ဘာဆာအတွက် ပေးဆပ်ခဲ့တဲ့ သစ္စာရှင်ကြီး ပီကေး ၊ ထပ်တိုးလာတဲ့ ကမ္ဘာ့ဖလားလွဲသူတွေ နဲ့ . . . နောက်ဆုံးရ အားကစားသတင်းများ

ဘာစီလိုနာ နဲ့ စပိန် ခံစစ်မှူးကြိး ဂျရတ် ပီကေး ဟာ ဘောလုံး ကစားခြင်း ကနေ အနားယူဖို့ ဆုံးဖြတ် လိုက်ပါပြီ ။ လာမယ့် တနင်္ဂနွေနေ့ ၊ နူးကမ့်မှာ ကစားမယ့် လာလီဂါ ပွဲစဉ်ဟာ ပီကေး အတွက် နောက်ဆုံးပွဲ ဖြစ်လာ တော့မှာပါ ။

ပီကေး ဟာ ဘာစီလိုနာ နဲ့ စာချုပ်ကို ဖျက်သိမ်း သွားမှာ ဖြစ်ပြီး သူ ရဖို့ ရှိနေသေးတဲ့ လစာတွေ ၊ စာချုပ် လက်ကျန် သက်တမ်းကနေ ရမယ့် အကျိုးခံစားခွင့် ( လစာအပါအဝင် ) အားလုံးကို မယူဘဲ လျော်ပေးသွားမယ်လို့လည်း သိရပါတယ် ။

ပီကေး ဟာ ဘာစီလိုနာ လူငယ်အသင်းကနေ ထွက်ပေါ်လာသူ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက် မှာ နှစ်အနည်းငယ် ကစားခဲ့ဖူးတာကလွဲရင် ကျန်တဲ့ အချိန်အားလုံးကို ဘာစီလိုနာ တသင်းတည်းမှာသာ ကုန်ဆုံး စေခဲ့သူ ဖြစ်ပါတယ် ။

ပီကေး ဟာ ကလပ် နဲ့ နိုင်ငံ ၂ နေရာစလုံးမှာ အောင်မြင်ခဲ့ပြီး ချန်ပီယံလိဂ် ၊ လာလီဂါ ၊ ပရီးမီးယားလိဂ် ၊ ကိုပါဒယ်ရေး ဖလားတွေ အပြင် ကမ္ဘာ့ဖလား နဲ့ ယူရို ဖလားတွေကိုပါ ရယူနိုင်ခဲ့ဖူးသူ ဖြစ်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် က စိတ်ဝင်စား နေတယ်လို့ သတင်းထွက်နေတဲ့ ပေါ်တို ဂိုးသမား ဒီယေဂို ကော်စတာ ကတော့ အသင်းနဲ့ ၂၀၂၇ ခုနှစ် အထိ စာချုပ် သက်တမ်းတိုး ချုပ်ဆို သွားခဲ့ပါပြီ ။

ဘောလုံး ရာသီအလယ်မှာ ကျင်းပမယ့် ကမ္ဘာ့ဖလား ကို ဒဏ်ရာကြောင့် လွဲချော်မယ့် ကစားသမားတွေ တဖြည်ဖြည်း များလာခဲ့ပါပြီ ။ မနေ့ညက ထွက်လာတဲ့ သတင်းတွေ အရ လိုက်ပ်ဇ် တိုက်စစ်မှူး တီမိုဗာနာ ဟာလည်း ခြေကျင်းဝတ် ဒဏ်ရာကြောင့် ဂျာမနီ နဲ့ ကမ္ဘာ့ဖလားကို လိုက်ပါနိုင်တော့မှာ မဟုတ်ဘူးလို့ သိရပါတယ် ။

