ဆိုစီဒတ် နဲ့ နိုင်ပွဲအပြီး ဘာကြောင့် လူစားတွေလဲခဲ့ရတာလဲ ၊ မက်ဂွားယားကို ဘာဖြစ်လို့ တိုက်စစ်ကစားစေခဲ့တာလဲဆိုတာ ရှင်းပြလိုက်တဲ့ တန်ဟတ်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြ ဖြစ်သူ အဲရစ် တန်ဟတ် က စပိန်မြေမှာ ရီးယဲ ဆိုစီဒတ် အသင်းကို 2 ဂိုးပြတ် နိုင်ဖို့ လိုအပ်ခဲ့တဲ့ ပွဲစဥ်မှာ ဒုတိယပိုင်း စွန့်စားမှုတွေ ပြုလုပ်ဖို့ လိုအပ်နေခဲ့ကြောင်း ပွဲစဥ်အပြီး သတင််းစာရှင်းလင်းပွဲမှာ ပြောခဲ့လိုက်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီ​နေ့ နံနက်မှာတော့ စပိန်မြေမှာ ရီးယဲ ဆိုစီဒတ် အသင်းနဲ့ ယူရို ပါလိဂ် အုပ်စု နောက်ဆုံး ပွဲစဥ် ကစားခဲ့ရပြီး 1 – 0 ဆိုတဲ့ ရလဒ်နဲ့ အနိုင်ယူ သွားနိုင်ခဲ့ပါတယ် ။ ဒါပေမဲ့ အုပ်စု ဒုတိယအဖြစ််နဲ့သာ ကျေနပ်ခဲ့လိုက်ရပါတယ် ။

ဒီပွဲမှာတော့ ယူနိုက်တက်တို့ ဘောလုံး ပိုင်ဆိုင်မှု အသာစီိး ရယူနိုင်ခဲ့ပြန်ပေမဲ့ ဂိုးပေါက်ခြိမ်းခြောက်မှု သိပ်မလုပ်နိုင်ခဲ့ပါဘူး ။ ယူနိုက်တက်အတွက် တစ်လုံးထဲသော ဂိုးကိုတော့ လူငယ်လေး ဂါနာချို က ပွဲချိန် 17 မိနစ်မှာ သွင်းယူပေးခဲ့တာပဲ ဖြစ်ပါတယ် ။

အဲ့ဒီနောက် ယူနိုက်တက်တို့ရဲ့ ကစားပုံ ထူးကဲမလာခဲ့တဲ့ အတွက် ပွဲချိန် 58 မိနစ်မှာ တန်ဟတ် က ဗန်ဒီ ဘိခ် နေရာမှာ ရပ်ရှ်ဖို့ ၊ လင်ဒီလော့ဖ် နေရာမှာ တော်မီနေး တို့ကို ထည့်သွင်းခဲ့ပါတယ် ။ ဒါ့အပြင် ပွဲချိန် 82 မိနစ်မှာ အဲရစ်ဆင််ရဲ့ နေရာမှာ ဖရက်ဒ် ၊ ဂါနာချို နဲ့ နေရာမှာ မက်ဂွားယား တို့ကို ထည့်သွင်းခဲ့ပါတယ် ။

ဒီပွဲမှာတော့ မက်ဂွားယားဟာ ပြိုင်ဖက် ခံစစ်ဖက်မှာပဲ ရှိနေခဲ့တာက အံ့သြစရာ ဖြစ်ခဲ့ရပါတယ် ။ အခုတော့ ပွဲစဥ် အပြီး သတင်းစာ ရှင်းလင်းပွဲမှာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟတ် က ဘာကြောင့် အခုလို ကစားသမား နဲ့ ကစားကွက် အပြောင်းအလဲတွေ လုပ်ခဲ့ရသလဲဆိုတာကို ရှင်းပြသွားခဲ့လိုက်ပါတယ် ။

