ဇူးရစ်ချ် နဲ့ ပွဲမှာ ဒဏ်ရာ ပြဿနာ ရှိခဲ့ကြတဲ့ တီယာနေး နဲ့ တိုမီယာစု တို့ရဲ့ အခြေအနေ ဘယ်လို ရှိသလဲ ?,,,,,,,,,

 

အာဆင်နယ် အသင်းဟာ ဒီနေ့ မနက်ပိုင်း ကစားခဲ့တဲ့ ယူရိုပါလိဂ် အုပ်စု နောက်ဆုံး ပွဲစဉ်မှာ ဇူးရစ်ချ် အသင်းကို ဘယ်နောက်ခံလူ တီယာနေး ရဲ့ တစ်လုံးတည်းသော သွင်းဂိုး နဲ့ အနိုင်ရကာ အုပ်စု ပထမ နေရာ ကို ရရှိ သွားခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ အုပ်စု ပထမနေရာ အရ ယူနိုင်ခဲ့တာကြောင့် ၁၆ သင်း အဆင့်ကို တိုက်ရိုက် တက်လှမ်း နိုင်ခဲ့ပြီး ချန်ပီယံလိဂ် ကနေ ဆင်းလာတဲ့ အသင်းတွေ နဲ့ play-off ကစားရမယ့် အနေအထား ကို ရှောင်ရှားနိုင်ခဲ့ပါတယ် ။

ဇူးရစ်ချ် ကို အနိုင်ရခဲ့တဲ့ပွဲမှာ အာဆင်နယ် နောက်ခံလူ တိုမီယာစု ဟာ ဒဏ်ရာ ရသွားခဲ့ပြီး ဆစ်ဒရစ် နဲ့ လူစားလဲလိုက်ရပါတယ် ။ တိုမီယာစု ဟာ လူစားဝင် ကစားပြီး ၁၅ မိနစ် အကြာမှာပဲ အရင် ရခဲ့ဖူးတဲ့ ဒဏ်ရာ ပြန်ရသွားခဲ့တာကြောင့် ကွင်းထဲကနေ ပြန်လည် ထွက်ခွာ သွားခဲ့ရတာပါ ။

 

 

အာဆင်နယ် နည်းပြ အာတေတာ ကတော့ ပွဲအပြီးသတင်းစာ ရှင်းလင်းပွဲမှာ တိုမီယာစု ရဲ့ဒဏ်ရာဟာ ပြင်းထန်မှု ရှိသလား ဆိုတာ အတည်မပြု နိုင်သေးကြောင်း ဆိုပြီး လိုအပ်တဲ့ စမ်းသပ် စစ်ဆေးမှုတွေ လုပ်ရဦးမှာ ဖြစ်ကြောင်း ပြောကြား သွားခဲ့ပါတယ် ။

” တိုမီ ရဲ့ အခြေအနေ ဘယ်လို ရှိသလဲ ဆိုတာ ကျွန်တော်တို့ မသိရသေးပါဘူး ။ သေချာတာ တစ်ခုကတော့ သူ ကြွက်သား ဒဏ်ရာ ရသွားခဲ့တာပါ ၊ ဒါကြောင့် သူ့ကို လူစားပြန်လဲလိုက်ရတာ ဖြစ်ပါတယ် ၊ ကျွန်တော်တို့ သူ့ကို ဆက်ကစားစေပြီး မစွန့်စားချင်တာကြောင့်ပါ ၊ လာမယ့် ၄၈ နာရီ အတွင်း သူ့ကို စမ်းသပ်စစ်ဆေးမှုတွေလုပ်ပြီး ဘာဖြစ်သွားခဲ့သလဲဆိုတာ အဖြေရှာမှာ ဖြစ်ပါတယ် ။ ” လို့ ဖြေကြား သွားခဲ့ပါတယ် ။

တိုမီယာစု ဟာ ဂျပန် အသင်းရဲ့ ကမ္ဘာ့ဖလား လူစာရင်းမှာ ရွေးချယ် ခံထားရသူ ဖြစ်ပြီး အခု ဒဏ်ရာ ပြဿနာကြောင့် ကမ္ဘာ့ဖလားမှာ ပါဝင် ကစားနိုင်ပါ့မလား ဆိုတာ သံသယ ဖြစ်စရာ အနေအထားကို ရောက်နေ ခဲ့ပါပြီ ။ တိုမီယာစု ဟာ လာမယ့် ချဲလ်ဆီးနဲ့ ပွဲကိုတော့ လွဲချော်ဖို့ သေချာသလောက် ဖြစ်နေပါတယ် ။

အာဆင်နယ် အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုး ကို သွင်းယူ ပေးခဲ့တဲ့ တီယာနေး ဟာလည်း ပွဲအပြီးမှာ ဆေးဝန်ထမ်း အချို့ နဲ့ စမ်းသပ် စစ်ဆေးမှု အချို့ လုပ်ခဲ့ရပါတယ် ။ ဒါပေမယ့်လည်း တီယာနေး က သူ့ရဲ့ အခြေအနေဟာ စိုးရိမ်စရာ လုံးဝ မရှိကြောင်း အတည်ပြု ပြောကြား သွားခဲ့ပါတယ် ။

 

” အားလုံး အဆင်ပြေပါတယ် ၊ ကျွန်တော် ဘာဒဏ်ရာ ပြဿနာ မှ မရှိပါဘူး ၊ ခြေချင်းဝတ်မှာ အနည်းငယ် ပွန်းသွား ခဲ့တာပါ ၊ နည်းနည်း ဖောင်းနေခဲ့ပေမယ့် အဆင်ပြေပါတယ် ။ ” လို့ သတင်းကောင်းပါး သွားခဲ့ပါတယ် ။

SM