မာတီနက်ရဲ့ အရပ်အမောင်းနဲ့ ပက်သက်ပြီး ဝေဖန်မှုတွေကို တုန့်ပြန်လိုက်တဲ့ ဗန်ဒိုက်

လီဗာပူး နောက်ခံလူ ဗာဂျယ်ဗန်ဒိုက်က မန်ချက်စတာယူနိုက်တက် စတား လီဆန်ဒရိုမာတီနက်ဇ်နဲ့ ပက်သက်တဲ့ ဝေဖန်မှုတွေကို ပယ်ချလိုက်ကာ အာဂျင်တီးနားသားဟာ အရပ်အမောင်း မြင့်မားမှု မရှိပေမယ့် သူဟာ ဘယ်လောက်ကောင်းတဲ့ ကစားသမားလဲ ဆိုတာ အားလုံးကို ပြသထားခဲ့ပြီး ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။

မာတီနက်ဇ်ဟာ ပြီးခဲ့တဲ့ နွေရာသီက အိုင်ယက်ကနေ မန်ယူနိုက်တက်ကို ပေါင် ၅၇ သန်းနဲ့ ပြောင်းလာခဲ့သူ ဖြစ်ပြီး ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ် ၂ ပွဲမှာ ဘရိုက်တန် ဘရန့်ဖို့ဒ် တို့ကို ဆက်တိုက် ရှုံးနိမ့်ခဲ့တဲ့ အပြင် မာတီနက်ဇ် ကလည်း အဆိုပါ ပွဲတွေမှာ ရုန်းကန် ခဲ့ရတာကြောင့် တာထွက် မလှပခဲ့ပါဘူး။ မာတီနက်ဇ်ဟာ အဆိုပါ ၂ ပွဲမှာ ဒန်နီဝဲလ်ဘတ် အိုင်ဗန်တိုနီ တို့လို အရပ်အမောင်း မြင့်မားကာ ပါဝါကောင်းတဲ့ သူတွေကို ထိန်းချုပ်နိုင်ရန် ရုန်းကန် ခဲ့ရတာကြောင့် pundit တော်တော်များများက အသက် ၂၄ နှစ်အရွယ် နောက်ခံလူဟာ ၅ ပေ ၇ လက်မ ဆိုတဲ့ အရပ်အမောင်းနဲ့ ပရီးမီးယားလိဂ်မှာ အလုပ်ဖြစ်မှာ မဟုတ်ဘူးလို့ ဝေဖန်ခဲ့ကြပါတယ်။

ကာရေဂါ ကလည်း မာတီနက်ဇ်ရဲ့ အရပ်ပုမှုဟာ ဒီရာသီမှာ ယူနိုက်တက် အတွက် ကြီးမားတဲ့ ပြသနာ ဖြစ်လိမ့်မယ်လို့ သုံးသပ်ခဲ့ပြီး အသင်းတိုင်းဟာ ၎င်းရဲ့ အားနည်းချက်ကို အဓိက ပစ်မှတ်ထား ကစားကြမှာ ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ ဘရန့်ဖို့ဒ် နည်းပြ သောမတ်ဖရန့်ကလည်း သူတို့ဟာ မာတီနက်ဇ်ကို ပစ်မှတ်ထား ကစားခဲ့တယ်လို့ ၀န်ခံခဲ့ပါတယ်။ ဒါပေမယ့်လည်း မာတီနက်ဇ်ဟာ အဲဒီနောက်ပိုင်းမှာ အကောင်းဆုံး ပုံစံနဲ့ ပြန်လာခဲ့ပြီး ကလပ်ရဲ့ နောက်ဆုံး ပွဲစဉ် ၁၁ ပွဲမှာ clean sheet ၆ ကြိမ် ရအောင် စွမ်းဆောင်ပေးခဲ့ပြီး ယူနိုက်တက် ပရိတ်သတ်တွေရဲ့ အချစ်တော် ကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။

ရာသီအစပိုင်းမှာ မာတီနက်ဇ် အပေါ် ဝေဖန်မှုတွေနဲ့ ပက်သက်ပြီး ဗန်ဒိုက်က “လူတွေဟာ အခြား ပြောစရာ မရှိလို့ အရပ်အမောင်း ကွာဟချက်ကို ပြသနာကြီး တစ်ခုလို လုပ်ပြောနေတာပါ။ ဒါဟာ ပြောစရာလိုတဲ့ ကိစ္စတောင် မဟုတ်ပါဘူး။ အကယ်၍ ကိုယ်က အရပ်အမောင်း မြင့်မားတယ် ဆိုရင် နောက်ခံလူ အနေနဲ့ အကူအညီ ဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့်လည်း တစ်ချို့ နေရာတွေမှာတော့ ဒါဟာ အကူအညီ မဖြစ်စေပါဘူး။

သူဟာ ကျွန်တော်တို့နဲ့ ရင်ဆိုင်ကစားခဲ့တဲ့ ပွဲစဉ်မှာ အကောင်းဆုံး ကစားခဲ့ပါတယ်။ သူဟာ ယူနိုက်တက် အတွက် ကောင်းမွန်တဲ့ ခေါ်ယူမှု ဖြစ်ပါတယ်။ တအားကို စိတ်ဓာတ် ပြင်းထန်ကာ ဘောလုံးကိုင်ကစားပုံ ကောင်းမွန်ပါတယ်။ ဒါ့ကြောင့် ကျွန်တော့်ဘက်ကတော့ သူနဲ့ ပက်သက်ပြီး ကောင်းတဲ့ အရာတွေပဲ ပြောစရာ ရှိပါတယ်။ သူ့ရဲ့ အောင်မြင်မှုတွေ အတွက် ကျွန်တော် လေးစားပါတယ်။ သူ ယူနိုက်တက် အတွက် ကောင်းကောင်း လုပ်ပြနိုင်ဖို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် တအားတော့ မအောင်မြင်စေချင်ဘူးပေါ့ဗျာ။” လို့ ဆိုခဲ့ပါတယ်။

မာတီနက်ဇ် အပေါ် Pundit တွေရဲ့ ဝေဖန်မှုတွေ အပေါ် ဗန်ဒိုက်က “ကျွန်တော် ကတော့ အင်္ဂလန်မှာ pundit တွေ အားလုံးဟာ ကစားသမား နည်းပြတွေနဲ့ ပက်သက်ပြီး တစ်စုံတစ်ရာ မဖြစ်မနေ ပြောစရာ ရှာရတဲ့ ပုံစံပဲလို့ ထင်ပါတယ်။ ဒါပါပဲ။ ဒါပေမယ့် ဒါအိုကေပါတယ်။ ဒါဟာ ပြောင်းလဲလို့မှ မရတာပဲ။ ဒါပေမယ့် သူဟာ ကောင်းမွန်တဲ့ performance တွေနဲ့ သက်သေပြထားခဲ့ပြီး ဖြစ်ပါတယ်။ သူ့အနေနဲ့ အခြား အရာတွေနဲ့ ပက်သက်ပြီး စဉ်းစား မနေသင့်ပါဘူး။”

SM