ချဲလ်ဆီး နောက်ခံလူ ဘန်ချီဝဲလ် ဟာလည်း တံကောက်ကြော ဒဏ်ရာ ရရှိခဲ့ကြောင်း ဆေးစစ်မှု ရလဒ် ထွက်လာ ခဲ့ပြီး ကမ္ဘာ့ဖလားကို လွဲဖို့ သေချာသလောက် ရှိသွားခဲ့ရပြီ ဖြစ်ပါတယ် ။

ဘာစီလိုနာ တိုက်စစ်မှူး မမ်းဖစ် ဒီပိုင်း ကတော့ ကမ္ဘာ့ဖလား မတိုင်ခင် ဒဏ်ရာ ထပ်ရမှာကို မလိုလား တာကြောင့် လက်ရှိ ဒဏ်ရာ ကုသနေမှုကို အမြန်ပြန် ကောင်းမလာအောင် အချိန်ဆွဲ နေတယ်ဆိုတဲ့ ဝေဖန်မှုတွေ ဟာ မမှန်ကန်ကြောင်း နဲ့ သူ့ရဲ့ ပရော်ဖက်ရှင် အလုပ် အပေါ် လေးစားမှု အပြည့် ရှိကြောင်း ပြန်လည် ဖြေရှင်း သွားခဲ့ ပါတယ် ။

စပါး ရဲ့ အာဂျင်တီးနား ခံစစ်မှူး ခရစ်ရှန် ရိုမဲရိုး ကတော့ ကမ္ဘာ့ဖလား ကို ပါဝင်ဆင်နွဲ နိုင်ဖို့ အတွက် ဒဏ်ရာ ကနေ အပြည့်အ၀ ကြံ့ခိုင်အောင် လုပ်ဆောင်သွားမှာ ဖြစ်ပြီး ကလပ် အသင်းရဲ့ ကမ္ဘာ့ဖလားမတိုင်ခင် ပွဲစဉ် ၃ ပွဲလုံးကို ပါဝင် နိုင်တော့မှာ မဟုတ်ဘူးလို့ ကြားသိရ ပါတယ် ။

 

ဝုဗ် အသင်း ကတော့ စပိန် နည်းပြ လိုပီတီဂွီ ကို အကြိမ်ကြိမ် ကြိုးစား အပြီးမှာ နည်းပြသစ် အဖြစ် ခန့်အပ် နိုင်တော့မယ်လို့ သိရ ပါတယ် ။ ဆီဗီးလား ၊ ရီးရဲမက်ဒရစ် နဲ့ စပိန် နည်းပြဟောင်း ဟာ လာမယ့် အာဆင်နယ် နဲ့ ပွဲ မတိုင်ခင် မှာ ဝုဗ် ကို စတင် တာဝန်ယူနိုင်ချေ ရှိနေပါတယ် ။

လက်စတာ နည်းပြ ရော်ဂျာ က ကွင်းလယ်လူ တီလေမန်းစ် ကို အသင်းမှာ ဆက်လက် ရှိနေဖို့ မျှော်လင့် ထားပြီး စာချုပ်သစ် ချုပ်ဆို သွားနိုင်မယ်လို့ ယူဆထားကြောင်း ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

အေစီမီလန် ၊ ဘာစီလိုနာ တို့ဆီ ပြောင်းရွှေ့ဖို့ ဂျော်ဂျင်ဟို စိတ်ဝင်စား နေတယ်ဆိုတဲ့ သတင်းတွေကို အေးဂျင့် ဖြစ်သူက ငြင်းဆန်သွားခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဟာ ဂန္ထဝင် နည်းပြကြီး ဆာ မတ် ဘတ်စ်ဘီ ရဲ့ လက်ထောက် အဖြစ် လုပ်ကိုင်ခဲ့ဖူးပြီး အသင်းရဲ့ ဂန္ထဝင် တဦးလည်း ဖြစ်ခဲ့တဲ့ ဂျင်မီမာဖီ ရဲ့ ရုပ်တု ကို အိုးထရက်ဖိုဒ့် ကွင်းရှေ့မှာ ထုလုပ် ဂုဏ်ပြု သွားတော့မယ်လို့ သိရပါတယ် ။

