တီယာနေး ရဲ့အစွမ်းပြမှုနဲ့ ဂန်းနားတို့ ၁၆ သင်း အဆင့် ကို တိုက်ရိုက် တက်လှမ်းသွားခဲ့တဲ့ ပွဲမှ ထူးထူးခြားခြား ပြောစရာ ဖြစ်ခဲ့တဲ့ အချက် ၅ ချက်

ယနေ့ နံနက် အစောပိုင်းမှာ ကစားခဲ့တဲ့ ယူရိုပါလိဂ် အုပ်စု နောက်ဆုံး ပွဲစဉ်မှာ အိမ်ရှင် အာဆင်နယ် အသင်းဟာ ဆွစ်ဇာလန် ကလပ် ဇူးရစ်ချ် အသင်းကို အနိုင်ရပြီး အုပ်စု ပထမနဲ့ ၁၆ သင်း အဆင့် ကို တိုက်ရိုက် တက်လှမ်း သွားခဲ့ပါတယ် ။အာဆင်နယ် အသင်း အတွက် တစ်လုံးတည်းသော သွင်းဂိုးကိုတော့ နောက်ခံလူ တီယာနေး က သွင်းယူ ခဲ့တာပါ ။

အာဆင်နယ် ၁-၀ ဇူးရစ်ချ် ပွဲမှ ထူးထူးခြားခြား ပြောစရာ ဖြစ်ခဲ့တဲ့ အချက် ၅ ချက်ကတော့

၁ ။ ဒီရာသီ ပထမဆုံး သွင်းဂိုး ရသွားခဲ့တဲ့ တီယာနေး

ဒီနှစ် ဘောလုံးရာသီဟာ တီယာနေး အတွက် တကယ့်ကို မလွယ်ကူတဲ့ နှစ်တစ်နှစ်ပါ ။ ပရီးမီးယားလိဂ် မှာ သူ့ရဲ့ ဘယ်နောက်ခံလူ နေရာကို တိုမီယာစု ထံ ပေးခဲ့ရပြီး ယူရိုပါလိဂ် မှာပဲ ပွဲထွက် ကစားနေခဲ့ရပါတယ် ။ ဒီကနေ့မှာတော့ တီယာနေး ဟာ သူ့ရဲ့ အကောင်းဆုံး ခြေစွမ်းကို ပြသ သွားခဲ့ပြီး အာဆင်နယ် အတွက် အဖိုးတန် အနိုင်ဂိုးကိုလည်း သွင်းယူ ပေးခဲ့ပါတယ် ။

ဒီနေ့မှာ စကော့တလန်သားဟာ တိုက်စစ် ကို အကြိမ်ကြိမ် overlap လိုက်ပါခဲ့ပြီး ဘယ်တောင်ပံက အန်ကီတီးယား နဲ့ အချိတ်အဆက် မိခဲ့ပါတယ် ။ သူ့ရဲ့ ပေးပို့မှုကို ဗီအဲရာ အသုံးမချ နိုင်ခဲ့တာကြောင့် ဂိုးဖန်တီးမှု ရရှိမယ့် အနေအထား နဲ့ လွဲချော် ခဲ့ရပါတယ် ။ တီယာနေး က ခြေစွမ်းကောင်းတွေ ပြန်ရလာပြီး ဇင်ချန်ကို ကလည်း ကြံ့ခိုင်မှု ပြန်ကောင်းလာတာကြောင့် အာဆင်နယ် အသင်းရဲ့ ဘယ်ခြမ်းကတော့ တကယ့်ကို အားရစရာပါပဲ ။

၂ ။ လာခြင်းကောင်းတဲ့ အယ်နီနီ

ပြီးခဲ့တဲ့ ဩဂုတ်လမှာ ရခဲ့တဲ့ ဒဏ်ရာကြောင့် အနားယူ နေခဲ့ရတဲ့ အီဂျစ်သားကြီးဟာ ဒီတစ်ပတ်ထဲမှာ လေ့ကျင့်ခန်း ပြန်ဆင်း နိုင်ခဲ့ပြီး ဇူးရစ်ချ် နဲ့ ပွဲမှာပါ ပွဲထွက် ကစားသွားခဲ့ပါတယ် ။ အယ်နီနီ ပြန်ကစားနိုင်မှုဟာ အာဆင်နယ် အသင်း ကွင်းလယ်ကို ပိုမို အင်အားတောင့်တင်း သွားစေခဲ့ပြီး ရှာကာ ၊ ပါတေး တို့ကိုလည်း အနားပေးလို့ ရသွားခဲ့ပါတယ် ။ ဒါပေမယ့်လည်း အယ်နီနီ နဲ့ ပါတေး ကြား ခြားနားမှု က ကြီးမားတာကြောင့် အာဆင်နယ် အနေနဲ့ ပါတေး နေရာ အစားဝင်နိုင်မယ့် ကွင်းလယ်လူ ခေါ်နိုင်ဖို့ လိုအပ် နေပါသေးတယ် ။