” ပထမဆုံး အနေနဲ့ ပြောရရင် ဒွန်နီ (ဗန်ဒီ ဘိခ်) ဟာ ပွဲမကစားရတာ ကြာခဲ့ပါပြီ ။ သူ မိနစ် 90 လုံး မကစားပေးနိုင်သေးဘူးလေ ။ ဒါ့ကြောင့် မိနစ် 60 လောက်မှာ သူ့ကို လူစားလဲခဲ့ရပါတယ် ။ အဲ့ဒီ အချိန်မှာ ကျွန်တော်တို့တွေ ဂိုးလိုနေခဲ့တဲ့အတွက် တိုက်စစ် အားသန်သူတွေ ထည့်သွင််းခဲ့ရပါတယ် ”

” ပြီးတော့ ကွင်းလယ်မှာလည်း 4 ယောက် 4 ယောက်စီ ယှဥ်ကစားစေဖို့ လိုအပ်ခဲ့ပါတယ် ။ အဲ့လိုမျိုး အချိန်မှာ ကျွန်တော်တို့ဟာ စွန့်စားမှု လုပ်ခဲ့ရတာပါပဲ ။ လင်ဒီလော့ဖ် က မာတီနက်ဇ်နဲ့ တွဲကစားတာ ကောင်းမွန်လာခဲ့ပါပြီ ။ ဒါပေမဲ့ တနင်္ဂနွေနေ့က သူနေမကောင်းဖြစ်ခဲ့ချိန် မက်ဂွားယား ဝင်လာခဲ့ပြီး ကစားပုံ ကောင်းခဲ့ပါတယ် ”

” ဒါ့ကြောင့် နေရာတွေမှာ ပြိုင်ဆိုင်မှုတွေ ပိုများသွားလို့ ကျွန်တော်တို့ ပျော်ရွှင်ခဲ့ရပါတယ် ။ ကျွန်တော်တို့ လိုနေခဲ့တာ ဒါပဲလေ ။ ပြီးတော့ ပွဲစဥ်ကို လွှမ်းမိုးနိုင်ဖို့လည်း လိုခဲ့ပြန်ပါတယ် ။ ဗာရန်း ဒဏ်ရာရနေခဲ့တာက ကျွန်တော်တို့ကို နာကျင်စေခဲ့ပါတယ် ။ သူဟာ ခေါင်းဆောင်နိုင်စွမ်းရှိသူ တစ်ဦးပဲလေ ”

” ဒါပေမဲ့ ကျွန်တော်တို့မှာ ဗဟို ခံစစ်မှူးကောင်း သုံးယောက်် ရှိနေသေးဆဲ ဖြစ်ခဲ့ရပါတယ် ။ ဒါက ကောင်းမွန်ခဲ့ပြီး ကျွန်တော်တို့ လိုအပ်နေတဲ့အရာ ဖြစ်ခဲ့ရပါတယ် ။ ဟယ်ရီ တိုက်စစ်ကစားခဲ့တာက ရှင်းပါတယ် ၊ ကျွန်တော်တို့က အခွင့်အရေးတွေ လိုအပ်နေခဲ့တယ်လေ ”

” ခရစ္စတီယာနို နဲ့ ဟယ်ရီ ရှိရင် တိုက်စစ်မှာ ခေါင်းတိုက်နိုင်သူ နှစ်ဦးရှိလာမယ်လေ ။ ကျွန်တော်တို့က ပြိုင်ဖက် ဧရိိယာထဲ တိုက်ရိုက် ကစားလိုခဲ့ကြပြီး ဒါကို မကြာခန ဆိုသလို လုပ်ပြနိုင်ခဲ့ကြပါတယ် ။ ကျွန်တော်တို့ အဲ့ဒီ နေရာကို ဘောလုံး မကြာခနရောက်အောင် ပို့နိုင်ခဲ့ကြပါတယ် ” လို့ တန်ဟတ် က ရှင်းပြသွားခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar