစီလိုနာနဲ့ ဖိုင်နယ်မှာပဲ တွေ့ချင်ပါတယ်။ သူတို့ကို ဒီအဆင့်မှာ မတွေ့ချင်ပါဘူး။ ဘာလို့လဲဆိုတော့ ဒါဟာ ယူနိုက်တက် အတွက် အတော်လေး ခက်ခဲမယ့် ပွဲစဉ် ဖြစ်လာနိုင်လို့ပါ။ ဒါပေမယ့် လာမည့် အဆင့်မှာ တွေ့ဆုံမယ့် အသင်းတွေ အားလုံးဟာ အသင်းကောင်းတွေ ဖြစ်ကာ သူတို့ဟာ ဘောလုံးကစားပုံ ကောင်းတဲ့ အပြင် မန်နေဂျာကောင်းတွေလည်း ရှိနေပါတယ်။

ယူဗင်တပ် ဆီဗီလာ ရှက်တာဒိုးနက် စတဲ့ အသင်းတွေဟာ လွယ်ကူတဲ့ ပြိုင်ဘက် မဟုတ်ပါဘူး။ စပို့တင်း ကလည်း တော့တင်ဟမ် ရဲ့ အုပ်စုမှာ တကယ် ကောင်းခဲ့ပါတယ်။ ဘယ်အသင်းမှ မလွယ်ပါဘူး။ ယူနိုက်တက်ဟာ အုပ်စု ဒုတိယနေရာသာ ရခဲ့တာကြောင့် လိုအပ်တာထက် ပိုပြီး ခက်ခဲအောင် လုပ်သလို ဖြစ်သွားခဲ့ပါတယ်။ ဒါပေမယ့်လည်း ယူနိုက်တက်ဟာ ဘာစီလိုနာနဲ့ကလွဲပြီး ဘယ်အသင်းနဲ့ပဲ တွေ့တွေ့ နောက်တဆင့်ကို တက်ဖို့ ရေပန်းစားပါတယ်။”

SM