လက်ရှိ မှာလည်း ယူနိုက်တက် ဟာ တနှစ်တာ အကောင်းဆုံး လူငယ် ကစားသမားဆုကို ဂျင်မီမာဖီ ဆု အဖြစ် အမည်ပေးအပ်ကာ ဂုဏ်ပြုပေးထားပြီး ဖြစ်ပါတယ် ။

ဖီဖာ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ အင်ဖန်တီနို က ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် အသင်းတွေ အနေနဲ့ ဘောလုံးကိုသာ အဓိက အာရုံစိုက် ကစားကြပြီး အိမ်ရှင် ကာတာ မှာ ဖြစ်ခဲ့တဲ့ လူ့အခွင့်အရေး နဲ့ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေအကြောင်းကို အသားပေး ဖော်ထုတ်ခြင်း မပြုကြဖို့ မေတ္တာရပ်ခံကြောင်း ပြိုင်ပွဲဝင် ၃၂ သင်းထံ ရေးသား ပေးဖို့ခဲ့တယ်လို့ သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။

ယမန်နေ့ ညက ကစားခဲ့တဲ့ ယူရိုပါလိဂ် အုပ်စု နောက်ဆုံး ပွဲစဉ်တွေ အပြီးမှာတော့ အာဆင်နယ် ၊ ဖီနာဘာချီ ၊ ရီးရဲဘက်တစ် ၊ ယူနီယံ စိန့် ၊ ရီးရဲ ဆိုဆီဒက် ၊ ဖီယင်နော့ ၊ ဖရိုင်းဘတ် နဲ့ ဖီယံဗားရိုစ့် အသင်းတွေဟာ အုပ်စု ပထမ နေရာကို ရယူနိုင်ခဲ့ ကြပါတယ် ။ ဒါကြောင့် သူတို့ဟာ ၃၂ သင်းဆင့် ကို ကျော်လွန်ပြီး ၁၆ သင်းဆင့် ကနေမှသာ ပြန်လည် ကစားရတော့မှာပါ ။ ပွဲကြပ်မယ့် ဖေဖော်ဝါရီ ကို ဒီအသင်းတွေ ရှောင်လွှဲ နိုင်ခဲ့ပါပြီ ။

မန်ချက်စတာ ယူနိုက်တက် ကတော့ အဝေးကွင်းမှာ ရီးရဲ ဆိုဆီဒက် ကို နိုင်ခဲ့ပေမယ့် လုံလောက်တဲ့ ဂိုးအရေ အတွက် မရခဲ့တာကြောင့် အုပ်စု ဒုတိယ နဲ့သာ ကျေနပ်ခဲ့ရပြီး ၃၂ သင်းဆင့်ကို ယှဉ်ပြိုင် ရတော့မှာပါ ။

ယူနိုက်တက် အပါအဝင် အုပ်စု ဒုတိယအသင်း ၈ သင်းဟာ ချန်ပီယံလိဂ် ကနေ ဆင်းလာမယ့် ၈ သင်းနဲ့ မဲနှိုက်ပြီး ၃၂ သင်းဆင့် ရှုံးထွက် ပွဲစဉ်တွေကို ၂၀၂၃ ဖေဖော်ဝါရီလ ထဲမှာ ယှဉ်ပြိုင် ကစားသွားကြရမှာပဲ ဖြစ်ပါတယ် ။

ချန်ပီယံလိဂ် နဲ့ ယူရိုပါလိဂ် ရှုံးထွက် ပွဲစဉ်တွေ အတွက် မဲခွဲပွဲ ကိုတော့ လာမယ့် နိုဝင်ဘာလ ၇ ရက်နေ့မှာ ပြုလုပ် သွားမှာပဲ ဖြစ်ပါတယ် ခင်ဗျာ . . . . . ။

 

SPORTS MYANMAR