၃ ။ လိုအပ်ချက်တွေ များနေဆဲ ဗီအဲရာ

ပြီးခဲ့တဲ့ နွေရာသီမှာ အာဆင်နယ် အသင်း ကို အံ့အားသင့်ဖွယ် ရောက်လာခဲ့တဲ့ ဗီအဲရာ ဟာ ရောက်ရောက်ချင်းမှာ ဒဏ်ရာ ပြဿနာ ရှိနေတာကြောင့် မကစားနိုင်ခဲ့ပါဘူး ။ ဒီနေ့ပွဲကတော့ သူ့အတွက် ဒီရာသီ ၁၃ ပွဲမြောက် ဖြစ်ပြီး ၇ ပွဲမြောက် ပွဲထွက် ကစားခွင့် ရတဲ့ ပွဲပါ ၊ အဲ့ဒီ ၇ ပွဲမှာ ခြောက်ပွဲက ယူရိုပါလိဂ် မှာ ပွဲထွက် ကစားခွင့် ရထားတာ ဖြစ်ပါတယ် ။

ဒါပေမယ့်လည်း ဗီအဲရာ ဟာ နောက်ပိုင်း ပွဲစဉ်တွေမှာ ခြေစွမ်းပိုင်း လိုအပ်ချက်တွေ များနေခဲ့ပြီး ဒီနေ့ပွဲမှာလည်း ဂိုးသွင်းခွင့်တွေ ရခဲ့ပေမယ့် သွင်းဂိုး အဖြစ် ပြောင်းလဲ နိုင်ခဲ့ခြင်း မရှိပါဘူး ။ တီယာနေး ဖြတ်ချိုးပေးလိုက်တဲ့ ဘောလုံးဆို သူ့အတွက် လုံးဝ ပြီးပြည့်စုံတဲ့ အနေအထား ဖြစ်ပေမယ့် သူ့ရဲ့ကန်ချက်က ပြိုင်ဘက် နောက်ခံလူ နဲ့ပဲ ထိထွက် သွားခဲ့ပါတယ် ။ ဇူးရစ်ချ် နဲ့ ပွဲမှာ အာဆင်နယ် အသင်းရဲ့ အားအနည်းဆုံး ကစားသမားတွေထဲက တစ်ဦးပါပဲ ။

၄ ။ ဂိုးပေါက်ဆက်ပျောက်နေတဲ့ ကပ္ပတိန် ဂျေးဇု

အော်ဒီဂတ် နဲ့ ရှာကာ တို့ ပွဲထွက် လူစာရင်းမှာ မပါဝင်ချိန်မှာ ဂါဘရီရဲလ် ဂျေးဇု ဟာ ဒီရာသီ ပထမဆုံး အကြိမ် အသင်း ခေါင်းဆောင် အဖြစ် ပွဲထွက် လာခဲ့ပါတယ် ။ နည်းပြ အာတေတာ ကိိုယ်တိုင် က ဂျေးဇု သွင်းဂိုး ပြန်ရပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှု ပြန်လည် မြင့်တက်စေချင်တဲ့ ရည်ရွယ်ချက် နဲ့ ပွဲထွက်ခွင့် ပေးခဲ့တာ ဖြစ်နိုင်ပါတယ် ၊ ဒါပေမယ့်လည်း ဂျေးဇု ဟာ ဒီနေ့လည်း ဂိုးပေါက် ထပ်ပျောက်နေခဲ့ပြန်ပါတယ် ။ ပွဲချိန်အတွင်း ဂိုးကံခေနေမှုကို အဆုံးသတ်ဖို့ အခွင့်အရေး ရခဲ့သေးပေမယ့် အသုံးချ နိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး ။

၅ ။ ထူးခြားတဲ့ မှတ်တမ်းတစ်ခု နဲ့ အက်ဒီ

အာဆင်နယ် အသင်းရဲ့ကျောနံပါတ် ၁၄ ပိုင်ရှင် အက်ဒီ အန်ကီတီးယား ဟာ ဒီရာသီ အာဆင်နယ် အသင်းရဲ့ ပွဲစဉ် အားလုံးမှာ ပါဝင် ကစားခွင့် ရရှိတဲ့ တစ်ဦးတည်းသော ကစားသမားပါ ။

ဇူးရစ်ချ် နဲ့ ပွဲမှာ အက်ဒီ ဟာ ဘယ်ခြမ်း တိုက်စစ်မှာ ကစားခဲ့ပြီး တီယာနေး နဲ့ link-up play ကောင်းကောင်း ကစား နိုင်ခဲ့ပါတယ် ၊ သူ့ရဲ့ ခေါင်းတိုက်ချက် တစ်ကြိမ် ဂိုးရဖို့ နီးစပ် ခဲ့ပေမယ့် ပြိုင်ဘက် ဂိုးသမား လက်စွမ်းပြ ကာကွယ် သွားခဲ့ပါတယ် ။

SM