ဒိုင်နမိုဇာဂရက်နဲ့ ပွဲရဲ့ Man of the Match ဆုနဲ့ မထိုက်တန်ကြောင်း ဝန်ခံရင်း ၊ MOTM ဖြစ်သင့်တဲ့ ချဲလ်ဆီး အသင်းဖော်ကို ထုတ်ပြောလာတဲ့ မေဆင်မောင့်

ချဲလ်ဆီး အသင်းဟာ တမြန်နေ့ညက ကစားခဲ့တဲ့ ဒိုင်နမိုဇာဂရက် အသင်းနဲ့ ချန်ပီယံလိဂ် အုပ်စု နောက်ဆုံး ပွဲစဉ်မှာ အဖွင့်ဂိုး စောစောစီးစီး ပေးခဲ့ရပေမယ့် ၊ နာရီဝက် အတွင်း ချေပဂိုးရော ၊ အနိုင်ဂိုးပါ သွင်းယူခဲ့ကာ ၊ ၂ – ၁ ရလဒ်နဲ့ comeback နိုင်ပွဲ ရခဲ့ပါတယ် ။

ချန်ပီယံလိဂ် ၁၆သင်း ရှုံးထွက်အဆင့်ကို အုပ်စုဗိုလ် အဖြစ်နဲ့ တက်ရောက်ထားပြီး ဖြစ်ပေမယ့် ၊ ချဲလ်ဆီး နည်းပြ ဂရေဟမ် ပေါ်တာဟာ ထိုပွဲမှာ ပထမဆုံး debut ပွဲထွက်ခွင့် ရခဲ့တဲ့ ဆွစ်ဇာလန် လက်ရွေးစင် ကွင်းလယ်လူ ဒင်းနစ် ဇာကာရိုင်းယားက လွဲကာ ၊ ကျန်တဲ့ ၁၀နေရာမှာ အင်ပြည့်အားပြည့် အသုံးပြုသွားခဲ့ပါတယ် ။

စတာလင် ဂိုးပေါက် ပျောက်ဆုံးမှုကို ရပ်တန့်နိုင်ခဲ့တာက လွဲရင် ၊ ဒီပွဲဟာ ဇာကာရိုင်းယား အထူး ခြေစွမ်းပြခဲ့တဲ့ ပွဲလို့ ဆိုရမှာ ဖြစ်ပါတယ် ။ အဆုံးအဖြတ် အနိုင်ဂိုးကို ပင်နယ်တီ ဧရိယာ ထိပ်နားကနေ လှလှပပ အဆုံးသတ်ခဲ့တဲ့ ဇာကာရိုင်းယား ဟာ တပွဲလုံး ပျမ်းမျှ ခြေစွမ်း အရလည်း ပြောစရာမရှိအောင် ကောင်းခဲ့ပါတယ် ။

သို့ပေမယ့် ပွဲအပြီးမှာ BT Sport ရုပ်သံဌာနက ဇာကာရိုင်းယားထက် သွင်းဂိုးမရ ၊ ဂိုးဖန်တီးမှုလည်း မရှိ ၊ ခြေစွမ်း အသင့်အတင့်သာ ပြသနိုင်ခဲ့တဲ့ အင်္ဂလန် လက်ရွေးစင် ကွင်းလယ်လူ မေဆင်မောင့်ကို Man of the Match ဆု ချီးမြှင့်ခဲ့ပါတယ် ။

ပွဲအပြီး အင်တာဗျူးမှာတော့ မေဆင်မောင့် က ဒီဆုနဲ့ သူနဲ့ မထိုက်တန်ကြောင်း ထုတ်ဖော် ဝန်ခံရင်း ၊ ရှေ့ပွဲတွေမှာ Man of the Match ဆု ရခဲ့ရာမှာ အသင်းဖော်တွေရဲ့ စနောက်ခြင်းကို ခံခဲ့ရကြောင်းနဲ့ ထိုပွဲမှာ ဇာကာရိုင်းယားကသာ MOTM ဖြစ်သင့်ကြောင်း အခုလိုပဲ ပွင့်ပွင့်လင်းလင်း ဖွင့်ဟလာပါတယ် ။

မေဆင်မောင့် က ” ဒီနေ့မှာ ကျွန်တော်တို့ ကစားပုံ အပြောင်းအလဲ အနည်းငယ် လုပ်ခဲ့ပါတယ် ။ ဒါက ကျွန်တော့ကို ဘောလုံးနဲ့ အတူ လိုက်ပါ ကစားတဲ့ နေရာ ၊ တိုက်စစ် လိုက်ပါတဲ့ နေရာမှာ ပိုပြီး လွတ်လပ်မှု ရှိစေပါတယ် ။ ကျွန်တော် အဲဒီ နေရာမျိုးမှာ ကစားရတာ အဆင်ပြေပါတယ် ။ ”

” ကျွန်တော့ အတွေးထဲမှာ ဆိုးရွားတဲ့ အကြောင်းအရာတွေ ရောက်နေတဲ့ အခိုက်အတန့်မျိုးတွေမှာ ဘောလုံး ခဏခဏ မှားပေးတတ်ပါတယ် ။ ဒါက ကျွန်တော့ရဲ့ သဘာဝပါပဲ ။ ပွဲပြီးတဲ့အခါ ကျွန်တော် ဒါမျိုးတွေ ပြန်ပြီး တွေးတော သုံးသပ်တတ်ပါတယ် ။ ”

” ဒါပေမယ့် ဒီနေ့မှာ ကျွန်တော် ကောင်းတဲ့ အရာ အချို့ လုပ်နိုင်ခဲ့တာကြောင့် ဒီဆုကို ကျွန်တော် လက်ခံလိုက်ပါမယ် ။ နောက်ဆုံး ကစားခဲ့တဲ့ ပွဲအနည်းငယ်မှာ အသင်းဖော်တွေက ကျွန်တော့ကို ကစားပုံ မငြိမ်သက်မှုကြောင့် စနောက် တိုက်ခိုက်တာမျိုးတွေ ရှိထားပါတယ် ။ ”

” ဒီနေ့မှာလည်း သူတို့က ကျွန်တော် ဒီဆုနဲ့ ထိုက်တန်ခြင်း မရှိဘူးလို့ ယူဆနေကြပါတယ် ။ ဒါပေမယ့် ကျွန်တော် ကိုယ်တိုင်လည်း ဒီနေ့မှာ Man of the Match ဆုနဲ့ ထိုက်တန်မှု ရှိတယ်လို့ မမြင်မိပါဘူး ။ ဒင်းနစ် ဇာကာရိုင်းယားက ဒီနေ့မှာ လုံးဝ အံ့သြဖွယ်ကောင်းခဲ့ပါတယ် ။ ”

” သူကသာ ကျွန်တော့ထက် Man of the Match ဆုနဲ့ ပိုပြီး ထိုက်တန်တာပါ ။ ရှေ့မှာ ကစားခွင့် လုံးဝ မရခဲ့ပဲနဲ့ အခုအခါမှ စတင် ပွဲထွက်ခွင့် ရတဲ့ အချိန် ခြေစွမ်း တန်းပြနိုင်တာက ပြောင်မြောက်လွန်းလှပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR